02 January 2010

အစ္စလာမ့်လူနေမှုစနစ်အတွင်းမှအမျိုးသားနှင့်အမျိုးသမီး

ဘာသာပြန်ဆိုသူ၏ အမှာစာ

ချီးမွမ်းခြင်းအပေါင်းတို့သည် စကြ၀ဠာအနန္တအား အဆင့်ဆင့် ပြုစုပျိုးထောင် ဖန်ဆင်းမွေးမြူ ထိန်းသိမ်းစောင့်ရှောက်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာလျှင် ဖြစ်ပါသည်။ ထိုအရှင်မြတ်သည် အသက်ဇီဝိန် တစ်ခုတည်းမှ အမျိုးသားနှင့် အမျိုးသမီးကို အကောင်းဆုံးသော ပုံသဏ္ဍာန်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထိုလူသားတို့၏ ရင်တွင်း၌ပါရှိသော ပညာဓာတ်ခံအား နှိုးဆွရန်နှင့် အကြွင်းမဲ့သစ္စာတရားအား ညွှန်ပြတော်မူရန် ပြီးပြည့်စုံသော မဟာလူသား နဗီတမန်တော်များအား ခေတ်တိုင်းခေတ်တိုင်း လူမျိုးတိုင်း လူမျိုး တိုင်းအတွက် စေလွှတ်တော်မူခဲ့သည်။
လူတို့ သင်းကျစ် ဓမ္မစစ်မှန်ကူ သရဖူထွတ်ထား အန္တိမနဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)သည် စကြ၀ဠာအပေါင်းအတွက် ကရုဏာတော်ရှင်အဖြစ် ပြီးပြည့်စုံသည့် အစ္စလာမ်၏ သတင်းကောင်း ဟောကြားရန် အလို့ငှာ အလ္လာဟ်အရှင်မြတ်က ရွေးချယ်စေလွှတ်ခဲ့သည်။ ထိုတမန်တော်မြတ်၏အပေါ်၌ ခေတ် ကာလတိုင်းနှင့် လျော်ညီသော ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချခဲ့သည်။ ထိုကုရ်အာန်ကျမ်းတော်မြတ်သည် လွန်ခဲ့သောအတိတ်ကာလများတွင် လူသား တို့၏အကျိုးကို သူမတူအောင် အကျိုးပြုနိုင်ခဲ့သည်။ ယခုလည်း အကျိုးပြုနေသည်။ နောင်တွင်လည်း အကျိုးပြုနိုင်ပေလိမ့်ဦးမည်။ လူ့ကမ္ဘာ လူ့လောကတွင် အထွတ်အထိပ်ရောက်လိုသောသူတစ်ဦးသည် ကုရ်အာန်ကျမ်းတော်မြတ် နှင့်
တမန်တော်(صلي الله عليه و سلم)၏ သြ၀ါဒကျမ်းဂန်များကို လေ့လာဆင်ခြင် သုံးသပ်၍ လက်တွေ့ ဘ၀တည်ဆောက်မှု နည်းလမ်းအားရှာဖွေရမည်။ အဘယ်ကြောင့်ဆိုသော် ထိုနည်းလမ်းသည် အနန္တဥာဏ်တော်ရှင် အလ္လာဟ်အရှင်မြတ်ထံတော်မှ လမ်းညွှန်ပြခြင်းခံရသောနည်းလမ်းဖြစ်သည်။ မျက်မှောက်ခေတ်တွင် ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်၏  မုက္ခပါတ်တော်ဖြစ်ကြောင်းကို သိပံ္ပနည်းကျသုတေသနပြု၍ ရေးသားပြုစုထားသော စာတမ်းများ မြောက်မြားစွာပေါ်ထွက်လာပြီး ဖြစ်သည်။
ကျွန်ုပ်တို့ မွေးဖွားရှင်သန်လာသည့်အချိန်တွင် ကမ္ဘာကြီးသည် အိမ်မက်ဟုပင် ထင်ရလောက်အောင် ဘက်စုံကဏ္ဍစုံတွင် ပြောင်းလဲတိုးတက်နေပေသည်။ ထိုသို့ တိုးတက်လာခြင်းနှင့်အတူ လူသားများ၏အသိပညာ၊ အတတ်ပညာ၊ တွေးတောဆင်ခြင်မှုတို့သည်လည်း ပြောင်းလဲတိုးတက်လာသည်။ ထို့အတူ မကောင်းမှု အရင်းအမြစ်များကို လူသား၏ စိတ်ဝိညာဉ်သဏ္ဍာန်အတွင်း ပေါ်ပေါက်လာအောင် လှုံဆော်ပေးသူ ရှိုက်သွာန်အဖျက်အင်အားစုများ၏ ပရိယာယ်မာယာသည်လည်း တိုးတက်လာသည်။ ဥာဏ်ပညာ ကြီးမားသူများက ဥာဏ်ပညာ နည်းပါးသော လူ့အန္ဓများအား လှည့်စားမှု၊ ဖြားယောင်းမှု၊ သွေးဆောင်မှုများလည်း ပြောင်းလဲ တိုးတက်နေပေသည်။ အခါးကို အချိုဖုံး၍ ဆေးခါးကြီးကို တိုက်ကျွေးနေပေသည်။ လျှို့ဝှက်သိပ်သည်းသောနည်းလမ်းဖြင့် ကောက်ကျစ်ယုတ်မာ စဉ်းလဲသော အတွေးအခေါ်၊ အယူအဆ များကို တင်ပြ၍ လူသားအရင်းအမြစ်များကို ဖျက်စီးနေသူ အဖျက်အင်အားစုများအား ဆန့်ကျင်ရန်မှာ လူပီသသော၊ သစ္စာတရားနှင့် ငြိမ်းချမ်းမှုကို လိုလား သူတိုင်း၏ သမိုင်းပေး တာဝန်ပင်ဖြစ်သည်။
မျက်မှောက်ကာလ ယနေ့ကမ္ဘာကြီးတွင် “အမျိုးသမီးဆိုင်ရာလူ့အခွင့် အရေး´´ဟူသော ဝေါဟာရကို တွင်တွင်ကျယ်ကျယ် ဟစ်ကြွေးနေချေသည်။ ဤ ဟစ်ကြွေးသံသည် ကြားနာသူတိုင်း၏နားတွင် အီစိမ့်အောင်ချိုမြ၍ နှစ်လိုဖွယ် ကောင်းလှပေသည်။ ကောင်းမွန်လှပသော စကားများ၏ နောက်ကွယ်တွင်ရှိသော သဘောတရားများကိုမူ သိရှိရန် ကျွန်ုပ်တို့ မကြိုးစားတော့ဘဲ ထိုအရသာတွင် မိန်းမောသာယာနေပေသည်။ ယနေ့ကမ္ဘာ၏ အဖျက်အင်အားစုများသည် အမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးဟု ဟစ်ကြွေးရင်း အမျိုးသမီးများဘ၀ကို အဟိတ်တိရစ္ဆာန်ထက်ပင် နိမ့်ကျအောင် ဖျက်စီး၍ တွန်းပို့နေပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏တာဝန်ကား အမျိုးသမီးများအတွက် စစ်မှန်သော လိုက်လျောညီထွေဖြစ်သော အခွင့်အရေးများကို ရရှိအောင် စွမ်းစွမ်းတမံ ကြိုးပမ်းသင့်ပေသည်။
စာရှုသူများအား အထူးအကြံပြုလိုသည်မှာ- နှလုံးသားကို တံခါးဖွင့် အသိဥာဏ် စေစား၍ လေးလေး နက်နက် တွေးတောဆင်ခြင်ကာ ဤစာအုပ်ကို ဖတ်ရှုရန် တိုက်တွန်း လိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဤစာအုပ်ပါ အကြောင်းအရာများသည် ဘာသာရေး၊ ဒဿနအမြင်နှင့် လူမှုဗေဒတို့အား သုတေသနဆန်စွာ ရေးသားထားပေရာ စာဖတ်သက် “နု´´သူများသည် တစ်ကြိမ်ဖတ်ရုံနှင့် သဘောပေါက်နိုင်ရန်ကား မလွယ်ကူနိုင်ပေ။ အကြိမ်ကြိမ်ဖတ်၊ အထပ်ထပ်တွေးပါက တရေးရေးတော့ ပေါ်လာမည်ဟု ကျွန်ုပ်ထင်မြင်ယူဆမိပါသည်။
ဒေါက်တာလှလှဝင်း
မှတ်ချက်။    တမန်တော်မြတ်ကြီး၏ အမည်နာမကို တွေ့ရှိသောအခါတိုင်း (صلي الله عليه و سلم)ဟူ၍ လည်းကောင်း၊ အခြားသော နဗီတမန်တော်များ၏ အမည်နာမများကို တွေ့ရှိသော အခါတိုင်း(عليه الصلاة والسلام)၊ ဆွဟာဗဟ်သာဝကကြီးများ၏ အမည်နာမများကို တွေ့ရှိသော အခါတိုင်း(رضي الله تعالي عنه)ဟူ၍လည်းကောင်း မေတ္တာပို့သကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ (စာရေးသူ)

ကျမ်းမြတ်ကုရ်အာန်မှ ဖော်ညွှန်းပြဆိုသော အမျိုးသမီး
“အစ္စလာမ်သည် အမျိုးသမီးနှင့် အမျိုးသားအား တန်းတူညီမျှသော လူသားဟု မှတ်ယူပါသလား။ သို့တည်းမဟုတ် အမျိုးသမီးက အမျိုးသားထက် “နိမ့်ကျ´´သည်ဟု မှတ်ယူပါသလား´´ဟူသော မေးခွန်းကို ဖြေဆိုပါမည်။

မိသားစုအခွင့်အရေးကို အထူး အလေးထားသော အစ္စလာမ်၏ဒဿန
အမျိုးသားနှင့် အမျိုးသမီး(သို့မဟုတ်) ယောက်ျားနှင့် မိန်းမတို့၏ အခွင့်အရေးများနှင့် ပတ်သက်၍ အစ္စလာမ်တွင် ထူးခြားပြောင်မြောက်သောဒဿနတစ်ရပ် ရှိ၏။ ယင်းဒဿနမှာကား လွန်ခဲ့သောနှစ်ပေါင်း (၁၄၀၀)က ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များနှင့် ကွဲပြားခြားနားနေသကဲ့သို့ မျက်မှောက်ခေတ် ဖြစ်စဉ်ဖြစ်ရပ်များနှင့်လည်း မတူ၊ တမူထူးခြားနေပေသည်။ အစ္စလာမ် တွင် ယောက်ျားနှင့် မိန်းမသည် အားလုံးသော ကြောင်းခြင်းရာများနှင့် ပတ်သက်၍ တူညီသောအခွင့်အရေးများနှင့် တာဝန်ဝတ္တရား များရှိနေကြ သည်ဟု လက်မခံပါ။ အချို့သောကိစ္စရပ်များအတွက် အမျိုးသားနှင့် အမျိုးသမီးများ၏ အခွင့်အလမ်းများနှင့်တာဝန်ဝတ္တရားများမှာ  ယင်းတို့၏ အနေအထားများမှာ ဆင်တူနေပြီး အချို့သော ကိစ္စရပ်များအတွက်မူ လုံးဝ ကွဲပြားခြားနားနေသည်။ ဤသည်မှာ အခြားသောဒဿနဆိုင်ရာ ကျောင်းတော်ဝါဒများနှင့်မတူ ကွဲပြားခြားနားနေသည်။ အစ္စလာမ်တွင် အမျိုးသမီးအား အထင်အမြင် သေးသိမ်စွာ သိမ်ငယ်နိမ့်ကျသော သတ္တ၀ါအနေနှင့် ရှုမြင် သုံးသပ်ခြင်းမျိုး မရှိသောကြောင့်ပင် ဖြစ်ပေသည်။ အစ္စလာမ် အနေနှင့် ကျား၊ မ ကွဲပြားမှုတွင် အထက်ပါကဲ့သို့ ခွဲခြားမှုမျိုးနှင့် ကင်းလွတ်၍ အခြားသော ပို၍ ခိုင်မာသည့် အကြောင်းခြင်းရာများနှင့်သာ ခွဲခြား ရှုမြင်မှုမျိုးရှိပေသည်။ အသင့်အနေနှင့် အနောက်တိုင်းစနစ်များကို လိုက်နာကြသူများက  အစ္စလာမ်ဆိုင်ရာ မင်္ဂလာခန်းဝင်ကြေးဆိုင်ရာ စည်းကမ်း ဥပဒေသများ၊ အမွေ ထိန်းသိမ်းမှု၊ လင်မယား ကွာရှင်းပြတ်စဲမှု၊ အမျိုးသားတစ်ဦးက ဇနီးတစ်ဦးထက် ပို၍ယူနိုင်မှု စသည့်အချက်များကို ထောက်ပြ၍ အမျိုးသမီးအား ယုတ်ညံ့သိမ်ဖျင်းသောအဆင့်ရောက်အောင် နှိမ့်ချပြောဆို ဟစ်ကြွေးနေမှုကို ကြားဖူးကြပေလိမ့်မည်။ ထိုသူများက အထက်ပါ စည်းမျဉ်း စည်းကမ်း ဥပဒေသများသည် ကြောင်းကျိုး ဆီလျော်မှုမရှိဘဲ၊ ယောက်ျားများကိုသာ မျက်နှာသာပေးသော စည်းမျဉ်းစည်းကမ်းများဖြစ်သည်ဟု လူအများက လွဲမှားစွာလက်ခံ ယူဆလာအောင် လှည့်စားထားလေသည်။ ထို့အပြင် အနောက်တိုင်းသားများက (၂၀)ရာစုမတိုင်မီ၊ ကမ္ဘာ့ သမိုင်းစဉ် တလျှောက်ချမှတ်ခဲ့သည့် အားလုံးသော ဥပဒေသများနှင့် နည်းဥပဒေ များတွင် ယောက်ျားများအား မြင့်မြတ်သည်ဟု မှတ်ယူပြီး မိန်းမများအား ထိုယောက်ျားများ၏ ပျော်ရွှင်မှုနှင့် အကျိုးအတွက် ဖန်ဆင်းထားသည်ဟူသော ယူဆချက်များအရသာ အခြေခံချမှတ် ပြဌာန်းထားသည်ဟု ပြောဆိုကြပေသည်။ အစ္စလာမ်မှပေးသော အခွင့်အရေးများမှာလည်း ယောက်ျားများ၏အကျိုးအတွက်သာ အဓိကထားပြီး ယေဘုယျ စည်းမျဉ်း စည်းကမ်း ဥပဒေသများပေါ်တွင် ချွင်းချက်မရှိ လိုက်နာရသည်သာဖြစ်သည်ဟု ဆိုပြန်သည်။ အနောက်တိုင်းသားတို့က အခိုင်အမာ ပြောကြသည်မှာ “အစ္စလာမ် သည် ယောက်ျားများ၏ သာသနာဖြစ်သည်။´´ အစ္စလာမ်မှ မိန်းမများအား လူသားအဖြစ် အပြည့်အ၀ အသိအမှတ် မပြုဟုဆိုသည်။ ဤသို့ ပြောဆိုကြရ ခြင်းမှာ မိန်းမများအား တန်းတူ အခွင့်အရေး မပေးသောကြောင့်ဟု ဆိုသည်။ ၎င်းင်းတို့က ထောက်ပြကြသည်မှာ အစ္စလာမ်က မိန်းမအား လူသားအဖြစ် အပြည့်အ၀ သတ်မှတ်ပါက ယောက်ျားများအား ဇနီးမယား အများအပြား ယူပိုင်ခွင့်မပြုသင့်။ ယောက်ျားအား ၎င်းမှ စတင် ကွာရှင်း ပြတ်စဲခွင့် မပေးသင့်။ သက်သေခံရာတွင် ယောက်ျားတစ်ယောက်အစား မိန်းမနှစ်ယောက်အား သက်သေခံခွင့် မပေးသင့်။ အမွေဆက်ခံရာတွင်လည်း ယောက်ျားမှရသော ဝေစုဝေပုံ၏ တစ်ဝက်ကိုသာ မိန်းမအား ခံစားခွင့်မပေးသင့်။ မိန်းမများအတွက် `မဟာရ်´ခေါ် မင်္ဂလာခန်းဝင်ကြေး မပေးသင့်။ မိန်းကလေးများအား အုပ်ထိန်းခွင့်ကို ယောက်ျားများအား မပေးသင့်။ မိန်းမများအား စီးပွားရေးနှင့် လူမှုရေး လွတ်လပ်ခွင့် ပေးသင့်သည်ဟူ၍ ဖြစ်သည်။ ဤကိစ္စများနှင့် ပတ်သက်သော အစ္စလာမ်၏ လမ်းညွှန်သင်ကြားချက်များ အားလုံးသည် အစ္စလာမ်မှ အမျိုးသမီးများအား အထင်အမြင်သေးစွာ နှိမ့်ချဆက်ဆံနေကြောင်း အနောက်တိုင်းသားများက ဖော်ပြနေကြသည်။
ယင်းအနောက်တိုင်းသားတို့က ဝေဖန်ကြသည်မှာ အစ္စလာမ်သည် မိမိကိုယ်ကိုမိမိ တန်းတူညီမျှမှုရှိသည့်သာသနာဟု ဟစ်ကြွေးနေပါသော်လည်း မိသားစုဆက်ဆံရေးတွင်ပင် ထိုတန်းတူညီမျှမှုကို မတွေ့နိုင်ပေ။အခွင့်အရေးနှင့် ပတ်သက်၍ ၎င်းတို့က ဆုပ်ကိုင်ထားသည့် ယူဆချက်မှာ အစ္စလာမ်သည် ယောက်ျားများအား ပိုဦးစားပေးခြင်းမှာ ရှင်းလင်း ထင်ရှားသောအချက်ဖြစ်၍ ထိုရပိုင်ခွင့်အားလုံးကို အဘယ်ကြောင့် ယောက်ျားများကိုသာ အပ်နှင်း ထားရပါသနည်းဟူသောယူဆချက် ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ၎င်းတို့၏ ငြင်းခုံချက်များကို ကျိုးကြောင်း ဆက်စပ်၍ စေ့ငစွာ သုံးသပ်ကြည့်လျှင် အစ္စလာမ်မှ မိန်းမများအား လူသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုပါသလား။ သူမတို့အနေနှင့် အခွင့်အရေးများကို ယောက်ျားများ နည်းတူ (သို့မဟုတ်) ယောက်ျာများနှင့် တန်းတူခံစားခွင့် ရှိပါသလား (သို့မဟုတ်) ထိုသို့ ခံစားခွင့်မပေးပါက ၎င်းတို့အား လူသားအဖြစ် အပြည့်အ၀ သတ်မှတ်သည်ဟူသောအချက်ကို ဆန့်ကျင်ရာ ရောက်နေပါသလား ဟူသော အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို တွေ့ရှိနိုင်ပေသည်။

တန်းတူ ညီမျှမှုလား ဆင်တူမှုလား
ဤငြင်းခုံ ဆွေးနွေးမှုမှာ လူသား၏ ဂုဏ်သိက္ခာဟူသည် ကျား၊မနှစ်မျိုးစလုံးအတွက် ယေဘုယျ လိုအပ်ချက်ဖြစ်ပြီး၊ ၎င်းင်းတို့နှစ်ဦးစလုံးက  တူညီသော အခွင့်အရေးများကို ခံစားခွင့် ရှိစေရမည်ဟူသော အကြောင်းပေါ်တွင် အခြေခံထားသည်။  ဤကိစ္စနှင့်ပတ်သက်၍ ထည့်သွင်း စဉ်းစားသင့်သောအချက်မှာ လူ့ဂုဏ်သိက္ခာဟူသည် ကျား၊မ နှစ်ဦးစလုံးအတွက် ခွဲခြားမှုမရှိစေဘဲ၊ ဘ၀အတွက် ၎င်းင်းတို့၏ အခန်းကဏ္ဍအလိုက် တူညီသောအခွင့်အရေးများ ရရှိခံစားခွင့် ရှိစေရမည်ဟူသော အချက်ဖြစ်သည်။ ၎င်းတို့အတွက် တူညီသောအခွင့်အရေးများ ရရှိခံစားစေပါက ၎င်းတို့အတွက် လူသား၏ ဂုဏ်သိက္ခာသည် လည်း တူညီသော အဆင့်အတန်း၌ ရှိစေမည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ။
အနောက်တိုင်း၏ အတွေးအခေါ် အယူအဆများအား မျက်စိ စုံမှိတ်၍ ယုံကြည်နေမည့်အစား ကျွန်ုပ်တို့အနေနှင့် မိမိတို့ဘာသာ လွတ်လပ်သော တွေးခေါ်မှုပြုရန် ကြိုးစားကြည့်မည်ဆိုပါက မိမိတို့၏ စိတ်နှလုံးတွင် ထင်ဟပ်လာမည့် မေးခွန်းတစ်ခုမှာ အခွင့်အရေးများကို တန်းတူပေးခြင်းက အမှန်တကယ် အခွင့်အရေးများကို ဆင်တူရရှိစေပါသလားဟူသောအချက်ပင် ဖြစ်သည်။ အမှန်စင်စစ် “အခွင့်အရေးများကို တန်းတူရရှိခြင်း´´ဟူသော ကိစ္စနှင့် “အခွင့်အရေးများ အလားတူရရှိစေခြင်း´´ ဟူသော ကိစ္စမှာ လုံးဝ ကွဲပြားခြားနားသော အခြင်းအရာများသာ ဖြစ်သည်။ “ဤနေရာတွင် တန်းတူမှုဟူသည် အတိုင်းအတာတန်ဖိုးများ တူညီနေသော အခြေအနေတစ်ရပ်ကို ဖော်ညွှန်းပြီး တစ်ချိန်တည်းမှာပင် ဆင်တူမှုဟူသည် တူညီခြင်းကို ဖော်ညွှန်း သည်။´´  ဖခင်တစ်ဦးအနေနှင့် သူ၏ ချမ်းသာကြွယ်ဝမှုကို ကလေး(၃)ဦးအား (သားသမီး)ညီညီမျှမျှ တန်းတူ ခွဲဝေပေးခြင်းမှာ ဖြစ်နိုင်သော်လည်း အားလုံးကို ထပ်တူညီတူ ခွဲဝေပေးရန်မှာ မဖြစ်နိုင်ပေ။ ထိုသူ၏ ကြွယ်ဝ ချမ်းသာမှုအရ ၎င်းင်း၏ ပိုင်ဆိုင်မှုတွင် စတိုးဆိုင်၊ စိုက်ပျိုးမြေနှင့် အချို့သော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သည်ဟု ဆိုကြပါစို့။ ၎င်းသည် ၎င်း၏ သားသမီးများအား လုပ်ကိုင်ခွင့်ပေးမည်ဆိုပါက သက်ဆိုင်ရာ သားသမီးတစ်ဦးချင်း၏ လုပ်ငန်းအတွေ့အကြုံနှင့် စိတ်ဝင်စားမှု၊ အထုံဝါသနာကိုကြည့်၍ တစ်ဦးကိုစတိုးဆိုင်၊ တစ်ဦးကို စိုက်ပျိုးရန် မြေကွက်နှင့် အခြားပိုင်ဆိုင်မှုများကို တတိယ သားသမီးအားခွဲဝေပေးရမည်။ ဤနေရာတွင် ဖခင်ဖြစ်သူအနေနှင့် သားသမီးတစ်ဦးချင်းအား မျှတသောတန်ဖိုးအရ ခွဲဝေပေးရန် ဂရုစိုက်ရသလို၊ တစ်ဖက်တွင် မိမိပေး အမွေပစ္စည်းသည် သားသမီးတစ်ဦးစီ၏အထုံ ဗီဇ၀ါသနာနှင့် ကိုက်ညီရန်ကိုလည်း အလေးထားရမည်။ ထို့ကြောင့် သူသည် သူ၏ ပိုင်ဆိုင်မှုကို တန်းတူညီတူ ခွဲဝေပေးသော်လည်းတစ်ယောက်နှင့် တစ်ယောက် ထပ်တူညီတူ ခွဲဝေပေးခြင်းမမည်။
အရေအတွက်ဟူသည် အရည်အသွေးမှ ကွဲပြား ခြားနားသကဲ့သို့ တန်းတူမှုဟူသည်လည်း ထပ်တူထပ်မျှဖြစ်မှုမှ ကွဲပြားခြားနားသည်။ အစ္စလာမ်အနေနှင့် ယောက်ျားနှင့် မိန်းမသည် ထပ်တူညီတူဖြစ်သည်ဟု မယုံကြည်၊ တစ်ချိန်တည်းမှာပင် အခွင့်အရေးနှင့် ပတ်သက်၍ ယောက်ျားများအား ဦးစားပေးခြင်းမျိုးကိုလည်းမပြု၊ ကျားနှင့်မအကြား တန်းတူညီမျှမှုဟူသော သဘောတရားကို လက်ခံနိုင်သော်လည်း ၎င်းတို့၏ အခွင့်အရေးများနှင့်ပတ်သက်၍ ထပ်တူညီမျှမှု သဘောတရားကိုမူ ဆန့်ကျင် ကန့်ကွက်သည်။ တန်းတူညီမျှမှုဟူသောဝေါဟာရမှာ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော ဝေါဟာရတစ်ခုဖြစ်ပြီး ခွဲခြားမှုမရှိခြင်းဟူသည့် သဘောကိုညွှန်းဆိုသည်။ ထို့ပြင် သီးခြားတည်ရှိသော မွန်မြတ်သန့်စင်မှု သဘောတရားနှင့်လည်း တွဲဖက်နေပေသည်။ ယင်းဝေါဟာရကို အခွင့်အရေးဟူသော စကားနှင့် တွဲဖက်လိုက်သောအခါ လေးနက်မှုကို ဖြစ်ပေါ်စေခြင်းကား ယင်း၏ ထူးခြားမှုပင်ဖြစ်သည်။
ထို့ကြောင့် “အခွင့်အရေးတန်းတူညီမျှမှု´´ဟူသည် အဘယ်မျှ လှပ၍ မွန်မြတ်သော အရာဖြစ်ပါသနည်း။ တာဝန်သိတတ်သော တစ်နည်းအားဖြင့် တာဝန်ကျေပွန်သောသူတစ်ဦးအနေနှင့် ဤသဘောတရား၏ ညှို့ငင်ဆွဲဆောင်မှုကို လွန်ဆန်နိုင်မည်မဟုတ်။ လက်ရှိဖြစ်ပျက်နေသော အကြောင်းခြင်းရာများသည် မည်သို့ ဖြစ်ပေါ် တည်ရှိလာခဲ့သည်ကို ကျွန်ုပ်တို့ နားမလည်နိုင်ပါ။ သိပံ္ပနှင့်ဒဿနဆိုင်ရာ ရှေ့ဆောင်လမ်းပြသူများသည် ၎င်းတို့၏ အတွေးအခေါ် အယူအဆများကို ယောက်ျားနှင့် မိန်းမတို့အကြားရှိရမည့် အခွင့်အရေးများ၏ တန်းတူညီမျှမှု ဟူသော သဘောတရားကို ကျွန်ုပ်တို့အပေါ်တွင် မည်သို့မည်ပုံ သတ်မှတ်ပြဌာန်း ခဲ့သည်ကိုလည်း မသိနိုင်ပါ။ ဤဖြစ်ရပ်မှာ လူတစ်ဦးက မုန်လာဥပြုတ်ကို ရောင်းပြီး သစ်တော်သီးဆိုင်ဟု အမည်ပေးသကဲ့သို့ အလားသဏ္ဍာန်တူပေသည်။ အစ္စလာမ်သည် ကိစ္စရပ်အားလုံးအတွက် ယောက်ျားနှင့် မိန်းမတို့အား ထပ်တူညီမျှသော အခွင့်အရေးကို ပေးမထားခြင်းမှာ သံသယဖြစ်ဖွယ်မရှိ။ အလားတူ ကျား၊ မနှစ်မျိုးစလုံးအတွက် ထပ်တူညီမျှသော တာဝန်ဝတ္တရားနှင့် အပြစ်ဒဏ်ပေးခြင်းမျိုးလည်းမရှိပါ။ မည်သို့ဆိုစေကာမူ အမျိုးသမီးများအား ပေးအပ်ထားသော အခွင့်အရေးများ၏ စုစုပေါင်းတန်ဖိုးမှာ အမျိုးသားများအား အပ်နှင်းထားသော အခွင့်အရေးများထက် မလျော့နည်းပါ။ ဤအချက်ကို ကျွန်ုပ်တို့ သက်သေပြရန် ကြိုးပမ်းကြပါစို့။ ဤနေရာတွင် ထပ်၍ ပေါ်ပေါက်လာသော မေးခွန်းတစ်ခုမှာ အချို့သော ကိစ္စရပ်များအတွက် ယောက်ျားနှင့် မိန်းမအား မတူညီသော အခွင့်အရေးများ အဘယ်ကြောင့် သတ်မှတ်ပြဌာန်းပေးရသနည်းဟူသော မေးခွန်းဖြစ်သည်။ ၎င်းင်းတို့၏ အခွင့်အရေးများ ထပ်တူမညီခြင်း၊ ကိစ္စရပ်များ အားလုံးအတွက် ညီမျှမှုမရှိခြင်းသည် ပို၍မကောင်းပါ၏လော။ ဤကိစ္စရပ်နှင့် ပတ်သက်၍ အောက်ဖော်ပြပါ ခေါင်းစဉ်(၃)ခုအားဖြင့် ဆွေးနွေးတင်ပြသွားပါမည်။
(၁)    အစ္စလာမ့်ရှုထောင့်မှ အမျိုးသမီး၏ အနေအထားကို သူမ၏ သဘာဝ ရှုထောင့်မှ သုံးသပ်ခြင်း။
(၂)    အမျိုးသမီးနှင့် အမျိုးသားကြားရှိ ရုပ်ပိုင်းဆိုင်ရာ ကွဲပြား ခြားနားချက်၏ အကျိုးသက်ရောက်မှု၊ ၎င်းကွဲပြား ခြားနားမှုက အမျိုးသမီးနှင့် အမျိုးသား၏ အခွင့်အရေးများကို ကွဲပြားခြားနားမှု ဖြစ်စေပါသလော။
(၃)    အစ္စလာမ့် စည်းမျဉ်း စည်းကမ်းများ၏ နောက်ကွယ်တွင်ရှိသော အစ္စလာမ့်ဒဿနအမြင်မှာ မည်သို့ဖြစ်သနည်း။ မည်သည့် ကိစ္စရပ် များတွင် (ကျားနှင့်မအတွက်) ကွဲပြား ခြားနားနေကြသနည်း။ ဤအစ္စလာမ့် ဒဿနအမြင်များသည် ဆက်လက်ခိုင်လုံနေဆဲလော။

အစ္စလာမ့်လူနေမှုစနစ်အတွင်းမှ အမျိုးသမီး၏ အနေအထား
ကျမ်းမြတ်ကုရ်အာန်သည် ဥပဒေသများသက်သက်ကိုသာ စုစည်း တင်ပြထားသော ကျမ်းဂန်ဒေသနာမဟုတ်ပါ။ ၎င်းသည် ငြီးငွေ့ဖွယ်ကောင်း သော စည်းမျဉ်းစည်းကမ်းများ၊ အန္တိမရည်ရွယ်ချက် ပန်းတိုင်များကို ဖွင့်ဆို ရှင်းလင်းမှု မရှိသော ဥပဒေသများသာ ပါဝင်သည့် တရားကိုယ်သဘော လည်းမဟုတ်ပါ။ ယင်းတွင် ဥပဒေသများ၊ သမိုင်းဖြစ်စဉ်ဖြစ်ရပ်များ ဘာသာတရားဆိုင်ရာ တိုက်တွန်း အားပေးမှုများ၊ ဖန်ဆင်းခြင်း၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းလင်းမှုများနှင့် အခြား ထောင်ပေါင်းများစွာသော ကိစ္စရပ်များကို ရှင်းလင်း တင်ပြထားသည်။ ကျမ်းတော် မြတ်ကုရ်အာန်၏ အချို့သောနေရာများတွင် ပြုမူဆောင်ရွက်ရမည့်ကိစ္စရပ်များကို တရားဝင်တိကျသော၊ အမိန့်ပေးသော ပုံသဏ္ဌာန်ဖြင့် ဖော်ပြထားသည်။ အချို့သောနေရာများတွင်မူ ယင်းတို့ကို အဘယ်ကြောင့် ထိုသို့ ဆောင်ရွက်ခိုင်းရခြင်း အကြောင်းအရင်းကို ရှင်းလင်းတင်ပြထားသည်။ ကျမ်းတော်မြတ်ကုရ်အာန်သည် ကမ္ဘာမြေကြီး၏ထူးဆန်း ထွေပြားသော အကြောင်းခြင်းရာများ၊ မိုးကောင်းကင်များ၊အပင်များ၊ တိရိစ္ဆာန်များနှင့် လူသားများ၊ ၎င်းတို့၏ အကြောင်းခြင်းရာများနှင့် ပတ်သက်၍ လူသားများ ဥာဏ်မမှီနိုင်သော အကြောင်းခြင်းရာများကို ရှင်းလင်းဖော်ပြပေးသည်။ ၎င်းအပြင် ရှင်ခြင်းနှင့်သေခြင်း၊ ဂုဏ်သိက္ခာနှင့် ဂုဏ်သရေ ညှိုးနွမ်းခြင်း၊ မြင့်တက်ခြင်းနှင့် ကျဆုံးခြင်း၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဆင်းရဲနွမ်းပါးခြင်းတို့၏ လျှို့ဝှက်ချက်များကို ရှင်းလင်းပြတ်သားစွာ တင်ပြထားသည်။ ကျမ်းမြတ်ကုရ်အာန်သည် ဒဿနဆိုင်ရာ အတွေးအခေါ်များကိုသာ ဖော်ပြထားသည့် ကျမ်းဂန်မဟုတ်ပါ။ ဒဿနပညာရပ်၏ အောက်တွင်ရှိသော အဓိက အကြောင်းအရာကြီး(၃)ရပ်ဖြစ်သည့် ကမ္ဘာလောကအကြောင်း၊ လူသားနှင့် လူ့အဖွဲ့အစည်းတို့အကြောင်းကို အလွန်တိကျသေချာသော ဝေါဟာရများဖြင့် အသေးစိတ် ရှင်းလင်းတင်ပြထားသော ကျမ်းဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်သည် နောက်လိုက်များအား ဥပဒေသများ သက်သက်ကိုသာ သင်ကြားပေးသည်မဟုတ်။ ထို့ပြင် ဘာသာရေးဆိုင်ရာတိုက်တွန်းနှိုးဆော်ချက်များ၊ သတိပေးသွန်သင် ဆုံးမချက်များကိုသာ ဦးစားပေးသော၊ အာတွေ့သော ကျမ်းဂန်လည်းမဟုတ်။ ကျမ်းမြတ်ကုရ်အာန်အားဖြင့် ကိုးကွယ်ရာအရှင်မြတ်၏ ဖန်ဆင်းပြုပြင်တော်မူခြင်းဆိုင်ရာ သဘောတရားများကို ကောက်ချက်ချ နားလည်နိုင်စေခြင်းအပြင်၊ ယင်းကိုလိုက်နာသူများအား တမူထူးခြားသော တွေးခေါ်ဆင်ခြင်မှုများနှင့် အသိအမြင်များ ပေးစွမ်းနိုင်စွမ်းရှိပေသည်။ အစ္စလာမ်၏ လူမှုရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ပိုင်ဆိုင်မှု၊ အစိုးရ၊ မိသားစုဆိုင်ရာအခွင့်အရေးနှင့် ဆိုင်သော အစ္စလာမ့်စည်းမျဉ်းစည်းကမ်း ဥပဒေသများ၏ အခြေခံများသည် ကိုးကွယ်ရာအရှင်၏ ဖန်ဆင်းခြင်းနှင့် အမျိုးမျိုးသော ကြောင်းခြင်းရာများကို အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုပေါ်တွင်မူတည်၍ အခြေခံထားသည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင် ဖွင့်ဆိုရှင်းလင်းထားသော အကြောင်းအရာများအနက်တစ်ခုမှာ အမျိုးသားနှင့် အမျိုးသမီးအား ဖန်ဆင်းခြင်းကဏ္ဍ ဖြစ်သည်။ ဤကဏ္ဍနှင့်ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်သည် နှုတ်ဆိတ်ကာ တိတ်တိတ်နေခြင်း မရှိပါ။ ကျမ်းမြတ်ကုရ်အာန်သည် ကျား၊ မဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေသများနှင့်ပတ်သက်၍ ဒဿနိကပညာရှင်များက မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များကို ဖန်တီး စွက်ဖက်ခွင့်မပြုပါ။ ထို့အတူ ထိုပညာရှင်များအား ကျား၊ မနှစ်မျိုးစလုံးကို  အစ္စလာမ်၏ အထင်သေး နှိမ့်ချသော သဘောထားကြောင့် ခွဲခြားဆက်ဆံခံရသည်ဟူသောအဖြစ်ကို ရေးသားဖော်ပြခွင့်မပြုပါ။ အစ္စလာမ်ကိုယ်တိုင်က အမျိုးသမီးနှင့် ပတ်သက်သော ၎င်းင်း၏ ရှုမြင်ပုံကို ရှင်းလင်းတင်ပြထာသည်။ အမျိုးသမီးများနှင့် ပတ်သက်၍ အစ္စလာမ်၏ ရှုမြင် သုံးသပ်ပုံကို သိရှိရန်မှာ ကျမ်းမြတ်ကုရ်အာန်တွင် ၎င်းတို့၏ မွေးရာပါဗီဇ အကျင့်စရိုက်နှင့် ပတ်သက်၍  မည်သို့ ဖော်ပြထားသည်ကို လေ့လာသင့်ပေသည်။ ဤအချက်နှင့် ပတ်သက်၍ အခြားသော ဘာသာတရားအသီးသီးတွင်လည်း ရည်ညွှန်းဖော်ပြထားသည်။ သို့သော် ကျမ်းမြတ်ကုရ်အာန် တစ်ခုတည်းတွင်သာ ကျားနှင့်မ၏ ဗီဇသဘာဝကို မြောက်မြားစွာသော ကျမ်းပိုဒ်များ၌ အတိအကျ ဖော်ပြထားသည်။ ယင်းမှာ အမျိုးသမီးအား အမျိုးသားနှင့်တူညီသော မျိုးစိတ်တစ်ခုတည်းမှ ဖန်ဆင်းထားကြောင်း ၎င်းင်းတို့ နှစ်မျိုးစလုံးတွင် တူညီသော မွေးရာပါ အကျင့်ဗီဇ လက္ခဏာများ ပါရှိကြောင်းတို့ဖြစ်သည်။ အာဒမ်(عليه الصلاة و السلام)နှင့် ပတ်သက်၍
“ ထိုအရှင်မြတ်သည် သင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းပြုပြင်တော်မူခဲ့သည်။ ၎င်းင်းအပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်းင်း၏ ကြင်ယာ ကြင်ဖက်ကို လည်း ဖန်ဆင်းတော်မူခဲ့လေသည်။´´ (အမျိုးသမီးကဏ္ဍ၊ ၄း ၁) ဟု ဖော်ညွှန်းပြဆိုထားသည်။
လူသားမျိုးနွယ်အားလုံးနှင့် ပတ်သက်၍ ယေဘုယျခြုံ၍ ပြောသည်မှာ- “အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ကြင်ဖော် ကြင်ဖက်ကို သင်တို့အနက်မှပင် ပြုလုပ်တော်မူခဲ့သည်။´´ (စူရာဟ်နိဆာဟ်၊ စူရာဟ်အားလိအင်မရာမ်၊ စူရာဟ်ရူမ်)
အခြားသော ဘာသာတရားဆိုင်ရာ ကျမ်းဂန်များနှင့် ကုရ်အာန်၏ ကွဲပြား ခြားနားချက်မှာ ကျမ်းမြတ်ကုရ်အာန်တွင် အမျိုးသမီးများကို နိမ့်ကျ သိမ်ဖျင်း ယုတ်ညံ့သောအရာမှ ဖန်ဆင်းခံခဲ့ရသည်ဟုလည်းကောင်း၊ လက်ဝဲ ၀ါဒီများ၏ အယူအဆအရ မိန်းမသည် ယောက်ျားများအတွက် “ကပ်ပါး ကောင်´´မျှသာဖြစ်သည်ဟူသော ယူဆချက်များကို တစ်စုံတစ်ရာမျှ ဖော်ပြထား ခြင်းမရှိပေ။ အမျိုးသမီးများ၏ မွေးရာပါဗီဇသဘော သဘာဝနှင့် ပတ်သက်ပြီး အထင်သေးနှိမ့်ချ ရှုမြင်သုံးသပ်မှုမျိုး အစ္စလာမ်တွင် လုံးဝမရှိ။
မကြာသေးသော အတိတ်ကာလတွင် အမျိုးသမီးအပေါ်၌ နှိမ့်ချ ရှုမြင်သည့် အခြားသော သီအိုရီတစ်ရပ်ပေါ်ထွန်းခဲ့သေးသည်။ ယင်းသီအိုရီမှ ကမ္ဘာ့စာပေလောကအတွက် ကျေနပ်နှစ်လိုဖွယ်မကောင်းသော သဲလွန်စများကို ချန်ရစ်ခဲ့လေသည်။ ၎င်းသီအိုရီအရ အမျိုးသမီးများသည် မကောင်းမှု ဒုစရိုက်အသွယ်သွယ်ကို ဖြစ်ပေါ်စေသော အကြောင်းရင်းဖြစ်သည်ဟု ယူဆခဲ့ ကြလေသည်။ သူမတို့၏ ရှင်သန်ခြင်းသည် မကောင်းမှုကို လှုံ့ဆော်ပေးသည်။ အမျိုးသမီးသည် မကောင်းဆိုးဝါးအငယ်စားဖြစ်သည်။ အမျိုးသမီးသည် ပြစ်မှုဒုစရိုက်တိုင်းကို ၀င်ရောက်စွက်ဖက်လေ့ရှိသော်လည်း တကယ်တမ်း ပြစ်မှုကျူးလွန်သူမှာ အမျိုးသားများသာဖြစ်သည်။´´ဟုဆိုကြ၏။ စင်စစ် အမျိုးသားများသည် ပြစ်မှုဒုစရိုက်များမှ လွတ်ကင်းကြသော်လည်း ၎င်းတို့အား ပြစ်မှုကျူးလွန်အောင် ဆွဲခေါ်တိုက်တွန်းသူမှာ အမျိုးသမီးများသာ ဖြစ်ကြ၏။ ရှိုင်သွာန်မိစ္ဆာသည် ယောက်ျားများအား တိုက်ရိုက်ဖျက်စီးခြင်းငှာ မစွမ်းသာ၊ အမျိုးသမီးများ၏ သွေးဆောင်ဖြားယောင်းမှုဖြင့်သာ ရှိုက်သွာန်မိစ္ဆာ၏ ဖျက်ဆီးမှု ကို ခံစားရသည်ဟု ဆိုကြချေ၏။ ရှိုက်သွာန်မိစ္ဆာသည် အမျိုးသမီးများအား ကောက်ကျစ်စဉ်းလဲယုတ်မာညစ်ညမ်းသော ဒွိဟသံသယစိတ်ကို ပေါ်ပေါက်စေရန် လှုံ့ဆော်ပေးသည်။ ထိုမှတဖန် အမျိုးသမီးမှ အမျိုးသားအား ပြစ်မှုဒုစရိုက် ကျူးလွန်အောင် လှုံ့ဆော်တိုက်တွန်းပေးသည်။ အာဒမ်(عليه الصلاة و السلام)သည် အမျိုးသမီးတစ်ဦးကြောင့် ဂျန္နသ် အမတ ဥယျာဉ်ဘုံနန်းမှ ပစ်ချခြင်းခံခဲ့ရသည်။ ရှိုင်သွာန် မိစ္ဆာသည် ဧ၀အား သွေးဆောင် ဖြားယောင်းခဲ့ပြီး ဧ၀က အာဒမ်(عليه الصلاة و السلام)အား တဖန် လှည့်စားခဲ့သည်။ ကျမ်းမြတ်ကုရ်အာန်တွင် ဂျန္နသ်သုခဘုံအဖြစ်အပျက်နှင့်ပတ်သက်၍ ဖော်ပြရှင်းလင်းထာသော်လည်း ရှိုင်သွာန် (သို့မဟုတ်) မြွေနဂါးမှ ဧ၀အား ဖြားယောင်းသွေးဆောင်၍ တဖန် အာဒမ်အား ဧ၀မှ ဖြားယောင်း သွေးဆောင်ခဲ့သည့် အဖြစ်အပျက်ကို မည်သည့်နေရာတွင်မျှ ဖော်ပြခြင်းမရှိပါ။ ကျမ်းမြတ်ကုရ်အာန်သည် ဧ၀အား ပြစ်တင် ရှုံ့ချခြင်း မရှိသကဲ့သို့ သူမ၏ အပြစ်မရှိကြောင်း ကိုလည်း ထုတ်ဖော်တင်ပြထားခြင်း မရှိပါ။ကျမ်းမြတ်ကုရ်အာန်တွင်-
“ ငါ(အလ္လာဟ်အရှင်မြတ်သည်) အာဒမ်(عليه الصلاة و السلام)အား ဤသို့ မိန့်ကြားတော်မူ၏။ အို-အာဒမ် (عليه الصلاة و السلام) အသင်သည် မိမိ၏ ကြင်ယာ (ဟောင်ဝါ)နှင့်တကွ ဂျန္နသ်(အမတသုခဘုံ)၌ နေထိုင်၍ သင်တို့ ဇနီးမောင်နှံနှစ်ဦးသည် ထိုသုခဘုံတွင် အလိုရှိရာနေရာမှ အာသာဆန္ဒ ရှိသမျှတို့ကို (လွတ်လပ်စွာ ယူငင်ပြီး) ဖောသီဝပြောစွာ စားသုံးကြကုန်။ သို့ရာတွင် သင်တို့သည် ထိုအပင်၏အနီးအနားသို့ မချဉ်းကပ် ကြနှင့်။ (အကယ်၍ ထိုအပင်၏ အနီးသို့ ချဉ်းကပ်၍ ထိုအပင်၏ အသီးအနှံကို စားသုံးမိကြလျှင်) အသင်တို့သည် ပြစ်မှုကျူးလွန်သူများတွင် အပါအ၀င် ဖြစ်ကြကုန်လတ္တံ့။´´  (ကုရ်အာန် ၂း၃၅)
ဤနေရာတွင် အလ္လာဟ်အရှင်မြတ်မှ အာဒမ်ဇနီးမောင်နှံအား အသင်တို့ ဇနီးမောင်နှံနှစ်ဦး ဟူသော နာမ်စားကိုသုံး၍ ပြောနေသည့်အချက်မှာ အထင်အရှားဖြစ်သည်။ ထို့ပြင် ရှိုင်သွာန်မိစ္ဆာမှ သူတို့နှစ်ဦးစလုံးအား ဒွိဟသံသယစိတ် (မကောင်းသော နှိုးဆော်တိုက်တွန်းမှု) ဖြစ်စေရန်ပြုလုပ်သည်။ ထိုရှိုက်သွာန် မိစ္ဆာကောင်က ၎င်းင်းတို့နှစ်ဦးအား ပရိယာယ်မာယာဖြင့် တဖြည်းဖြည်း သွေးဆောင်လေသည်။ ထို့နောက် သူတို့နှစ်ဦးအား သစ်ပင်မှ အသီးကို မြိုချစေ၏။ ထို့နောက် မိစ္ဆာမှပြောသည်မှာ
“ဧကန်မလွဲ ကျွန်ုပ်သည် သင်တို့နှစ်ဦး၏ ကောင်းရာကောင်းကြောင်း ကိုသာ လိုလားသူသာလျှင် ဖြစ်ပါသည်။´´ (ကုရ်အာန် ၇း၂၁)
မှတ်ချက်-  ဖော်ပြပါကျမ်းပိုဒ်အရ အာဒမ်နှင့် ဇနီးမောင်နှံ နှစ်ဦးစလုံးအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ရှိသလို ၎င်းင်းတို့နှစ်ဦးစလုံး ရှိုင်သွာန်မိစ္ဆာ၏ ဖြားယောင်း သွေးဆောင်မှုကို ခံခဲ့ရသည်မှာ အထင်အရှား ဖြစ်သည်။
ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်သည် ယင်းကိုထုတ်ပြန်ပို့ချခဲ့သည့် နောက်ပိုင်းပေါ်ပေါက်ခဲ့သည့် အမျိုးသမီးနှင့်ပတ်သက်သော မှားယွင်းသည့် အယူအဆကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သကဲ့သို့ လက်ရှိကာလတွင် ထိုအယူအဆနှင့် ပတ်သက်၍ “သံယောင်လိုက်´´ နေကြသော ကမ္ဘာ့ဒေသအသီးသီးမှ မှားယွင်းသောအယူအဆများကို ဆက်လက်ဆန့်ကျင်ဆဲ ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်မှ အမျိုးသမီးအား “မကောင်းမှုဒုစရိုက် အသွယ်သွယ်ကို ဖြစ်အောင် လှုံ့ဆော်ပေးသူ´´ ဟူသောအဖြစ်မှ လွတ်မြောက်စေသလို သူမအား “မကောင်းဆိုးဝါး အငယ်စား´´အဖြစ်မှလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သည်။ လက်ရှိကာလအထိ လက်ခံယုံကြည်နေကြသည့် အမျိုးသမီးနှင့် ပတ်သက်၍ နှိမ့်ချရှုမြင်သည့် အခြားအယူအဆတစ်ခုမှာ အမျိုးသမီးများ၏ နာမ်ပိုင်းဆိုင်ရာ အရည်အသွေးနှင့် ပတ်သက်သည်။ ဤအယူအဆအရ အခိုင်အမာ ဆိုနေကြသည်မှာ အမျိုးသမီးများသည် ဂျန္နသ်အမတသုခဘုံသို့ မ၀င်ရောက်နိုင်ဟူသော အယူအဆဖြစ်သည်။ အမျိုးသမီးများအနေနှင့် နာမ်ပိုင်းဆိုင်ရာနှင့် ၀ိညာဉ်ဆိုင်ရာ အဆင့်အတန်းများသို့ လွှမ်းခြုံနိုင်စွမ်း မရှိဟုဆိုကြသည်။ သူမအနေနှင့် ယောက်ျားများကဲ့သို့ ကိုးကွယ်ရာအရှင်နှင့် နီးကပ်နိုင်သောအဆင့်သို့ မရောက်ရှိနိုင်ဟုဆိုသည်။ သို့သော် ကျမ်းမြတ်ကုရ်အာန်၏ မြောက်မြားစွာသောကျမ်းပိုဒ်များတွင် အာခိရသ်ခေါ် နောင်တမလွန်ဘ၀အတွက် ဆုလာဘ်များနှင့် အလ္လာဟ်အရှင်နှင့် နီးကပ်မှုသည် ကျားမလိင်ကွဲပြားမှုနှင့်မဆိုင်။ လူသားတစ်ဦးချင်း၏ ယုံကြည်မှုနှင့် လုပ်ရပ်အပေါ်၌သာမူတည်ကြောင်း အတိအလင်း တင်ပြထားပြီးဖြစ်သည်။ ထို့အပြင် ကျမ်းမြတ်ကုရ်အာန်တွင် ကြီးကျယ်မြင့်မြတ်သော သူတော်စင် အမျိုးသားနှင့် ယှဉ်လျှက် သူတော်စင်မိန်းမမြတ် (တော်ဝင်မိန်းမမြတ်)များအကြောင်းကိုလည်း ဖော်ပြထားသည်။ ထို့အပြင် ကျမ်းမြတ်ကုရ်အာန်မှ တော်ဝင်အမျိုးသမီးများဖြစ်ကြသော အာဒမ်(عليه الصلاة و السلام)၊ အီဗရာဟီမ်(عليه الصلاة و السلام)တို့၏ ဇနီးများနှင့် တမန်တော်မူဆာ(عليه الصلاة و السلام)နှင့် အီဆာ(عليه الصلاة و السلام)တို့၏ မိခင်ကြီးများအား တော်ဝင် မိန်းမမြတ်ကြီးများအဖြစ် ချီးမွမ်း ထောပနာပြုထားပေသည်။ ထို့ပြင် ၎င်းကျမ်း၌ တမန်တော် လူး(عليه الصلاة و السلام)က၊နှင့် တမန်တော်နူဟ်(عليه الصلاة و السلام)တို့၏ ဇနီးများအား မြင့်မြတ်သော သူတော်စင် တမန်တော်များ၏ ဇနီး မပီသသော၊ မထိုက်တန်သော မိန်းမများ အဖြစ် ဖော်ပြသော်လည်း ဖိရ်အောင်ဘုရင်၏ဇနီးဖြစ်သော အာစီယာသခင်မအား လျစ်လျူမရှုဘဲ ကောက်ကျစ်ယုတ်မာလှသော လူယုတ်မာ၏ လက်အတွင်းမှ အလွန်သန့်စင်မွန်မြတ်လှသော နှလုံးသားပိုင်ရှင် အမျိုးသမီးအဖြစ် ဖော်ပြပြီး ချီးမြှောက်ထားပေသည်။
ကျမ်းမြတ်ကုရ်အာန်တွင် ပါရှိသော အဖြစ်အပျက်၊ အကြောင်းအရာများတွင် တစ်ဖက်စောင်းနင်း မဟုတ်ဘဲ ချိန်ခွင် လျှာမျှအောင် ဘက်ညီညီ တင်ပြထားပေသည်။ ၎င်း၏ သူရဲကောင်းများမှာ အမျိုးသားချည်းသာမက အမျိုးသမီးအာဇာနည် ခေါင်းဆောင်များလည်း ပါဝင်နေပေသည်။ တမန်တော်မူဆာ(عليه الصلاة و السلام)၏ မိခင်ဖြစ်သူနှင့် ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်က ပြောသည်မှာ-
“သင်မသည် ထိုမူဆာအား သေတ္တာထဲသို့ထည့်လော့။ ထို့နောက် အသင်မသည် သူ့အား (သေတ္တာနှင့်တကွ) မြစ်ထဲသို့ မျှောချလော့။ ထိုအခါ ထိုမြစ်ရေသည် သူ့အား ကမ်းခြေသို့ ရိုက်ခတ်၍ ဆိုက်ရောက်စေမည်။´´ (စူရာဟ်သွာဟာ ၂၀း၃၉)
ယေရှုသခင် (တမန်တော်အီဆာ)က၏ မိခင်နှင့် ပတ်သက်၍ကား ကျမ်းမြတ်ကုရ်အာန်က ဖော်ပြသည်မှာ သူမသည် ၀ိညာဉ်ပိုင်းဆိုင်ရာ မြင့်မားသော အဆင့်အတန်းကို ရရှိထားသည်။ ထို့ကြောင့် သူမသည် ၀တ်ကျောင်းတော်အတွင်း တရားဘာဝနာပွားများနေသောအချိန်တွင် မလာအိကာ(ဟ်) ကောင်းကင်တမန်များနှင့် စကားပြောလေ့ရှိကြောင်း ဖော်ပြထား သည်။ သူမအနေဖြင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို “သဘာဝလွန် အရင်းအမြစ်များ´´(လူ့လောက အလွန်ရှိ၊ မမြင်နိုင်သောလောက ဥပမာ-ကောင်းကင်ဘုံ)မှ ရရှိစားသောက်လေ့ရှိကြောင်းကိုလည်း ဖော်ပြထားသည်။ သူမ၏ အံ့မခန်း ရင်သပ်ရှုမောဖွယ် ၀ိဥာဏပိုင်းဆိုင်ရာ အဆင့်အတန်းနှင့် ပတ်သက်၍ ထိုအချိန်ကာလက တမန်တော်ဖြစ်သူ ဇကရိယာကသခင်ကိုပင် မှင်တက်အံ့သြစေခဲ့သည်။
အစ္စလာမ့်သမိုင်းတွင် အလွန်ထင်ရှား ကျော်ကြားသော သူတော်စင် အမျိုးသမီးများ မြောက်မြားစွာရှိခဲ့သည်။ ကျွန်ုပ်တို့၏ မဟာတမန်တော်မြတ်ကြီး(صلي الله تعالي عليه و سلم)၏ ချစ်လှစွာသော ဇနီးသည် ခတီဂျာသခင်မကြီး (رضي الله تعالي عنها)၏ အဆင့်အတန်းကိုရခဲ့သော အမျိုးသားဦးရေမှာ အနည်းငယ်မျှသာဖြစ်သည်။ ထို့အတူ တမန်တော်မြတ်(صلي الله تعالي عليه و سلم)၏ ချစ်သမီးဖာတိမာဟ်သခင်မ(رضي الله تعالي عنها)၏ အဆင့်အတန်းနှင့် တူညီသော အမျိုးသားမှာ တမန်တော်(صلي الله تعالي عليه و سلم)ကိုယ်တော်တိုင်နှင့် အလီသခင်(رضي الله تعالي عنه)တို့သာဖြစ်သည်။ ဇဟ်ရာဟ်သခင်မ(رضي الله تعالي عنها)၏ အဆင့်အတန်းမှာ သူမ၏ သားတော်များဖြစ်သော အီမာမ်များ၏ အဆင့်အတန်းထက်မြင့်မားသည်။  အစ္စလာမ်သည် အလ္လာဟ်အရှင်မြတ်ထံချီတက်ရာ ခရီးလမ်းကြောင်းတွင် ကျား၊ မ-ခွဲခြားမှုမျိုးလုံးဝမရှိ။ သို့သော် နဗီ၊ ရစူလ်တမန်တော်အဖြစ်ရွေးချယ်ရာတွင်မူ တမန်တော်၏ တာဝန်ဝတ္တရားများကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ရာတွင် အမျိုးသားကသာပို၍ “သင့်တော်´´ သောကြောင့် နဗီ၊ တမန်တော်ပွင့်ပေါ်ခြင်းကို အလ္လာဟ်ထံမှ လူသားများထံသို့ အပြန်ခရီးဟူ၍ ဖော်ပြလေ့ရှိသည်။
အမျိုးသမီးနှင့် ပတ်သက်၍ နှိမ့်ချရှုမြင်သည့် အခြားသော သီအိုရီတစ်ခုမှာ ဗြဟ္မစရိယကျင့်ခြင်း၊ အမျိုးသမီးများကို စွန့်လွှတ်ခြင်းတို့နှင့် သက်ဆိုင်သည်။ များစွာသော ဘာသာတရားများက “လိင်ဆက်ဆံမှုကို ညစ်ညမ်းသောအရာ´´ဟု ရှုမြင်ကြသည်။ ယင်းဘာသာတရားများ၏ ယုံကြည်သူများ၏ ယုံကြည်ချက်မှာ ၎င်းင်းတို့၏ ဘ၀သက်တမ်းတစ်ခုလုံးကို ဗြဟ္မစရိယကျင့်ခြင်းဖြင့် ကုန်လွန်စေသူများသာလျှင် ၀ိညာဉ်ပိုင်းဆိုင်ရာ မြင့်မားသော အဆင့်အတန်းကို ရရှိနိုင်သည်ဟုဆိုကြ၏။ ထင်ရှားကျော်ကြားသော ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်တစ်ဦးကပြောသည်မှာ “လက်ထပ် ထိမ်းမြားခြင်းဟူသော သစ်ပင်ကိုအပျို၊ လူပျိုစစ်စစ် ဖြစ်ခြင်းဟူသော ပုဆိန်ဖြင့် ခုတ်လှဲကြ´´ဟု ဆိုသည်။ ဤသို့သော ဘာသာရေးခေါင်းဆောင်များက လက်ထပ်ထိမ်းမြားခြင်းကို အကုသိုလ်နည်းပါးစေရန် အောင့်အည်း ချုပ်တီးခြင်း ဖြစ်သည်ဟုဆိုကြ၏။  တစ်နည်းဆိုသော် များစွာသောသာမန်လူသားများက ယင်းတို့၏ အာသာဆန္ဒများကို မထိန်းချုပ်နိုင်ခြင်းကြောင့် ဗြဟ္မစရိယကျင့်ခြင်းကို မစွမ်းဆောင်နိုင်ပေ။ ထို့ကြောင့် ခေါင်းဆောင်များမှ အိမ်ထောင် သားမွေးမှုကို ရှောင်ကြဉ်၍ ဗြဟ္မစရိယကျင့်ခြင်းကို ထိန်းသိမ်းရန် ဆော်သြကြသည်။ သာမန်လူများအနေဖြင့် ၎င်းတို့ အာသာဆန္ဒပြင်းပြမှုများကြောင့် မိန်းမအများအပြားနှင့် တရားမ၀င် လိင်ဆက်ဆံမှုကို ပြုမိမည် စိုးရိမ်ရသောကြောင့် မိန်းမတစ်ယောက်နှင့် တရားဝင် လက်ထပ်ထိမ်းမြားခြင်းဖြင့် အခြားမိန်းမများနှင့် တရားမ၀င်ဆက်ဆံမှုမှ ထိန်းသိမ်းနိုင်မည်။ ဤလူကြီးလူကောင်းများက ရှေ့နေလိုက်ပြောကြသည်မှာ အမျိုးသမီးများကို စွန့်လွှတ်၍ ဗြဟ္မစရိယကျင့်ခြင်းက ပို၍ ကောင်းသည်ဟု ဆိုသည်။ ၎င်းတို့သည် အမျိုးသမီးများအား ဒွိဟသံသယဖြင့် ရှုမြင်ကြပြီး၊ အမျိုးသမီးများအပေါ် ချစ်ခင်မြတ်နိုးခြင်းသည် ကြီးမားသော ကိုယ်ကျင့်တရားဆိုင်ရာ မကောင်းမှုဟု ရှုမြင်နေကြခြင်း ဖြစ်သည်။
အစ္စလာမ်မှ အထက်ဖော်ပြပါ ရယ်ရွှင်ဖွယ်ကောင်းသည့်လုပ်ရပ်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။ အစ္စလာမ်မှ လက်ထပ်ထိမ်းမြားခြင်းကို အလေးအနက်ထားသည်။ ထို့ပြင် ဗြဟ္မစရိယကျင့်ခြင်းကို ညစ်ညမ်းသောကိစ္စဟု ယူဆသည်။ အစ္စလာမ်က အမျိုးသမီးများအား “တရားဝင်ချစ်ခင်မြတ်နိုးခြင်း´´သည် ကောင်းမြတ်သော အကျင့်စရိုက်အဖြစ် လမ်းညွှန်ဖော်ပြထားသည်။ ထို့ပြင် ယင်းအကျင့်အမူသည် တမန်တော်မြတ်(صلي الله تعالي عليه و سلم)၏မွန်မြတ်သောအကျင့် ဓလေ့တော်ပင်ဖြစ်သည်။
တမန်တော်မြတ်မှ မိန့်ဆိုတော်မူသည်မှာ “ကျွန်ုပ်သည် သုံးခုသောအရာကို နှစ်မြို့တော်မူ၏။ ရေမွှေး၊ အမျိုးသမီး၊ ၀တ်ပြုဆုတောင်းခြင်းတို့ဖြစ်သည်။´´
ဘာထရန်ရပ်ဆဲလ်က ပြောကြားသည်မှာ “အစ္စလာမ်ကလွဲလျှင် အားလုံးသော ဘာသာတရားများမှ လိင်ဆက်ဆံမှုအပေါ် သံသယ လက်တဆိတ်စာလောက်နှင့်သာ ကြည့်ရှုပေသည်။ အစ္စလာမ်မှ လူမှုရေး ရှုထောင့်နှင့်သာကြည့်ပြီး၊ အမျိုးသမီးနှင့် အမျိုးသားတို့အကြား လိင်ဆက်နွယ်မှုများအပေါ် စည်းကမ်းတင်းကျပ်စွာ ချမှတ်ကန့်သတ်ထားသော်လည်း ညစ်ညမ်းသောအရာအဖြစ်ကား မမြင်ဟုဆိုသည်။´´
အမျိုးသမီးနှင့် ပတ်သက်၍ ယခုအချိန်အထိ လက်ခံထားသော နှိမ့်ချ အထင်သေးသည့် သီအိုရီတစ်ခုမှာ အမျိုးသမီးအား အမျိုးသား၏ အကျိုးငှာ ဖန်ဆင်းခဲ့သည်ဟူသော အယူအဆဖြစ်သည်။ ဤကဲ့သို့သောကိစ္စနှင့် ပတ်သက်၍ အစ္စလာမ်မှ ပြောကြားထားခြင်းမရှိ။ ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကိုလည်း ရှင်းလင်းပြတ်သားသော ဝေါဟာရများဖြင့် ဖော်ပြထားပြီးဖြစ်သည်။ ကမ္ဘာဂြိုဟ်၊ မိုးကောင်းကင်လေထု၊ မိုးတိမ်များ၊ သစ်ပင်၊ ပန်းမာန်များနှင့် အဟိတ်တိရစ္ဆာန်များကို လူသားမျိုးနွယ်များ၏ အကျိုးငှာပြုလုပ်ဖန်ဆင်းထားသည်။ အမျိုးသားအတွက် အမျိုးသမီးကို ဖန်ဆင်းထားသည်ဆိုသော အချက်အား အစ္စလာမ်မှ ပြောကြားထားခြင်းမရှိပါ။ အစ္စလာမ်၏ သဘောထားအရ အမျိုးသားနှင့် အမျိုးသမီးနှစ်မျိုးစလုံးကို ၎င်းင်းတို့အချင်းချင်း အပြန်အလှန် အကျိုးပြုစေခြင်းငှာ ရည်ရွယ်တော်မူ၍ ဖန်ဆင်းထားသည်။
ကျမ်းမြတ်ကုရ်အာန် တွင် “ယင်းဇနီးမိန်းမများသည် အသင်တို့အဖို့ရာ (အရှက်အိနြေ္ဒကို လုံခြုံစွာဖုံးကွယ်သော ၀တ်စားတန်ဆာများကဲ့သို့) ဖြစ်ကြ၏။ ထိုနည်းတူစွာ အသင်တို့သည် ထိုဇနီးမိန်းမများအဖို့ရာ (အရှက်အိနြေ္ဒကို လုံခြုံစွာ ဖုံးကွယ်သော ၀တ်စားတန်ဆာများကဲ့သို့)ပင် ဖြစ်ကြလေသည်။´´ (ကုရ်အာန် စူရာဟ် ဘကရာ ၂း၁၈၇)
အမျိုးသမီးနှင့် ပတ်သက်၍ ရှေးဦးမစွကတည်းကရှိခဲ့သော အခြား သီအိုရီတစ်ခုမှာ အမျိုးသမီးများသည် မရှောင်လွှဲနိုင်သော မကောင်းမှု အနိဌာရုံ တစ်ခုခုဟု ထင်မြင်ယူဆနေခြင်း ဖြစ်သည်။ ရှေးအခါက မြောက်မြားစွာသော လူများသည် အမျိုးသမီးများအား အထင်သေးစွာ ရှုမြင်ကြသည်။ သူမအား အားလုံးသော မကောင်းမှုများ၊ ကံကြမ္မာဘေးဆိုး များ၏ အရင်းအမြစ် ဖြစ်သည်ဟု ယူဆကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် “အမျိုးသမီးသည် အမျိုးသားများအတွက် နိအ်မသ် စည်းစိမ်တစ်ရပ်အဖြစ် လည်းကောင်း၊ ၎င်းင်းတို့၏ သက်တောင့်သက်သာရှိမှုနှင့် စိတ်အေးချမ်းသာမှု အတွက် အရင်းအမြစ်ဖြစ်သည်´´ဟု အလေးအနက် ထားဖော်ပြထားသည်။အမျိုးသမီးနှင့် ပတ်သက်၍ အထင်အမြင်သေးစွာ ရှုမြင်သုံးသပ်သည့် အခြားသီအိုရီတစ်ခုမှာ (အမျိုးသမီး၏) ကလေးမွေးဖွားခြင်း အခန်းကဏ္ဍနှင့် ဆက်စပ်လျှက်ရှိသည်။ အစ္စလာမ်မတိုင်မီ အာရဗ်လူမျိုးများနှင့် အခြားသော လူ့အဖွဲ့အစည်းများတွင် အမျိုးသမီးအား အမျိုးသား၏ မျိုးစေ့ကို ထိန်းသိမ်း သိုလှောင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ထည့်စရာသိုစရာပစ္စည်းအဖြစ် ယူဆခဲ့ကြခြင်း ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်၏ မြောက်မြားစွာသော ကျမ်းပိုဒ်များတွင် “ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးမှ ဖန်ဆင်းတော်မူခဲ့လေသည်။´´ ဤအယူအဆနှင့်တူညီသော အယူအဆများကို ကျမ်းမြတ်ကုရ်အာန်၏ အခြားသောကျမ်းပိုဒ်များတွင် ကောက်ချက်ချဖော်ပြ ထားကြောင်း အဋ္ဌကထာဋီကာရှင်များက ဖွင့်ဆိုကြသည်။ ထို့ကြောင့် အစ္စလာမ်သည် အထက်ဖော်ပြပါ မှားယွင်းသော အယူအဆများကို အဆုံးသတ်စေခဲ့သည်။ အထက်ဖော်ပြပါ ဆွေးနွေးတင်ပြချက်များအရ အစ္စလာမ်သာသနာတွင် အမျိုးသမီးများပေါ်၌ နှိမ့်ချရှုမြင်သည့်အမြင်မျိုး လုံးဝမရှိကြောင်း သိသာ ထင်ရှားပေသည်။ ယခု အမျိုးသမီးနှင့် အမျိုးသားရရှိသောအခွင့်အရေးများ ထပ်တူညီမျှမှုမရှိရသော အကြောင်းအရင်းကို စစ်ဆေးရန် အချိန်ကျရောက်လာပါပြီ။

ထပ်တူညီမျှခြင်း “မရှိ´´ နှင့် တန်းတူညီမျှခြင်း “ရှိ´´
မိသားစုဆက်ဆံရေး၊ ကျားမဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ အစ္စလာမ်တွင် ထူးခြားသော အတွေးအခေါ်တစ်ရပ်ရှိသည်။ ယင်းအတွေးအခေါ်သည် နှစ်ပေါင်း(၁၄၀၀)က ကျင့်သုံးခဲ့သော လူမှုဆိုင်ရာ ကျင့်ထုံးများနှင့် ကွဲပြားခြားနားသလို မျက်မှောက်ကာလတွင် ကျင့်သုံးနေသော နည်းစနစ်များနှင့် လည်း ကွဲပြားခြားနားပေသည်။
အမျိုးသမီးနှင့် အမျိုးသားကြား တူညီ၊ မတူညီဟူသောအချက်မှာ အငြင်းပွားဖွယ်မရှိကြောင်း ကျွန်ုပ်တို့ တင်ပြပြီးဖြစ်သည်။ ထို့အတူ ၎င်းတို့၏ မိသားစုဆိုင်ရာ အခွင့်အရေးနှင့် ပတ်သက်၍ တူညီသော တန်ဖိုးထားမှုရှိသင့်၊ မရှိသင့်ဟူသောအချက်ကိုသာ အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း တင်ပြပြီးဖြစ်သည်။ အစ္စလာမ့်ရှုထောင့်မှကြည့်လျှင် ကျား၊ မနှစ်မျိုးစလုံးသည် လူသားများဖြစ်သောကြောင့် တူညီသောအခွင့်အလမ်းများကို ခံစားသင့်ပေသည်။
ကျား၊ မနှစ်ဦးကြား လိင်ကွဲပြားခြားနားမှုကြောင့် များစွာသောကဏ္ဍများတွင် ၎င်းတို့သည် ထပ်တူထပ်မျှ မဖြစ်နိုင်ဟူသောအချက်ကို အလေးပေး စဉ်းစားသင့်ပေသည်။ ၎င်းတို့၏ မွေးရာပါ ဗီဇသဘာဝအရ ထပ်တူညီမျှရှိရန် မလိုအပ်ပေ။ ဆိုလိုသည်မှာ များစွာသောကဏ္ဍများ ဥပမာ-၎င်းတို့၏အခွင့်အရေးများ၊ တာဝန်နှင့်ဝတ္တရားများ ပြစ်ဒဏ်ပေးခြင်းစသည်တို့တွင် ၎င်းတို့နှစ်ဦးသည် ထပ်တူ ထပ်မျှမဖြစ်သင့်ပေ။ ယခုအခါ အနောက်တိုင်း တွင် ၎င်းတို့၏အခွင့်အရေးများ၊ တာဝန်၊ ၀တ္တရားများနှင့် ပြစ်ဒဏ်ပေးခြင်း စသည်တို့တွင် ၎င်းတို့နှစ်ဦးသည် ထပ်တူထပ်မျှမဖြစ်သင့်ပေ။ ယခုအခါ အနောက်တိုင်းတွင် ၎င်းတို့၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို တန်းတူညီတူဖြစ်အောင် အားထုတ်နေသည်။ ယင်းသို့ ၎င်းတို့၏ ကြိုးစားအားထုတ်ခြင်းသည် ကျား၊ မတို့၏ မွေးရာပါဗီဇနှင့် သဘာဝကွဲပြား ခြားနားခြင်းကို လျစ်လျူရှုရန် ကြိုးစားခြင်းဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ အနောက်တိုင်းစနစ်နှင့် အစ္စလာမ့်ရှုထောင့်တို့ကြား၌ အမြင်ကွဲပြားခြားနားမှု ရှိပေသည်။ ကျွန်ုပ်တို့တွင် ဖြစ်ပွားနေသော အငြင်းအခုံမှာ အစ္စလာမ်၏အခွင့်အရေးများကို ထောက်ခံသူများနှင့် အနောက်တိုင်းစနစ်ကို ထောက်ခံသူ များကြားတွင်ရှိနေသော အငြင်းအခုံဖြစ်သည်။ ယင်းမှာ ကျား၊ မဆိုင်ရာအခွင့်အရေးများကို တူညီစေခြင်း(သို့မဟုတ်) ဆင်တူစေခြင်းသာဖြစ်ပြီး ကျား၊ မနှစ်ဦးကြားရှိ အခွင့်အရေးများကို ထပ်တူညီစေခြင်း မဟုတ်ပါ။ အမှန်စင်စစ် အခွင့်အရေးတန်းတူညီမျှခြင်းဟူသော အညွှန်းစာတမ်းကို အနောက်တိုင်းသားများ၏ စိတ်ဝင်စားမှုတွင် မှားယွင်းစွာ တွဲဖက်ခြင်းခံရမှုသာ ဖြစ်သည်။ ဤစာရေးသူအနေနှင့် မိမိ၏ ဟောပြောပို့ချမှုများနှင့် ရေးသားချက်များ တွင် အထက်ဖော်ပြပါ လွဲမှားသော အညွှန်းစာတမ်းကို အမြဲရှောင်ကြဉ်သလို အခွင့်အရေးများကို ထပ်တူစေခြင်းဟူသော သီအိုရီအား တန်းတူညီမျှခြင်းဟူ သော အမည်ပေး၍ မတူမတန် နှိမ့်ချမှုမျိုးကိုလည်း ဘယ်သောအခါမျှ မပြုခဲ့။ (၂၀)ရာစုအကြိုကာလ၊ ဥရောပတိုက်တွင် အမျိုးသမီးများကို တရားမျှတမှုမရှိဘဲ ခွဲခြားဆက်ဆံခြင်းသည် ထင်ရှားသော ဥပမာဖြစ်သည်။ (၂၀)ရာစု၏ အစဦးပိုင်း ကာလတိုင်အောင် ဥရောပတိုက်ရှိ အမျိုးသမီးများ၏ လူသားဆိုင်ရာ အခွင့်အရေးများကို တရားဝင်ရော လက်တွေ့ကျကျပါ ပိတ်ပင်တားမြစ်ခြင်းခံရသည်။ သူမတို့တွင် အမျိုးသားများနှင့် တန်းတူညီမျှသော အခွင့်အရေးမရခဲ့သလို၊ ဆင်တူညီမျှသော အခွင့်အရေးများကိုလည်း မရရှိခဲ့ပေ။ လွန်ခဲ့သော ဆယ်စုနှစ် များအတွင်း အမျိုးသမီးနှင့်ဆိုင်သော လှုပ်ရှားမှုများကို အရေးတကြီး အစောတလျှင် ဆောင်ရွက်ခဲ့သောကြောင့် အမျိုးသားများကဲ့သို့ အလားတူ အခွင့်အရေးများကို အနည်းနှင့်အများဆိုသလို ခွင့်ပြုပေးသော်လည်း သူမတို့ သဘာဝ အခြေအနေနှင့်အညီ ရသင့်ရထိုက်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို တန်းတူ ညီမျှမှုမရရှိခဲ့ပါ။ အကယ်၍ အမျိုးသမီးအနေနှင့် သူမတို့၏ အိမ်တွင်းရေးပျော်ရွှင်မှုနှင့် တန်းတူအခွင့်အရေးများ လိုချင်ပါက သူမအနေနှင့် ထပ်တူအခွင့်အရေးများ ရယူလိုမှုဟူသော အယူအဆကို စွန့်လွှတ်ရမည်။ ဤသည်မှာ ကျားမနှစ်ဦးအကြားတွင် ဖော်ရွေပျူငှာသော ဆက်ဆံရေးကို ထူထောင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသို့ ဆောင်ရွက်ခြင်းအားဖြင့် အမျိုးသားများအနေနှင့် အခွင့်အရေးများ ထပ်တူ ညီမျှမှုကို လက်မခံသော်လည်း သူမတို့အား သူမတို့ မတောင်းဆိုသော ကိစ္စအတွက်ပင်လျှင် လှည့်စားမှုမရှိဘဲပို၍ အခွင့်အရေးများ ပေးလိုသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။
အလားတူပင် မွတ်စလင်မ် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးက အမျိုးသားနှင့် အခွင့်အရေးများ တန်းတူညီမျှခံစားခွင့် လက်တွေ့ရရှိနေသည်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့ မကြာခဏ ထောက်ပြပြောဆိုနေသကဲ့သို့ အမျိုးသမီး အနေအထားကို ပြန်လည် ဆန်းစစ်သုံးသပ်ရန်မှာ မလုပ်မဖြစ်လုပ်ရန် လိုအပ်နေသောကိစ္စဖြစ်သည်။ သမိုင်းစဉ်တစ်လျှောက် (အမျိုးသမီးများအတွက်) ငြင်းပယ် ခြင်းခံခဲ့ရသော အစ္စလာမ်မှ အာမခံချက်ပေးထားသည့် မြောက်မြားလှစွာသော အခွင့်အရေးများကို ၎င်းတို့အတွက် ပြန်လည်ဖော်ထုတ် ပေးသင့်ပါသည်။ မည်သို့ပင်ဆိုကာမူ အနောက်တိုင်း၏ လူနေမှုပုံသဏ္ဌာန်ကို ကျွန်ုပ်တို့ အနေနှင့် မျက်စိစုံမှိတ်လိုက်၍ အတုမခိုးသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ပြုပြင်ဖန်တီးမှုများ၏ ကြီးမားလှသောအကျိုးကျေးဇူးကို ၎င်းတို့ ကိုယ်တိုင် ခံစားနေရသောကြောင့်ဖြစ်သည်။ ဤနေရာတွင် ကျားမဆိုင်ရာ အခွင့်အရေးများ၏ ထပ်တူညီမျှ မဖြစ်နိုင်ဟူသော ကျွန်ုပ်တို့၏ ဆိုလိုချက်မှာ ယင်းတို့၏ မွေးရာပါဗီဇ ကွဲပြားခြားနားသည့် အခြေအနေများပေါ်တွင် ကန့်သတ်ထားချက်ကိုသာ ဆိုလိုသည်။ တရားမျှတမှု သဘောတရားကိုမူ ဦးစားပေးသင့်ပေသည်။ ယင်းတို့၏ အိမ်တွင်းရေးပျော်ရွှင် နှစ်သက်မှုကို ပို၍သေချာစေပြီး လူအဖွဲ့အစည်းရှေ့ဆက် ဖွံဖြိုးတိုးတက်မှုကို ပို၍ တွန်းအားပေးနိုင်ရန်မှာ ယင်းတို့၏ “မွေးရာပါသဘာဝဆိုင်ရာ အခွင့်အရေးများ´´ကို ပိုမိုကောင်းမွန် အောင်ဖြည့်စွက်ရန် လိုအပ်ပေ သည်။
ကျွန်ုပ်တို့အခိုင်အမာဆိုထားသည့်အတိုင်း ကျား၊ မနှစ်ဦးအကြား တရားမျှတမှုရှိရန် လိုအပ်ကြောင်း တောင်းဆိုနေသောသဘောကို သတိရသင့်ပါ သည်။ အချို့သော ကိစ္စရပ်များအတွက် ကျား၊ မနှစ်ဦးကြားရှိ အခွင့်အရေးများတွင် ထပ်တူညီမျှမှုမရှိနိုင်။ ဤကိစ္စမှာ အခွင့်အရေးများ၏ ဒဿနနှင့် ဆက်စပ်နေသောကြောင့်  ဒဿနဆိုင်ရာကဏ္ဍနှင့် (၁၀၀%) ပတ်သက်နေပါသည်။ ထို့အပြင် တရားမျှတမှုနှင့် လူမှုရေးအရ စာနာထောက်ထားမှုသဘောတရားနှင့်လည်း ဆက်စပ်နေပေသည်။ အစ္စလာမ့် တရားဥပဒေ၏ အခြေခံအကျ ဆုံးသော သဘောတရားမှာ အစ္စလာမ်၏ အလယ်ခေတ်နှောင်းပိုင်း ဒဿနပညာဖြစ်ပြီး အထက်ဖော်ပြပါ ပြဿနာနှင့်လည်း ဆက်စပ်နေပေသည်။ လူမှုရေးအရ စာနာထောက်ထားမှုဟူသည့် အယူအဆတစ်ရပ် ဖြစ်ပေါ်တည်ရှိနေရခြင်းအကြောင်းမှာ ကျိုးကြောင်း ဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ် ပြဋ္ဌာန်းမှုကြားရှိ ကိုက်ညီမှုဆိုင်ရာ ဒဿနတစ်ရပ်ကြောင့် ဖြစ်သည်။ အစ္စလာမ့် နည်းဥပဒေအရ အချို့သောတိကျသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လူမှုရေး ဆိုင်ရာ တောင်းဆိုမှုများအတွက် ဥပဒေတွင် သီးသန့် ပုံသဏ္ဌာန်ရှိရမည် ဖြစ်ပြီး ၎င်းသည် ၎င်းနှင့် ဆန့်ကျင်သော အခြားမည်သည့် ငြင်းခုံမှုအတွက်မဆို သဘာဝတရားမျှတမှုနှင့် အခြေခံအခွင့် အရေးများကို ထိပါးခွင့်လုံးဝမရှိ။ လူမှုရေးဆိုင်ရာ စာနာထောက်ထားမှု သဘောတရားကို လမ်းညွှန်နှိုးဆော်ရင်းမှ မွတ်စလင်မ် စာပေပညာရှင်များက အခွင့်အရေးဆိုင်ရာ ဒဿနများ၏ အခြေခံ သဘောတရားကို ချမှတ်ခဲ့ကြသည်။ သို့ရာတွင် ယင်းသို့သော ကောင်းမြတ်သည့် လုပ်ရပ်ကို အစပြုခဲ့ကြသော်လည်း နှစ်လိုဖွယ်မကောင်းသော သမိုင်းဆိုင်ရာ ဖြစ်စဉ်များနောက် ကောက်ကောက်လိုက်ခဲ့ကြသဖြင့် ၎င်းတို့ စတင်ခဲ့သည့် ကောင်းမြတ်သောလုပ်ငန်းကို ဆက်လက် မဆောင်ရွက်နိုင်ခဲ့ပေ။ ထို့ကြောင့် လူ့အခွင့်အရေးနှင့် ပတ်သက်သော ပြဿနာကို လည်းကောင်း၊ လူမှုရေးဆိုင်ရာ စာနာထောက်ထားမှုကိုလည်းကောင်း၊ ပထမဦးဆုံး အာရုံထားပြီး အလေးပေး ဆောင်ရွက်သူများမှာ မွတ်စလင်မ်များသာဖြစ်သည်။ ထိုမျှတဆင့် ရှေ့သို့တိုးပြီး ကိုယ်ပိုင်ဖြစ်သော၊ မိမိဘာသာ တည်ရှိသော သဘောများကို မည်သည့် ပဋိညာဉ် စာချုပ်များနှင့်ဆိုင်သော ဥပဒေနှင့်မျှ မသက်ဆိုင်စေပါ။ မွတ်စလင်မ်များသည် သဘာဝတရားအရ ရရှိသင့်ရရှိထိုက်သော လူသားများ၏ မွေးရာပါ အခွင့်အရေး နှင့်ဆိုင်သော နယ်ပယ်အတွင်း ဦးစွာပထမ ကြိုးပမ်း အားထုတ်ခဲ့ကြသူများဖြစ် သည်။
သို့သော် မွတ်စလင်မ်များနှင့် အထက်ပါ အားထုတ်မှု၏ ရေစက် (အကြောင်းပါမှု)ကား အလွန်ဆုံး အေဒီ(၈)ရာစုနောက်ပိုင်းလောက်အထိသာ ဖြစ်ခဲ့၏။ အေဒီ(၈)ရာစု နောက်ပိုင်း၌ မွတ်စလင်မ်များမှ ထိုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲနှင့် ဥရောပအသိပညာရှင်၊ အတတ်ပညာ ရှင်များ ဒဿနိကပညာရှင်များက ယင်းစနစ်ကို ဆက်လက် တန်ဖိုးထား လုပ်ဆောင်ခဲ့သည်။ ဥရောပပညာရှင်များက လူမှုရေး၊ နိုင်ငံရေးနှင့် စီပွားရေး ဆိုင်ရာဒဿနများကို ဖော်ထုတ်ခဲ့ပြီး လူသားတစ်ဦးချင်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများက လူ့အသက်နှင့် လူ့အခွင့်အရေး ဟူသော သဘောတရားများကို လူသားများနှင့် ရင်းနှီးကျွမ်းဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။
မွေးရာပါအခွင့်အရေးများကို ရယူနိုင်အောင် လုပ်ဆောင်ရာတွင် အရှေ့တိုင်းသား မွတ်စလင်မ်များကို ဟန့်တားသည့်အရာများမှာကား သမိုင်းဝင် အကြောင်းအရင်းများအပြင် စိတ်ပိုင်းဆိုင်ရာနှင့် ဒေသဆိုင်ရာအကြောင်းတရားများလည်း ပါရှိပေသည်။ ဤသည်ကား ကျွန်ုပ်တို့၏ ထင်မြင် ယူဆချက်ပင် တည်း။
ဤသည်မှာ အရှေ့တိုင်းနှင့် အနောက်တိုင်း၏ စိတ်ဓါတ်ရေးရာ ကွဲပြား ခြားနားမှုတစ်ခု ဖြစ်သည်။ အရှေ့တိုင်းသားများသည် ကိုယ်ကျင့်တရား (သို့မဟုတ်) လူကျင့်ဝတ်ကို စွဲမက်နှစ်သက်တတ်ပြီး အနောက်တိုင်းသားများက အခွင့်အရေး ကို ပို၍ဦးစားပေးတတ်သော သဘောရှိသည်။  အရှေ့တိုင်းသားများသည် အနောက်တိုင်းသားများထက် ပို၍ သံယောဇဉ်တွယ်တတ်သောသဘော ရှိသည်။ ၎င်းတို့အနေနှင့် အမျိုးသမီးအပေါ်တွင် ခွင့်လွှတ်တတ်သော ညှာတာ ထောက်ထားတတ်သော ပရဟိတအတွက် ဆောင်ရွက်တတ်သော သဘောရှိသည်ဟု မိမိတို့ ကိုယ်ကို ယုံကြည်ကြသည်။ သို့သော် အနောက်တိုင်းမှ ယောက်ျားသားများအနေနှင့် လူသားဟူသည် မိမိ၏ အခွင့်အရေးကိုသိရန် လိုအပ်သလို ထိုအခွင့်အရေးကို ခုခံကာကွယ်ရန်လည်း လိုအပ်သည်ဟု ယူဆကြသည်။ ယင်းတို့၏ အခွင့်အရေးကို ချိုးဖောက်လာခြင်းကိုလည်း လုံးဝခွင့်မပြုကြ။
လူလူချင်း စာနာမှုအတွက် ကျင့်ဝတ်သိက္ခာသည် လိုအပ်သလို အခွင့်အရေးသည်လည်း အရေးကြီးသည်။ “မနုဿဝါဒ´´သည် အခွင့်အရေး နှင့် ကျင့်ဝတ်သိက္ခာနှစ်မျိုးစလုံးနှင့် ပတ်သက် ဆက်နွယ်နေပါသည်။ ဤအရည်အသွေး နှစ်ရပ်စလုံးတွင် မည်သည့်အရာ တစ်ခုတည်းကမျှ လူသား၏ မြင့်မားသောအရည်အသွေး စံချိန်စံညွှန်း မဟုတ်ပါ။ အစ္စလာမ်တွင် ကိုယ်ကျင့် သိက္ခာနှင့် လူ့အခွင့်အရေးနှစ်ခုစလုံး အပေါ် တစ်ပြိုင်နက် အလေးထားသလို ကြီးမားသော ခွဲခြားမှုကိုလည်း ပြုခဲ့သည်။
ထိုသို့ အလေးအနက်ထားမှု ခွဲခြားမှုများကို ယခုတိုင် ဆက်လက်ပြုလုပ်ဆဲ ဖြစ်သည်။ အစ္စလာမ်တွင် ရိုးသားဖြောင့်မတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ စင်ကြယ်ခြင်း စသော အကျင့်သီလများသည် မြင့်မြတ်သော ကျင့်ဝတ်သိက္ခာဆိုင်ရာ အရည်အသွေးများဖြစ်သည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ဦး၏ အခွင့်အရေးများကိုသိခြင်း၊ ယင်းအခွင့်အရေးများအတွက်ခုခံရန် အသင့်ရှိမှု တို့သည် မြင့်မြတ်မှု အဆင့်တူညီကြသကဲ့သို့ လူသားလည်းဆန်ပေသည်။
မည်သို့ပင်ဖြစ်စေကာမူ အရှေ့တိုင်း၏ စိတ်ဓါတ်ပိုင်းဆိုင်ရာကို မွတ်စလင်မ်များ၏ လွှမ်းမိုးမှုကြောင့် အစဦးပိုင်းတွင် လူ့ကျင့်ဝတ်နှင့် အခွင့်အရေး များသည် ၎င်းင်းတို့၏ ဦးတည်ချက်များတွင် ပါဝင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ၎င်းင်းတို့၏ လုပ်ဆောင်မှုမှာ တဖြည်းဖြည်း လူ့ကျင့်ဝတ်သိက္ခာပိုင်းသို့သာ နယ်သတ်မှတ် ခံခဲ့ကြခြင်းဖြစ်သည်။
မည်သို့ဖြစ်စေ၊ ယခုအခါ ကျွန်ုပ်တို့သည် အခွင့်အရေးနှင့် ပတ်သက်သော ပြဿနာကိုသာ ထည့်သွင်းစဉ်းစားနေခြင်းဖြစ်သည်။ ၎င်းင်းသည် ဒဿနဆိုင်ရာ ပြဿနာအဖြစ် အကျယ်တ၀င့် စီစစ်သုံးသပ်ရန် လိုအပ် နေပေသည်။ ဤသည်မှာ တရားမျှတမှုနှင့် အခွင့်အရေး၏ မှန်ကန်သော သဘောသဘာဝနှင့် ပိုမိုနီးစပ်စွာ ဆက်စပ်နေသည်။ တရားမျှတမှု၊ အခွင့်အရေး နှင့် ပတ်သက်သော ဥပဒေဟူသည် ကမ္ဘာပေါ်တွင် ယခုတိုင် မရှိသေးပါ။ တရားမျှတမှုနှင့် အခွင့်အရေးဟူ သည်ရှိနေပြီးသော “အရှိတရားများ´´ ဖြစ်သောကြောင့် ယင်းတို့၏အနက် အဓိပ္ပာယ်ကိုလည်း မည်သည့် ဥပဒေနှင့်မျှ  ပြောင်းလဲပစ်နိုင်မည်မဟုတ်။
မွန်တက်စ်ကွေးမှ ပြောသည်မှာ “တရားဥပဒေများကို လူသားများ မပြုလုပ်မီကတည်းက တည်ရှိနေသော လူသားတို့၏ ဆက်နွယ်မှုများသည် အရှိတရားများကို လွှမ်းမိုးထားသည့် ဥပဒေသများပေါ်တွင် အခြေခံ မှီတည်ခဲ့ကြသည်။ ဤသို့သော ဆက်နွယ်မှုများရှိခဲ့ခြင်းကပင် တရားဥပဒေ များကို`ဘောင်´ ကန့်သတ်နိုင်ခဲ့သည်အထိ ဦးဆောင်လမ်းပြပေးနိုင်သည်။ လူသားတို့၏ ဆက်နွယ်မှုများကို တရားသောနည်းနှင့်ဖြစ်စေ၊ မတရားသောနည်းနှင့်ဖြစ်စေ၊ ထိန်းသိမ်းရန်အလို့ငှာ တရားဥပဒေများကို ဘောင်ခတ်ကန့်သတ်ခြင်းသည် စက်ဝိုင်းတစ်ခုကို လက်တွေ့ဆွဲကြည့သည်နှင့် သဘောတရားတူသည်။ ဆိုလိုသည်မှာ စက်ဝိုင်းတစ်ခုကို တကယ်ဆွဲမပြီးမချင်း မျဉ်းများမှာ ညီတူညီမျှမဖြစ်နိုင် (သို့မဟုတ်) ညှိယူ၍မရနိုင်ဟူသော သဘောဖြစ်သည်´´ဟု ဆိုခဲ့ချေသည်။
ဟာဘတ်စပင်ဆာမှ ပြောသည်မှာ “တရားမျှတမှုဟူသည် ခံစားမှု များကို ကျော်လွန်ပြီးသကာလ လူသားများ၏ သဘာဝအခွင့်အရေးများနှင့်  ဆက်နွယ် လျက်ရှိသည်။ တရားမျှတမှုကို လက်တွေ့ကျင့်သုံးရန်မှာ သဘာဝ အခွင့်အရေးများ ကိုလေးစားရန် လိုအပ်ပေသည်။´´
ဥရောပပညာရှင်အများစုက လူ့အခွင့်အရေးများအား တရားဝင် ဖွင့်ဟကြေညာခြင်းသည် သဘာဝဆိုင်ရာ အခွင့်အရေးများမှ ဆင်းသက်လာ သည်ဟု ရှုမြင်သုံးသပ်နေကြသည်။ တစ်နည်းအားဖြင့်ဆိုရသော် သဘာဝ အခွင့်အရေးများနှင့် ဆိုင်သော သီအိုရီဟူသည် အခွင့်အရေးများကို တရားဝင် ဖွင့်ဟကြေညာခြင်း ပုံစံတစ်မျိုးဖြစ်သည်ဟု ယူဆနိုင်သည်။ ကျွန်ုပ်တို့ သိထားပြီးဖြစ်သည့်အတိုင်း မွန်တက်စ်ကွေးနှင့် ဟားဘက် စပင်ဆာတို့မှာ အလယ်ခေတ်အစ္စလာမ့် ဒဿနပညာရှင်များကဲ့သို့ပင် တရားမျှတမှုနှင့် ပတ်သက်၍ အကောင်း အဆိုးနှင့်ဆိုင်သော ဆင်ခြင်တုံတရား၊ လူမှုရေးစာနာ ထောက်ထားမှုဆိုင်ရာ သဘောတရားများကို တူညီစွာ တင်ပြခဲ့ကြခြင်း ဖြစ်သည်။ မွတ်စလင်မ်ပညာရှင်များအနက် အချို့ကား မွေးရာပါ အခွင့်အရေးများရှိခြင်းကို ငြင်းဆန်ကြသော်လည်း ထိုတရာမျှတမှုအား ပဋိညာဉ် အခွင့်အရေးအဖြစ် လက်ခံ ထိန်းသိမ်းထားသည်။ ထိုနည်းတူစွာ ဥရောပ တိုင်းသားများကြားတွင်လည်း ထိုကဲ့သို့သော အခွင့်အရေးများနှင့် ဆိုင်သည့် ယုံကြည်မှုမျိုး ရှိနေသည်ကို တွေ့နိုင်ပေသည်။ သို့သော် အင်္ဂလိပ် ဒဿနပညာရှင် သောမတ်(စ်) ဟော့ဘက်စ်ကမူ တရားမျှတမှုအား အစစ်အမှန် ရှိအပ်သော အရှိတရားအဖြစ်မှ ငြင်းဆန်သည်။

လူ့အခွင့်အရေး ကြေငြာခြင်းသည် ဒဿနတစ်ရပ်သာဖြစ်၍ ဥပဒေသ တစ်ခုမဟုတ်ခြင်း
အားလုံးနှင့်ဆိုင်သော လူ့အခွင့်အရေးကို ထုတ်ပြန်ကြေညာခြင်း၊ ယင်းကြေညာခြင်းမှ ကျားမအကြား အခွင့်အရေးများ တန်းတူရရှိစေခြင်းအပေါ်၊ အာမခံချက်ပေးနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပါလီမန်မှ တရားဝင်အတည်ပြုရုံ မျှဖြင့် ထိုနိုင်ငံမှကျားနှင့်မအကြား အခွင့်အရေးများ တန်းတူရရှိနိုင်စေသည် ဟူသော ယူဆချက်မှာ ရယ်ရွှင်ဖွယ်ကောင်းသော ကိစ္စရပ်ဖြစ်သည်။
အမှန်စင်စစ် နိုင်ငံတစ်နိုင်ငံ၏ ပါလီမန်အနေနှင့် လူ့အခွင့်အရေး ကြေညာခြင်း ယင်းအကြောင်းအရာများကို သတ်မှတ်အတည်ပြုခြင်း၊ ပယ်ဖျက် ခြင်းများသည် တရားစီရင်ပိုင်ခွင့် အာဏာတွင် အကျုံးမ၀င်ပါ။ ထိုနည်းတူ ပဋိညာဉ်သဘောလည်း မဆောင်သောကြောင့် ယင်းသည် ဥပဒေပြု အာဏာပိုင် များ၏ လုပ်ပိုင်ခွင့်နှင့်လည်း မသက်ဆိုင်ပေ။
အားလုံးနှင့်ဆိုင်သော လူ့အခွင့်အရေးကြေညာခြင်းသည် လူသား၏ မွေးရာပါ အခွင့်အရေးဖြစ်သကဲ့သို့ ထာဝရအကျိုးသက်ရောက်မှုရှိသောမချိုး ဖောက်နိုင်သည့် အခွင့်အရေးများနှင့်လည်းပတ်သက်သည်။ ၎င်းအခွင့်အရေး များကို လူ့အခွင့်အရေးအဖြစ် ကြေညာသောအခါ ယင်းတို့သည် လူ့ဂုဏ်သိက္ခာ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်၍ အလိုအလျှောက်ပင် စွမ်းအားရှိအောင် ပြုပေးသကဲ့သို့ဖြစ်သည်။ တစ်နည်းဆိုသော် ယင်းအခွင့်အရေးများမှာ တူညီသော အကြောင်းအရင်းခံများကြောင့် ဖြစ်လာရသည်။ ယင်းတို့မှပင် လူသားအား ဥာဏ်စွမ်းရည်ဆန္ဒနှင့် ဂုဏ်သိက္ခာများ အပ်နှင်းဖြစ်ပေါ်စေသည်။
ဤသို့ လူ့အခွင့်အရေးကြေညာခြင်းဆိုင်ရာ အကြောင်းအရာများသည်  သဘောသဘာဝအရ၊ လူ့ဂုဏ်သိက္ခာ၏ အစိတ်အပိုင်းတစ်ခုဖြစ်နေသည်ဆိုလျှင် အာဏာပိုင်များမှ ထိုအခွင့်အရေးများကို မိမိတို့စိတ်ကြိုက်ချမှတ်ခွင့်မရှိပါ။ ၎င်းင်းအပြင် အခွင့်အရေးများမှ ရှောင်ဖယ်၍ သတ်မှတ်ခွင့်လည်းမရှိပါ။ သို့ဆိုလျှင် ကျား၊ မ တို့၏ အခွင့်အရေးများကို အကျိုးအကြောင်း သင့်လျှော်စွာ စနစ်တကျ ဆင်ခြင်မှုကို စီစဉ်မည့်ဥပဒေပြု အာဏာပိုင်အဖွဲ့တစ်ခု မည်သို့ ပေါ်ထွက်လာနိုင်ပါမည်နည်း။
အမှန်မှာ လူ့အခွင့်အရေးကြေညာခြင်းသည် ဒဿနဆိုင်ရာ အတွေး အခေါ်တစ်ရပ်သာဖြစ်ပြီး ဥပဒေသတစ်ခုမဟုတ်ပါ။ ထို့ကြောင့် ယင်းအခွင့် အရေးများကို အကျိုးသင့်အကြောင်းသင့်ဆင်ခြင်ခြင်းသည် အတွေးအခေါ်ပညာရှင်များ၏ အလုပ်သာဖြစ်ပြီး ဥပဒေပြုအာဏာပိုင်များ၏ တာဝန်မဟုတ်ပါ။ အချေအတင် စကားစစ်ထိုးခြင်း၊ မဲခွဲဆုံးဖြတ်ခြင်းအားဖြင့် မည်သည့်ပါလီမန်မျှ ဒဿနတစ်ရပ်ကို ချမှတ်နိုင်မည်မဟုတ်။ သို့မဟုတ်လျှင် အိုင်စတိုင်း၏ ရီလေတစ်ဗတီဆိုင်ရာ သီအိုရီ (သို့မဟုတ်) အခြားဂြိုဟ်များအပေါ်တွင် သက်ရှိများတည်ရှိနိုင်သည်ဟူသော ရှင်းလင်းပြတ် သားသည့် ထုတ်ဖော်ကြေညာ ချက်များအား  ပါလီမန်တွင် ကြီးကျယ်ခမ်းနားသော အခမ်းအနားကြီးများဖြင့်  အဘယ်ကြောင့် ဖြန့်ချိမိတ်ဆက်မပေးကြပါသနည်း။
အမှန်စင်စစ် သဘာဝဥပဒေတစ်ခုကို ပဋိညာဉ်တစ်ခုကဲ့သို့ သတ်မှတ် အတည်မပြုနိုင်သကဲ့သို့ ပယ်ဖျက်ခွင့်လည်းမရှိ။ သဘာဝဥပဒေသ တစ်ခုကို အတည်ပြု လက်ဆင့်ကမ်းရန်မှာ ဥပဒေ၏အကျိုးသက်ရောက်မှုကို လက်ဆင့် ကမ်းခြင်း သဘောသက်ရောက်သည်။ ဥပမာဆိုရသော် သစ်တော်သီးမှ ပန်းသီးကို ကိုင်းဆက်ကိုင်းကူးခြင်းကဲ့သို့ဖြစ်ပြီး၊ ယင်းဖြစ်စဉ်မှာ အောင်မြင် နိုင်သော်လည်း သစ်တော်ပင်မှ ပိုးစာပင်သို့ ကိုင်းဆက်ကိုင်းကူးခြင်းမှာတော့ မအောင်မြင်နိုင်။ လူ့အခွင့်အရေးများ ကြေညာခြင်း၊ ထုတ်ပြန်အတည်ပြုခြင်းကို ဒဿနိကပညာရှင်တစ်စုမှ ထုတ်ပြန်အတည်ပြုသောအခါ နိုင်ငံတိုင်းမှ ယင်းထုတ်ပြန်ချက်ကို မိမိနိုင်ငံ၏ အတွေးအခေါ်ပညာရှင်များအား ရည်ညွှန်း ကိုးကားစေသင့်သည်။ ၎င်းင်းတို့၏ပညာရှင်များက ထောက်ခံသောအခါ သက်ဆိုင်ရာ နိုင်ငံအနေနှင့် ထိုသတ်မှတ်ပြဌာန်းချက်ကို အပိုလိုက်နာရသော တရားဝင် အချက်အလက်အဖြစ် လိုက်နာကျင့်သုံးအပ်သည်။ ဥပဒေပြု အဖွဲ့အစည်းအနေနှင့်လည်း ယင်းသတ်မှတ်ပြဌာန်းထားသည့် လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မကိုက်ညီသော မည်သည့်ဥပဒေသကိုမျှ ထုတ်ပြန်ခွင့်မရှိ။
သို့သော် ထုတ်ပြန်ထားသော အခွင့်အရေးတစ်ရပ်သည် သဘာဝကျ သော အခွင့်အရေးအဖြစ် သက်သေမပြနိုင်သရွေ့ အခြားနိုင်ငံများအနေနှင့် မိမိတို့၏ကိုယ်ပိုင်အမြင် သုံးသပ်ချက်အရသာ လိုက်နာကျင့်သုံးလိုက ကျင့်သုံး ကြမည်ဖြစ်သည်။ ရှေ့ဆက်ဆိုရမည်ဆိုလျှင် လူ့အခွင့်အရေး ထုတ်ပြန်ကြေညာ ခြင်းအမှုသည် စမ်းသပ်စစ်ဆေးလိုက်၊ ပယ်ဖျက်လိုက်၊ အသစ်ပြုလိုက် လုပ်ဆောင်ရမည့် ပြဿနာမဟုတ်ပါ။ ထိုသို့ ပြုလုပ်ရန်မည်သည့် လက်တွေ့ စမ်းသပ်ခန်းများမျှ မလိုအပ်သလို၊ မည်သည့်ကိရိယာပစ္စည်းမျှလည်း လိုအပ်မည် မဟုတ်။ ထိုကိရိယာပစ္စည်းများနှင့် စမ်းသပ်ခန်းများမှာ ဥရောပတိုက်တွင်သာ ရကောင်းရနိုင်မည်ဖြစ်သည်။ ဤပြဿနာမှာ စမ်းသပ်ရှာဖွေရမည့် ပြဿနာ မဟုတ်ဘဲ ဒဿနဆိုင်ရာ ပြဿနာဖြစ်သည်။ ယင်းအတွက် လိုအပ်သော ကိရိယာတန်ဆာပလာများမှာလည်း ဦးနှောက်၊ ဆင်ခြင်တုံတရားနှင့် အငြင်းအခုံ ပြုခြင်းဆိုင်ရာ စွမ်းအားများသာဖြစ်သည်။
အချို့သော နိုင်ငံများအနေနှင့် မိမိတို့၏ ဒဿနဆိုင်ရာ အတွေး အခေါ်များကို မပြည့်စုံမလုံလောက်ဟု ယူဆကြသောကြောင့် အခြားနိုင်ငံ အများစုက လက်ခံထားသော ယုတ္တိဗေဒနှင့် တက္ကဗေဒ ဒဿန အတွေး အခေါ်များကို လက်ခံလိုက်နာကျင့်သုံးရန် အတင်းအကြပ် မဖြစ်မနေ ပြုလုပ် လေ့ရှိသည်ကို တွေ့နိုင်သည်။ ကျွန်ုပ်တို့ မွတ်စလင်မ်များ အနေနှင့်ကား ၎င်းင်းတို့ကို နမူနာယူစရာမလိုပါ။ အတိတ်ခေတ် သမိုင်း အထောက်အထား များအရ ကျွန်ုပ်တို့ မွတ်စလင်မ်များအနေနှင့် တက္ကဗေဒနှင့် အတွေးအခေါ် ဆိုင်ရာ ပြဿနာများကို မြင့်မားစွာစွမ်းဆောင်နိုင်သူများဖြစ်သည်ကို အထင်အရှားပြသနိုင်ခဲ့ပြီဖြစ်သည်။ ယနေ့ကျမှ အဘယ်ကြောင့် သူတစ်ပါး၏ နောက်လိုက်လုပ်သင့်ပါသလား။
အံ့သြစရာကောင်းသည့်အချက်မှာ မွတ်စလင်မ် အသိပညာရှင်များ အနေနှင့် တရားမျှတမှုနှင့် မွေးရာပါအခွင့်အရေးများကို ချီတုံချတုံ မဖြစ်ရုံသာ မက မည်သို့သောအငြင်းအခုံမျှမရှိဘဲ ဘာသာရေးဆိုင်ရာဥပဒေအဖြစ် လက်ခံ ထားခြင်းဖြစ်သည်။ သို့သော် ပညာရှင်များအားလုံးက ဆင်ခြင်သုံးသပ်ရန် အချက်မှာ ယခုအခါ အကြောင်းခြင်းရာများသည် ယိုယွင်းပျက်စီးလာသည် ဖြစ်သောကြောင့် ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းတစ်ခုမှ လက်ရှိဖြစ်ပျက် နေသော အခြေအနေများကိုသုံးသပ်လျှက် လူ့အခွင့်အရေးတည်း ဟူသောအရာ ကို အသိအမှတ်ပြုပြီး အတည်ပြုပေးရန် လိုအပ်လာသည်ဟု ယူဆမိပါသည်။

ဒဿနဟူသည်  “ကူပွန်ဖြတ်ပိုင်း´´များကို ဖြည့်စွက်ခြင်းဖြင့် သက်သေမပြနိုင်
ပို၍ ရယ်စရာကောင်းသောအချက်မှာ လူ့အခွင့်အရေးကို သတ်မှတ် ဆုံးဖြတ်ရန်အလို့ငှာ ငယ်ရွယ်သော ယောက်ျားလေး၊ မိန်းကလေးများ၏ထင်မြင် ယူဆချက်များကို စစ်တမ်းကောက်ယူ မေးမြန်းခြင်းဖြစ်သည်။ ကူပွန်ဖြတ်ပိုင်း များကို ပုံနှိပ်ထားပြီး မိန်းကလေး ယောက်ျားလေးများကို ဖြည့်စွက်စေခြင်းဖြင့် လူ့အခွင့်အရေး၏ သဘောသဘာဝကို ရှာဖွေဖော်ထုတ်ခြင်း၊ ၎င်းတို့သည် လူသား အမျိုးအစားတစ်မျိုးထဲကလား (သို့) နှစ်မျိုးထဲကလား ဟူသည်ကို ရှာဖွေစေခြင်း ဖြစ်သည်။ ဤသည်မှာ လူ့အခွင့်အရေး၏ သဘောသဘာဝကို အမှန်တကယ် ဖော်ထုတ်ရန် ဖြစ်သင့်သည့် နည်းလမ်းလော။ အဓိပ္ပာယ်ရှိသည့် နည်းလမ်းလော´´ဟူသည် စဉ်းစားသင့်သည့် အချက်ပင်ဖြစ်သည်။
မည်သို့ဆိုစေ၊ ကျွန်ုပ်တို့ လေ့လာသွားမည့်အချက်အလက်မှာ အမျိုးသမီး၏အခွင့်အရေးများကို မွေးရာပါ လူ့အခွင့်အရေးရှုထောင့်မှ ဒဿနိကနည်းလမ်းနှင့် လျော်ညီစွာ စနစ်တကျလေ့လာသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့မှ အဓိကဆန်းစစ်ရှာဖွေမည့် သဘောတရားမှာ ကိုးကွယ်ရာအရှင်မှ အပ်နှင်းထားသော လူသားအားလုံး ခံစားခွင့်ရှိသည့် မွေးရာပါအခွင့်အရေးများ ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီးအတွက် ယင်းခံစားခွင့်ကိုထိုက်၊ မထိုက်ဟူသောအချက်ကိုမူ အခွင့်အရေးများပေါ်တည်၍ တန်းတူအခြေအနေတွင်ထားပြီး သုံးသပ်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် နိုင်ငံတော်အတွင်းရှိ ကျွမ်းကျင်၍ အခွင့်အာဏာရှိသော ဥာဏ်ကြီးရှင်များ(အသိပညာရှင်)များ အတွေးအခေါ် ပညာရှင်များ ရှေ့နေကြီးများကို အဆိုပါပြဿနာနှင့် ပတ်သက်၍ ဝေဖန် ဆန်းစစ်သောအမြင်နှင့် အချေအတင် အငြင်းအခုံပြုခြင်းအားဖြင့် ၎င်းင်းတို့၏ ထင်မြင် ယူဆချက်များကို ထုတ်ဖော်ကြရန် မေတ္တာရပ်ခံသင့်ပါသည်။ ၎င်းင်းတို့၏ ခိုင်လုံသောထင်မြင်သုံးသပ်ချက်များကို ၎င်းတို့ကိုယ်တိုင် သဘောတူ နှစ်ခြိုက် သော အချက်ကိုဖြစ်စေ၊ သဘောမတူ ဆန့်ကျင်သောအချက်ကိုဖြစ်စေ ကျွန်ုပ်တို့မှ မဖြစ်မနေ လိုက်နာမည်ဖြစ်သည်။
ဤအမေးပုစ္ဆာကို ဖြေရှင်းရန်မှာ ဦးစွာပထမ လူ့အခွင့်အရေး၏ အခြေခံများကို ဆွေးနွေးသုံးသပ်ရမည်ဖြစ်သည်။ ကျားနှင့်မတို့၏အခွင့်အရေး များကိုမူ နောက်ပိုင်းတွင် ဆက်လက်ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ ဤနေရာတွင် လွန်ခဲ့သောရာစုနှစ်များအတွင်းရှိ ကျား၊မအခွင့်အရေးများ တန်းတူရရှိအောင် ဦးဆောင်ခဲ့သည့် အတွေးအခေါ် အယူအဆများပေါ်ထွက်လာ စေခဲ့သည်။ လွတ်လပ်မှုဆိုင်ရာ လှုပ်ရှားမှုများကို အကျဉ်းချုပ်တင်ပြ၍ အထောက် အထားအကိုးအကား ပြုသွားမည်ဖြစ်သည်။

ဥရောပတိုက် အမျိုးသမီးအခွင့်အရေးဆိုင်ရာ သမိုင်းကြောင်းကို တစေ့တစောင်း ရှုကြည့်ခြင်း
လူ့အခွင့်အရေးနှင့် ပတ်သက်သော ပြောဆိုဝေဖန်မှုများကို (၁၇)ရာစု၌ စတင်ခဲ့သည်။ (၁၇)ရာစုနှင့်(၁၈)ရာစုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သော အတွေး အခေါ်ပညာရှင်၊ စာပေပညာရှင်များသည် ရှေးအစဉ်အလာကိုမူမပျက် ထိန်းသိမ်း လျက် ၎င်းင်းတို့၏အတွေးအခေါ် အယူအဆများ အထူးသဖြင့် သဘာဝတရားနှင့် မဆုံးနိုင်သော အခွင့်အရေးများ အကြောင်းကိုအများသိအောင် ဖော်ထုတ်ခဲ့ကြ သည်။ ဂျင်းန်ဂျက်ရူးဆိုး၊ ဘောလ်တဲယားနှင့် မွန်တက်စ်ဆီကွေးတို့သည် အထက် ဖော်ပြပါ အတွေးအခေါ်ပညာရှင်နှင့် စာပေပညာရှင်များ အုပ်စုတွင် ပါဝင်ခဲ့ကြ သည်။ ယင်းတို့၏အတွေးအခေါ် အယူအဆများ ပျံ့နှံ့လာခဲ့ခြင်း၏ပထမဦးဆုံး အကျိုးကျေးဇူးမှာ အင်္ဂလန်နိုင်ငံရှိ အုပ်ချုပ်သူများနှင့် ပြည်သူလူထုကြားရှိ မဆုံးနိုင်အောင် ရှည်လျားသော ပြိုင်ဆိုင်ရုန်းကန်မှုများ ဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။ ၁၆၈၈ခုနှစ်တွင် အင်္ဂလိပ် ပြည်သူလူထုအနေနှင့် ၎င်းတို့၏ ဘုရင်အား အခွင့်အရေးဆိုင်ရာ စာတမ်းဟု အမည်တပ်နိုင်သည့် ချာတာခေါ်ပဋိဥာဉ်စာတမ်းအားဖြင့် ယင်းတို့ရပိုင်ခွင့်ရှိသော နိုင်ငံရေးနှင့် လူ့အခွင့် အရေးများကို သဘောတူ အသိအမှတ်ပြုစေပြီး ပေးအပ်စေနိုင်ခဲ့သည်။
လူ့အခွင့်အရေးနှင့် ပတ်သက်သော အယူအဆများ ပျံ့နှံ့လာရသည့် အခြားထင်ရှားသောရလဒ်မှာ အင်္ဂလန်ကို ဆန့်ကျင်သည့် အမေရိကန်တော်လှန်ရေးကြောင့် ဖြစ်သည်။ မြောက်အမေရိကတိုက်ရှိ အင်္ဂလိပ် ကိုလိုနီ(၁၃)ခုမှ လေးလံသော အခွန်စည်းကျပ်မှု၊ ကောက်ခံမှုကို ဆန့်ကျင် ပုန်ကန်ထကြွမှုမှ အစပြု၍ ယင်းတို့၏ လွတ်လပ်ရေးကို တဖြည်းဖြည်း ရယူနိုင်ခဲ့သည်။ (၁၇၇၆)ခုနှစ်တွင် ဖီလာဒဲလ်ဖီးယားမြို့တွင် ကွန်ဖရင့်စ် ကျင်းပခဲ့ပြီး လွတ်လပ်ရေး ကြေငြာစာတမ်း ထုတ်ပြန်ခဲ့သည်။ ယင်းကြေငြာစာတမ်း၏ နိဒါန်းပိုင်းတွင် “ကျွန်ုပ်တို့မှ ခိုင်မာစွာ ယုံကြည်လက်ခံကြသည်မှာ လူသားအားလုံးတို့သည် တန်းတူညီမျှ ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဖန်ဆင်းရှင်မှ ထာဝရ ပြောင်းလဲ၍ မရနိုင်သော အခွင့်အလမ်းများကိုလည်း အပ်နှင်းထားခြင်းခံရသည်။ ယင်းအခွင်အရေးများထဲတွင် အသက်ဇီဝိန်နှင့် ဆိုင်သောအခွင့်အရေး လွတ်လပ်ခြင်းနှင့် ပတ်သက်သော အခွင့်အရေးနှင့် ပျော်ရွှင်မှုရယူခံစားစေခြင်းဆိုင်ရာ အခွင့်အရေးများ ပါဝင်ကြသည်။ ဤအခွင့်အရေးများ သေချာစွာရရှိနိုင်ရေး အတွက် အုပ်ချုပ်သူအစိုးရများအနေနှင့် လူသားများ (အုပ်ချုပ်ခံများ) အကြားတွင် အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင်ခွင့်ပေး၍ အစိုးရ၏ တရားစီရင် အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာကို တစ်ဆင့်ပြီးတစ်ဆင့် အောက်ခြေအထိ ဆင်းသက်ရရှိစေရမည်။ အဆိုပါ အခွင့်အလမ်းများ ကုန်ဆုံးသွားပါက မည်သည့်အစိုးရမဆို ဖျက်စီးခံရမည်ဖြစ်သည်။ ထို့အပြင် ပြည်သူလူထုအနေဖြင့် အစိုးရကို ပြောင်းလဲရန် ဖျက်သိမ်းရန် အခွင့်အရေးရှိစေရမည်။ အုပ်ချုပ်သူအစိုးရ အသစ်ဖွဲ့စည်းရေး၊ ၎င်းင်းအား ဖွဲ့စည်းရေးဆိုင်ရာ သဘောတရားများ၊ အခြေခံများကိုချမှတ်ပြီး အဆိုပါအုပ်ချုပ်မှုအာဏာကို ဖွဲ့စည်းတည်ထောင်ခြင်း အားဖြင့် လူသားများ (အုပ်ချုပ်ခံများ) အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံမှုနှင့်ပျော်ရွှင်မှုရရှိနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်သည်။´´
လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ပတ်သက်၍ ယင်းစာတမ်း ထုတ်ပြန်ခဲ့သည့်အချိန်မှာ ပြင်သစ်တော်လှန်ရေးကြီး ပြီးဆုံးသောကာလ၌ ဖြစ်ခဲ့သည်။ ပြင်သစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တွဲဖက်လျှက် တိကျသေချာသော အများနှင့် ဆိုင်သည့် လူ့အခွင့်အရေးသဘောတရားများ ပါဝင်နေသည်ကို တွေ့ရပေသည်။ ထိုကြေညာစာတမ်းတွင် နိဒါန်းနှင့် အပိုဒ်(၁၇)ပိုဒ်ပါဝင်သည်။ ပထမဦးဆုံး ဥပဒေအပိုဒ်ငယ်တွင် ဖော်ပြထားသည်မှာ “အားလုံးသော လူသားများသည် မွေးဖွားစဉ်ကတည်းက လွတ်လပ်စွာ မွေးဖွားလာခဲ့ပြီး ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် လွတ်လပ်စွာ အသက်ရှင်ပိုင်ခွင့်ရှိသည်။´´ ဤအခွင့်အရေးနှင့်ပတ်သက်၍ လူတစ်ဦးနှင့် အခြားတစ်ဦးကြားတွင် ကွဲပြား ခြားနားမှု တစ်စုံတစ်ရာမရှိစေရ။ ၁၉ရာစုသို့ရောက်ရှိလာသောအခါ တိုးတက်ဖွံ့ဖြိုးမှု အသစ်များဖြစ်ပေါ် ပြောင်းလဲလာသည်နှင့်အညီ လူ့အခွင့်အရေး နယ်ပယ်တွင်လည်း စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံဆိုင်ရာ အတွေးအခေါ် အယူအဆအသစ်များ ထွက်ပေါ်လာခဲ့ သည်။ ယင်း၏နောက်ဆက်တွဲ အကျိုးဆက်မှာ ဆိုရှယ်လစ်ဝါဒ ပေါ်ထွန်းလာ ခြင်း၊ အလုပ်သမားများမှ အကျိုးအမြတ် ရရှိရေးအတွက် ပါဝင် ဆောင်ရွက်လာ ခြင်းနှင့် အုပ်ချုပ်ရေးအာဏာကို အရင်းရှင်များလက်မှ လေဘာပါတီသို့ လွှဲပြောင်းပေးရခြင်းတို့ ဖြစ်သည်။ ၂၀ရာစု မတိုင်မီကာလအထိရှိခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုများသည် အစိုးရနှင့် အုပ်ချုပ်ခံပြည်သူများ၊ တဖန်အလုပ်ရှင်များ၊ မြေပိုင်ရှင်များနှင့် အလုပ်သမားများအကြားရှိ အခွင့်အရေးများသာဖြစ်ခဲ့သည်။
(၂၀)ရာစုသို့ ရောက်ရှိလာသောအခါကျမှ အမျိုးသမီးနှင့် အမျိုးသားများ အကြားရှိ အခွင့်အရေးဟူသော ပြဿနာကို အစပျိုးလာခဲ့သည်။ ၂၀ရာစု အစဦးပိုင်း ကာလတွင် အဟောင်းဆုံးသော ဒီမိုကရေစီနိုင်ငံဟု အမည်တွင်သည့် အင်္ဂလန်တွင် ကျားမကြားရှိ အခွင့်အရေးများကို စတင် အသိအမှတ်ပြုလာခဲ့ကြ သည်။ အမေရိကန်ပြည်ထောင်စုတွင်မူ (၁၈)ရာစုကတည်းက ယင်း၏ လွတ်လပ်ရေး ကြေညာစာတမ်းတွင် လူ့အခွင့်အရေးဟူသော ဝေါဟာရကို ယေဘုယျ အသုံးပြုခဲ့ကြသော်လည်း (၁၉၂၀)ပြည့်နှစ် ရောက်မှသာလျှင် လူအများအား မဲပေးပိုင်ခွင့်ကို ခွင့်ပြုခဲ့သည်။ ပြင်သစ်နိုင်ငံသည်လည်း (၂၀)ရာစု ရောက်မှ ယင်း၏မဲပေးပိုင်ခွင့် အခွင့်အရေးတွင် အမျိုးသမီးမဲပေးပိုင်ခွင့်ကို ချဲ့ထွင် သတ်မှတ်ခဲ့သည်။
(၂၀)ရာစုနှစ်အတွင်း၌ ကမ္ဘာတလွှားရှိ လူအများစုမှ အမျိုးသမီး နှင့်အမျိုးသားကြားရှိ လူမှုဆက်ဆံရေးများကို တစ်နည်းနည်းဖြင့် ပြောင်းလဲရန် လေးလေးနက်နက် ထောက်ခံလာကြသည်။ အထူးသဖြင့် လူ့အခွင့်အရေးနှင့် တာဝန်ဝတ္တရားဟူသော ရှုထောင့်မှ ရှုမြင်သုံးသပ်လာကြသည်။ ၎င်းင်းတို့၏ ယူဆချက်များအရ လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် ဆိုင်သော ရည်ရွယ်ချက် များကိုရရှိရန်မှာ နိုင်ငံများ ကြားရှိဆက်ဆံရေး အလုပ်ရှင်နှင့် အလုပ်သမားများ ကြားရှိဆက်ဆံရေး၊ အရင်းရှင်များနှင့် အလုပ်သမားများကြား ဆက်ဆံရေး များကို ပြောင်းလဲရုံမကဘဲ ယောက်ျားနှင့်မိန်းမအကြားရှိ အခွင့်အရေးများကို လည်း ပြောင်းလဲရန်လိုသည်။
ထို့ကြောင့် (၁၉၄၈)ခုနှစ်တွင် ထုတ်ပြန်သော ကမ္ဘာကုလသမဂ္ဂ၏ အများနှင့်ဆိုင်သော လူ့အခွင့်အရေးကြေညာစာတမ်း၏ နိဒါန်းပိုင်းတွင်  “စင်စစ်အားဖြင့် လူသားတိုင်း၊ လူသားတိုင်းတွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက် ဂုဏ်သိက္ခာရှိသကဲ့သို့ ယောက်ျားနှင့်မိန်းမများကြားတွင် တူညီသော အခွင့်အရေးများ ရရှိစေရမည်´´ဟု ဖော်ပြထားခြင်းဖြစ်သည်။
(၁၉)ရာစုနှင့် (၂၀)ရာစုနှစ်များအတွင်း “စက်ယန္တယား´´များ ပေါ်ထွန်း လာခြင်းကြောင့် ကပ်ဆိုက်သောကာလဖြစ်ခဲ့ပြီး ၎င်းင်း၏အကျိုးဆက်မှာ အလုပ်သမားများ အထူးသဖြင့် အမျိုးသမီး အလုပ်သမားများ၏ အခြေအနေမှာ အလွန်သနား ကရုဏာသက်စရာအခြေအနေဖြစ်ခဲ့သည်။ ဤကာလအတွင်း ဖြစ်ပျက်ခဲ့မှုများ၏ နောက်ဆက်တွဲရလဒ်မှာ အမျိုးသမီးများ၏ အကြပ်အတည်း နှင့် ဒုက္ခများအပေါ်တွင် အလေးထားလာကြသည်။ ဤသည်ပင်လျှင် ယင်းတို့၏ အခွင့်အရေးပေါ်တွင် အာရုံစူးစိုက်လာရသည့် အကြောင်းအရင်းဖြစ်ခဲ့သည်။ သမိုင်းပညာရှင်တစ်ဦးက ထောက်ပြပြောဆိုသည်မှာ “အလုပ်သမားများ၏ အကြပ်အတည်းနှင့် ဒုက္ခများအပေါ်တွင်အုပ်ချုပ်သူ အစိုးရဘက်မှ အာရုံ မထားသရွေ့၊ ယင်းအလုပ်သမားများ၏ အလုပ်ရှင်များသည် အလုပ်သမား များအပေါ် ၎င်းတို့ကြိုက်သလိုပြုမူဆက်ဆံနေကြမည်။ စက်ရုံပိုင်ရှင်များသည် အလုပ်သမများနှင့် ကလေးများအပေါ် မစို့မပို့ လုပ်အားခပေး၍ ယင်းတို့၏ လုပ်အားကို အသုံးချသည်။ ယင်းတို့၏အလုပ်ချိန်မှာ အလွန်ရှည်လျားပြီး ၀င်ငွေ နည်းပါးမှုကြောင့် အမျိုးမျိုးသော ရောဂါဝေဒနာများ ခံစားကြရပြီး ငယ်ရွယ်စဉ် ကာလတွင်ပင် သေဆုံးနေကြရသည်။´´
ဤသည်မှာ ဥရောပတိုက်၏ လူ့အခွင့်အရေးဆိုင်ရာ နောက်ခံ သမိုင်းအကျဉ်းချုပ်ဖြစ်သည်။ ကျွန်ုပ်တို့ အားလုံးသိထားကြသည့်အတိုင်း လူ့အခွင့်အရေးကြေညာစာတမ်း၏အားလုံးသော အပိုဒ်ငယ်များသည် ဥရောပ တိုက်သားများအတွက် အသစ်အဆန်းဖြစ်သော်လည်း ယင်းတို့ကို (၁၄)ရာစု မတိုင်မီ ကတည်းက အစ္စလာမ်မှ အခွင့်အရေးပေးထားကြောင်းကို အချို့သော အာရဗ်နှင့် အီရန်ပညာရှင်များက အစ္စလာမ်၏ သင်ကြားမှုများနှင့် လူ့အခွင့်အရေး ကြေညာစာတမ်း၏ဖြည့်စွက်ချက်များကို နှိုင်းယှဉ်တင်ပြထား၏။ သို့သော် ဤကြေညာချက်၏ အချို့သော အခန်းကဏ္ဍများနှင့် အစ္စလာမ်၏လမ်းညွှန် သင်ကြားမှုများကြားတွင် ယခုတိုင် ကွဲပြားခြားနားချက်များ ရှိနေကြသည်။ ဤသည်မှာ စိတ်ဝင်စားဖွယ် အကြောင်းအရာလည်း ဖြစ်သည်။ အစ္စလာမ်မှ ကျား၊ မကြားတွင် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုကို လက်ခံသော် လည်း ယင်းတို့အကြား အခွင့်အရေးများ ထပ်တူညီမျှခြင်း (သို့မဟုတ်) တူညီခြင်းကို လက်မခံ။

လူသား၏ ဂုဏ်သိက္ခာနှင့်အခွင့်အရေး
“အမှန်စင်စစ် လူသား၏ မွေးရာပါဂုဏ်သိက္ခာနှင့် လူ့ဘောင် အတွင်း မိသားစုတစ်စု၏ ထာဝရဖြစ်၍ တူညီသော အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် ကမ္ဘာ့လွတ်လပ်ရေး၊ တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေးတို့၏ အခြေခံသဘော တရားများဖြစ်သည်။´´
“ဧကန်စင်စစ် လူ့အခွင့်အရေးများကို လျစ်လျူရှုခြင်း၊ အထင်အမြင်သေးခြင်း၏ရလဒ်မှာ လူသားမျိုးနွယ်တစ်ခုလုံး၏အသိစိတ်ကိုရက်စက် ရမ်းကားစွာ ပြုမူသည့် အရိုင်းအစိုင်းများအဖြစ်သို့ သက်ဆင်းစေသည်။ ယင်း၏ ဆန့်ကျင်ဘက် သဘောတရားအရ လူ့အခွင့်အရေး ပေါ်ထွန်းလာခြင်း အားဖြင့် လူသားသည် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ အကြောက်တရားမှ ကင်းဝေးပိုင်ခွင့်များကို အားလုံးသောလူသားများ၏ ပြင်းပြသော ဆန္ဒ သဘောထားအဖြစ် အမြင့်မားဆုံးသော ရည်မှန်းချက်များကို ခံစားပိုင်ခွင့် ရရှိလာရခြင်း ဖြစ်သည်။´´
“အကယ်၍ လူသားတွင် နောက်ဆုံးအခြေအနေ၌ ခိုကိုးရန် အားကိုး အားထားရရှိရန် အခြေအနေမပေးတော့သောအခါတွင် ၎င်းအနေနှင့် အတင်းအကြပ် နိုင်လိုမင်းထက်ပြုမူခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းကို ဆန့်ကျင်ပုန်ကန် တတ်ကြစမြဲဖြစ်သည်။ ထို့ကြောင့် ဥပဒေပြုလုပ်၍ လူ့အခွင့်အရေးများကို ကာကွယ်ရန်မှာ မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။´´နိုင်ငံများကြားရှိ မိတ်ဆွေသဘော ဆက်ဆံမှုများ၊ ဖွံ့ဖြိုးလာအောင် တိုးမြှင့်ပေးရန်မှာ အမှန်ပင် အရေးကြီးဆုံးသော ကိစ္စဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်းတွင် လူအများက ၎င်းတို့သည် အခြေခံ လူ့အခွင့်အရေးမှန်သမျှကို ယုံကြည်ကြကြောင်း လူသား၏ ဂုဏ်သိက္ခာ၊ ကိုယ်ရည်ကိုယ်သွေးကြွယ်ဝမှု မိန်းမနှင့် ယောက်ျားများ အကြား အခွင့်အရေးတန်းတူညီမျှမှုတို့သည် လူမှုရေးဖြစ်စဉ်ကို တိုးတက်စေခြင်း၊ လူနေမှု အဆင့်အတန်း ပို၍မြင့်မားစေခြင်းနှင့် ကြီးမားသော လွတ်လပ်မှုကို ခံစားစေကြောင်းတို့ကို ထပ်လောင်းအတည်ပြုကြသည်။
ကုလသမဂ္ဂအထွေထွေကောင်စီမှ ထုတ်ပြန်ကြေငြာသည်မှာ ဤအများနှင့်ဆိုင်သော လူ့အခွင့်အရေးကြေငြာစာတမ်းမှာ အားလုံးသော နိုင်ငံများ၊ လူတိုင်းနှင့် လူ့အဖွဲ့အစည်းတိုင်း၊ လူသားများအတွက် ဘုံဖြစ်သော ရရှိနိုင်မှု စံချိန်စံညွှန်းများဖြစ်သည်။ ဤကြေငြာစာတမ်းကိုစိတ်တွင် အစဉ်အမြဲ နှလုံးသွင်း၍ နိုင်ငံတစ်ခုအတွင်း၌ဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ၌ဖြစ်စေ၊ ၎င်းတို့၏ ပြည်သူများနှင့် ၎င်းတို့၏ တရားစီရင်ပိုင်ခွင့်ရှိသော နယ်မြေများရှိ ပြည်သူများ အတွက် အများနှင့်ဆိုင်သော အကျိုးသက်ရောက်မှုရှိစေသည်။ `သိမှုများ´၊ လိုက်နာ စောင့်ထိန်းမှုများရရှိစေရန်နှင့် ထိုလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တိုးတက်သော အရှိန်အဟုန်ဖြင့် ပညာပေးသင်ကြားခြင်းအားဖြင့် ကြိုးပမ်းအား ထုတ်သင့်သည်။
အစောပိုင်းတွင် ကျွန်ုပ်တို့လေ့လာပြီးသည့်အတိုင်း လူ့အခွင့် အရေးကြေငြာစာတမ်း၏ စကားလုံးတိုင်း၊ ၀ါကျတိုင်းသည် သေချာဂနစွာ ရွေးချယ် သတ်မှတ်ထားပြီး ဖြစ်သည်။ ဤသည်မှာ ကမ္ဘာနိုင်ငံများမှ လွတ်လပ်သော စိတ်ဓါတ်ရှိသည့် ဒဿနပညာရှင်များနှင့် ဥပဒေပညာရှင်များ၏ ရာစုနှစ်ပေါင်း များစွာကတည်းကရှိခဲ့သော အတွေးအခေါ် အယူအဆများ၏ သရုပ်သကန် ဖြစ်သည်။

လူ့အခွင့်အရေးကြေငြာစာတမ်း၏ နိဒါန်းပိုင်းရှိ အရေးကြီးသော အချက်များ
ဤကြေငြာစာတမ်းတွင် အပိုဒ်ခွဲပေါင်း (၃၀)ပါဝင်ပြီး အချို့သော အပိုဒ်များမှာ မလိုအပ်ပါ။ အချို့သော အပိုဒ်များကိုမူ နေရာတော်တော်များများတွင် ထပ်ဖန်တလဲလဲ ဖော်ပြထားသည်ကို တွေ့ရ၏။ လူ့အခွင့်အရေး ကြေငြာစာတမ်းနိဒါန်းပိုင်း၏ အရေးကြီးသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁)    လူသားအားလုံး မွေးရာပါလူသားဂုဏ်သိက္ခာနှင့် ထာဝရဖြစ်သော လွှဲပြောင်း၍မရနိုင်သော အခွင့်အရေးများကို ခံစားခွင့်ရှိစေရမည်။
(၂)    လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများသည် အများနှင့် သက်ဆိုင်သလို ခွဲခြား၍ မရနိုင်သောအရာများ ဖြစ်သည်။ ယင်းအရည်အသွေးများ သည် လူမျိုးအသားအရောင်နှင့် လိင်ခွဲခြားမှုမရှိဘဲ အားလုံးသော လူသားများကြားတွင် ပျံ့နှံ့ဝင်ရောက်စေရမည်။ လူသားတိုင်းသည် လူသားမျိုးနွယ်၏ မိသားစုဝင်ဖြစ်ကြ၍ မည်သူမျှ တစ်ဦးက အခြား တစ်ဦးထက် ပို၍ မြင့်မြတ်ခြင်းမရှိစေရ။
(၃)    လူသား၏ ဂုဏ်သိက္ခာကို အပြည့်အ၀ အသိအမှတ်ပြုခြင်းနှင့် ထာဝရ ဖြစ်သော လူ့အခွင့်အရေးများအား နားလည်အသိအမှတ် ပြုခြင်းသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ငြိမ်းချမ်းခြင်း၏အခြေခံ သဘော တရားများဖြစ်သည်။ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏ မာတိကာ အကြောင်းအရာများမှ ညွှန်ပြနေသည်မှာ လူသားတစ်ဦးချင်း (သို့မဟုတ်) လူအများမှ တစ်ဦးနှင့်တစ်ဦးဆန့်ကျင်၍ ဖြစ်ပေါ်လာသည့် အားလုံးသော ဒုက္ခများ၊ စစ်ပွဲများ၊ နိုင်လိုမင်းထက်ပြုမှု များနှင့် အရိုင်းအစိုင်းဆန်စွာ ပြုမူခြင်းများ၏ အကြောင်းအရင်းမှာ လူသား၏ ဂုဏ်သိက္ခာကို အသိအမှတ် မပြုခြင်းနှင့် လူ့အခွင့်အရေး များကို လျစ်လျူရှုခြင်းများကြောင့်သာ ဖြစ်သည်။ ဤကဲ့သို့သော အသိအမှတ်မပြုခြင်း၊ လျစ်လျူရှုခြင်းများမှာ တစ်ဦးနှင့်တစ်ဦး ပုန်ကန်ဆန့်ကျင်သော သဘောကို အတင်းအကျပ်ဖြစ်စေပြီး ယင်းကြောင့်ပင် ငြိမ်းချမ်းရေးနှင့် လုံခြုံမှုကို အန္တရာယ်ဖြစ်ပေါ် စေသည်။
(၄)    အထက်ပါ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို အကောင်အထည် ဖော်ရာ တွင်အားလုံးမှ  ပြင်းပြသောဆန္ဒနှင့် ကြိုးပမ်းရမည့်ကိစ္စမှာ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်၊ လုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင်ရာဘ၀ ကြွယ်ဝချမ်းသာမှုများရှိသောကမ္ဘာ ပေါ်ထွန်းရေးဖြစ်သည်။ ဤနေရာတွင် ဖော်ပြပါ အရည်အသွေးများနှင့်ပြည့်စုံသည့် အခြေအနေမျိုး တည်ဆောက်ရန်မှာ ဖိနှိပ်ချုပ်ချယ်မှုများမှ ကင်းလွတ်လျှက် အကြောက်တရားနှင့် ဆင်းရဲမွဲတေခြင်း ကင်းဝေးစေသည့် ကမ္ဘာတစ်ခုတည်ဆောက်ရန် အာမခံချက်ပေးရေးဖြစ်သည်။ အပိုဒ်(၃၀)ပါ လူ့အခွင့်အရေးကြေငြာစာတမ်းသည် အထက်ပါ ရည်ရွယ်ချက်များ ပြည့်စုံပြည့်မှီစေရေးအတွက် ဘောင်ခတ်ကန့်သတ်ထားခြင်းဖြစ်သည်။
(၅)    လူသား၏ ဂုဏ်သိက္ခာနှင့် ထာဝရဖြစ်၍ (လွှဲပြောင်း၍ မရနိုင်သော) လူ့အခွင့်အရေးများအပေါ် ယုံကြည်ခြင်းရရှိရန် ပညာရေးနှင့် သင်ကြားခြင်းတို့အားဖြင့် လူသားများအားလုံး စိတ်ထဲတွင် စွဲမှတ် ထင်အောင် သွန်သင်ပေးသင့်သည်။
လူ့ဂုဏ်သိက္ခာအပေါ် အလေးအမြတ်ထားခြင်း
လူ့အခွင့်အရေးကြေငြာစာတမ်းကို လူသားချင်းတန်းတူညီမျှမှု လွတ်လပ်မှုနှင့် လူသားဝါဒအပေါ် အလေးအမြတ်ထား၍ လူ့အခွင့်အရေး ပြန်လည် ရှင်သန်လာအောင် ပြုလုပ်ခြင်း သဘောတရားများဖြင့် ဘောင်ခတ် ကန့်သတ်ထားသဖြင့် ယင်းကို လူသားတိုင်းက တာဝန်ကျေပွန်စွာ လေးစား လိုက်နာ သင့်ပေသည်။ ကျွန်ုပ်တို့ အရှေ့တိုင်းသားများအနေနှင့် လူ့ဂုဏ်သိက္ခာကို ယုံကြည်လေးစားမှု ရှိသလို လူသားဝါဒကိုလည်း လေးစားတန်ဖိုးထားခဲ့သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပါပြီ။ အစ္စလာမ်တွင် လူ့ဂုဏ်သိက္ခာကို အလေး အနက်ထားသကဲ့သို့ လူ့အခွင့်အရေးများ၊ လွတ်လပ်ခြင်း တန်းတူညီမျှ ခြင်းတို့အပေါ်၌လည်း လေးစားလိုက်နာရန် လမ်းညွှန်ထားပြီးဖြစ်သည်။ ထိုလူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးများအား လိုက်နာရန် အမှန်တကယ် လှုံ့ဆော်ခံရသူများသည် ကျွန်ုပ်တို့၏ လူသားများအပေါ် အသိအမှတ်ပြု ထားမှုများအား လိုက်နာဆောင်ရွက် ထိုက်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ဤလူ့အခွင့်အရေးကြေငြာစာတမ်းသည် “လူသားများ၏လက်´´ဖြင့် ရေးသားထားသော ဒဿနဆိုင်ရာစာတမ်း တစ်ဆောင်သာဖြစ်၏။ ကောင်းကင်တမန်များ၏ အကူအညီဖြင့် ပြုလုပ်စီမံထားသည့် ကျမ်းတစ်စောင်မဟုတ်ပါ။ ထို့ကြောင့် အတွေးအခေါ်ပညာရှင်တိုင်း ယင်းစာတမ်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်နိုင်သကဲ့သို့ ယင်း၏ အားနည်းချက်များကိုလည်း ဝေဖန် ထောက်ပြနိုင်ခွင့် ရှိသည်။
လူ့အခွင့်အရေးကြေငြာစာတမ်းကြီးတွင် အားနည်းချက်များ အမှန်ပင် ရှိနေသော်လည်း ယခုအချိန်တွင် ကျွန်ုပ်တို့အနေနှင့် ယင်းအားနည်းချက်များအပေါ် “လက်ထောက်ပြ´´လိုသော ရည်ရွယ်ချက်မရှိပေ။ ထိုသို့ အားနည်းချက်များကို ညွှန်ပြမည့်အစား အားသာချက်များကိုသာ ထောက်ပြ သွားမည်ဖြစ်သည်။
လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏ အခြေခံသဘောမှာ လူသား၏ မွေးရာပါ ဂုဏ်သိက္ခာအပေါ်တွင် အခြေခံထားသဖြင့် အခြားသော မည်သည့် သက်ရှိ သတ္တ၀ါမျှ ခံစားစံစားခွင့်မရှိသော အခွင့်အရေးများကို လူသားမှ ခံစားနိုင်ခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသက်ရှိသတ္တ၀ါများတွင် လူသားကဲ့သို့ မွေးရာပါ ဂုဏ်သိက္ခာမရှိသောကြောင့် ဖြစ်သည်။ ဤသည်ကား လူ့အခွင့်အရး ကြေငြာစာတမ်းကြီး၏ အားသာချက်ပင်တည်း။

လူသားအားတန်ဖိုးလျှော့၊ နှိမ့်ချပြောဆိုသည့်အနောက်တိုင်း၏ ဒဿန
ဤနေရာတွင် ကျွန်ုပ်တို့အနေနှင့် “ဟောင်းနွမ်းဆွေးမြေ့နေသော ဒဿန´´ဆိုင်ရာ မေးခွန်းကြီးတစ်ခုနှင့် တစ်ဖန်ရင်ဆိုင်ရပြန်လေသည်။ အခြားသော သက်ရှိသတ္တ၀ါများဖြစ်သည့် မြင်း၊ နွား၊ ခိုတစ်ကောင်နှင့် မတူကွဲပြားခြားနားသော လူ့ဂုဏ်သိက္ခာ၏ သဘောသဘာဝဟူသည် အဘယ်နည်း။ ဤနေရာတွင် လူ့အခွင့်အရေး ကြေငြာစာတမ်း၏ အခြေခံသဘော တရား နှင့်လူသားအပေါ် အနောက်တိုင်း၏ အကဲဖြတ် တန်ဖိုးထားမှုတို့သည် ဆန့်ကျင်ဘက် သဘောဆောင်နေခြင်းမှာ ပို၍ထင်ရှားလာသည်။
လွန်ခဲ့သော ကာလများစွာကပင် အနောက်တိုင်းဒဿနမှ လူသားကို အသိအမှတ်မပြု၊ တန်ဖိုးမထားခဲ့ပေ။ ယခုကာလ မတိုင်မီ ရှေးဦမစွကတည်းက လူသားနှင့် ပတ်သက်၍ ပြောဆိုနေသည့်အချက်များ လက်ရှိလူသားနှင့် လူသား၏ ကွဲပြားခြားနားသော အခြေအနေများအားလုံးသည် အရှေ့တိုင်းတွင် အစပြုခဲ့သည်။ ယခုအခါတွင် ဥရောပတိုက်၏ ဒဿနဆိုင်ရာ စနစ်များအားလုံး က အဆိုပါအချက်ကို လှောင်ပြောင် သရော်နေကြသည်။ အနောက်တိုင်း၏ ရှုမြင်သုံးသပ်ပုံအရ လူ့အနေအထားသည် လူအဖြစ်မှ စက်ယန္တရားအဖြစ်သို့ ကျဆင်းလာသည်။ လူတွင် စိတ်ဝိညာဉ် တည်ရှိခြင်းနှင့် မြင့်မြတ်သော စိတ်ဓါတ်၏ အခြေခံသဘောတရားများရှိခြင်းကို ငြင်းဆန်ထားခြင်းသည် ဖောက်ပြန်ရေးဝါဒီ အင်အားစု၏ အယူအဆဖြစ်သည်။ ဤယုံကြည်မှုမှာ သဘာဝတရားအား အန္တိမပန်းတိုင်ဖြစ်သည်ဟု လက်ခံ သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခုအခါ အနောက်တိုင်းရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ လူသားသည် ကိုးကွယ်ရာအရှင်၏ ဖန်ဆင်းမှုတွင် သရဖူ(အထွတ်အထိပ်) ဖြစ်သည်ဟု လက်မခံနိုင်ပေ။ ဥရောပသားများ၏ လတ်တလော လက်ခံထားသော စကြ၀ဠာဆိုင်ရာသီအိုရီမှာ တော်လမီသီအိုရီ၏ အခက်အလက်ခွဲ တစ်ခုဖြစ်သည်။ ယင်းသီအိုရီအရ ကမ္ဘာသည် စကြ၀ဠာ၏ အလယ်ဗဟိုတွင်ရှိပြီး အားလုံးသော ကြယ်၊ နက္ခတ်၊ တာရာများက ကမ္ဘာကို ဗဟိုပြု၍ လှည့်ပတ်နေသည်။ ၎င်းင်းယူဆချက်မှာ အခြေအမြစ်မရှိ၊ လုံးဝခေတ် နောက်ကျနေသော အယူအဆလည်း ဖြစ်သည်။ ယခုအခါ ထိုအယူအဆမှာ လုံးဝပျောက်ကွယ် လုနီးပါးဖြစ်ပြီး ယင်းနှင့်အတူ “လူသားအတွက် သူသည် စကြ၀ဠာ၏ သရဖူဖြစ်သည်´´ဟု ပြောဆိုနိုင်သည့် အခန်းလွတ် တစ်စုံတစ်ရာကိုမျှ ချန်လှပ်ထားခြင်း မရှိပါ။ ဥရောပတိုက်သားများ၏ အဆိုအရ လူသားက မိမိကိုယ်ကို မိမိ စကြ၀ဠာ၏ သရဖူ အထွတ်အထိပ်ဖြစ်သည်ဟု ရေရွတ်ပြောဆိုမှုများမှာ သူ၏ အတ္တကြီးသော တစ်ကိုယ်ကောင်းဆန်သောသဘောကြောင့်သာ ဖြစ်သည်။ ယခုအခါတွင် လူသားသည် ၀င့်ကြွားမှုမရှိ ရိုးရိုးကုပ်ကုပ် နေထိုင်တတ်သောသတ္တ၀ါသာ ဖြစ်သည်။ သူ့ကိုယ်သူ အခြားသက်ရှိသတ္တ၀ါများ ထက်သာလွန်မြင့်မြတ်သည်ဟု မယူဆတော့ သူ၏ဘ၀သက်တမ်းသည် ရုပ်ပိုင်းနှင့်သာဆိုင်၏။ လူတစ်ယောက် သေဆုံးသွားလျှင် သူ၏ရုပ်အလောင်း (ခန္ဓာကိုယ်)သည် ပုပ်သိုးဆွေးမြေ့သွားပြီး ရုပ်ဒြပ်များသည် မြေကြီးအဖြစ် ပြောင်းလဲအဆုံးသတ်သွားမည်။
ဥရောပတိုက်သားများအနေနှင့် ၀ိညာဉ်သည်လွတ်လပ်စွာ တည်ရှိနေသည် ဟူသော အချက်ကို မယုံကြည်ကြချေ။ ထိုသို့ ယုံကြည်ထားမှုကြောင့်ပင် သူသည် သူ့ကိုယ်သူ အပင်တစ်ပင် (သို့မဟုတ်) သတ္တ၀ါတစ်ကောင်နှင့် ကွဲပြားခြားနားမှုမရှိဟု လက်ခံထားသည်။ ဥရောပတိုက်သားများ၏ ယူဆချက်အရ လူသား၏ အသိဥာဏ်ရည် ဆိုင်ရာနှင့် ၀ိညာဉ်ဆိုင်ရာစွမ်းရည်များ၏ သဘောသဘာဝသည် ကျောက်မီးသွေးမှ ထွက်ပေါ်လာသည့် အပူဓါတ်နှင့် မည်သို့မျှ ထူးခြားသည့် ကွဲပြားခြား နားမှုမရှိဟု ယူဆသည်။ ဤသည်တို့မှာ ကွဲပြားခြားနားသော ရုပ်ဝတ္ထု ဒြပ်များနှင့် အင်နာဂျီစွမ်းအားများ၏ သရုပ်သကန်သာဖြစ်သည်။
လူသားများအပါအ၀င် အားလုံးသော သက်ရှိများအတွက် ဘ၀ ဟူသည်မှာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘ၀၏ အခြေခံသဘောတရားသာဖြစ်သည်။ လူသားသည် သူ၏ ရုန်းကန်မှုတိုက်ပွဲကို ကြိုးပမ်းအားထုတ်လျက် အောင်မြင်မှုရရှိလာပြီး သူ၏နေရာကို လုံခြုံအောင်ပြုလုပ်လာသည်။ ဤနည်းအားဖြင့် စာရိတ္တဆိုင်ရာ တန်ဖိုး ထားမှုများ ဖြစ်သည့်တရားမျှတခြင်း၊ စင်ကြယ်သော အကျင့်သီလ၊ ရိုးသားဖြောင့်မတ် မှန်ကန်မှုစသည်တို့ကို တီထွင်လာခဲ့သည်။ အနောက်တိုင်း၏ သြဇာအာဏာညောင်းသော အတွေးအခေါ်ဆိုင်ရာ ကျောင်းတော်များ၏ ရှုထောင့်အရဆိုလျှင် လူသားဟူသည် စက်ယန္တယား တစ်ခုသာဖြစ်ပြီး သူသည် စီးပွားရေးဆိုင်ရာ ပိုင်ဆိုင်ရယူလိုမှုဟူသော ရည်ရွယ်ချက်ကြောင့်ပင် သက်ဝင်လှုပ်ရှားနေသည်။ ဘာသာရေး၊ ကိုယ်ကျင့်တရား၊ ဒဿန၊ သိပံ္ပ၊ စာပေ၊ အနုပညာစသည်တို့မှာ အပေါ်ထပ် အဆောက်အအုံ များသာဖြစ်သည်။ ယင်းတို့၏ အခြေခံအဆောက်အအုံဖြစ်သော ကုန်ထုတ်လုပ်သည့်နည်းလမ်းနှင့် ဓနချမ်းသာကြွယ်ဝမှုကို ခွဲဝေခြင်းသည် လူ့ဘ၀၏ အရေးကြီးသော ကိစ္စဟူဟူသမျှကို အဆုံးအဖြတ်ပေးသည့် အရာသာဖြစ်သည်ဟု လက်ခံနေကြ ခြင်းဖြစ်သည်။
အထက်ဖော်ပြပါ ယူဆချက်များအပြင် အနောက်တိုင်း အတွေးအခေါ် ပညာရှင်များ၏ နောက်ထပ်ထူးခြားသည့် အမြင်တစ်ရပ်မှာ လိင်မှုရေးရာ ကိစ္စများသည်သာ အားလုံးသော လှုပ်ရှားဆောင်ရွက်မှုများကို နောက်ကွယ်မှ လွှမ်းမိုး ထိန်းချုပ်ထားသော စေ့ဆော်မှုတွန်းအား အစစ်သာ ဖြစ်သည်ဟူသော အချက်ဖြစ်၏။ ထိုအယူအဆအရ ကိုယ်ကျင့်တရား၊ ဒဿနိကဗေဒပညာ၊ (အတွေးအခေါ်ပညာ)၊ သိပံ္ပပညာ၊ ဘာသာရေးနှင့် အနုပညာအားလုံးတွင် လိင်သဘောကို အထူးဝိသေသ ပြုခြင်း၊ အတည်ပြုခြင်း သဘောတရားကို တွေ့ရှိနိုင်သည်။
အကယ်၍ သဘာဝတရားတွင် အန္တိမပန်းတိုင်ရှိခြင်းကို ကျွန်ုပ်တို့မှ ငြင်းဆန်၍ လူသား၏ ဘ၀ကို သက်ရှင် တည်တန့်ရေးအတွက် ရုန်းကန်လှုပ်ရှားမှု များသာ အဓိကကျသည်။ သဘာဝတရားနှင့် အံဝင်ခွင်ကျရှိခြင်းသည် သက်ရှိ လူသား၏ ဆက်လက်ရှင်သန်ရေးအတွက် အလွန်အရေးကြီးသည်ဟူသော သဘောတရားများကသာ လူ့ဘ၀ကို ချုပ်ကိုင်စိုးမိုးထားသည်။ လူသည် လူ့လက်နှင့် ဖန်တီးပြုလုပ်ထားသည့် အခြားသော စက်ယန္တယားများကဲ့သို့
စက် ယန္တရား တစ်ခုသာဖြစ်ပြီး လူတွင်ဝိညာဉ်၏ တည်ရှိခြင်းနှင့် ယင်း၏ ဂုဏ်အင်္ဂါအရည်အသွေးများအား ငြင်းပယ်ရာရောက်ပေမည်။ ၀ိညာဉ်၏ ဂုဏ်အရည်အသွေးများကို စိတ်ပိုင်းဆိုင်ရာ ပုံကြီးချဲ့ပြောဆိုခြင်းဟု သဘောထားပြီး စီးပွားရေး (သို့မဟုတ်) လိင်မှုဆိုင်ရာ အရည်အချင်းများက လူသား၏ ပြုမူလှုပ်ရှားမှုများအား နောက်ကွယ်မှ ထိန်းချုပ်ထားသော တွန်းအားများဖြစ်သည်ဟုသာ လက်ခံထားပါက ကောင်းခြင်း ဆိုးခြင်းဟူသော အရာများသည် ယင်း၏ ဆက်နွယ်ချက်၊ အသိသဘောများသာ ဖြစ်သည်ဟု ယုံကြည်ရပေ မည်။ တဖန် သဘာဝတရားနှင့် ထိုးထွင်းသိမြင်နိုင်သော စိတ်ကူး စိတ်သန်းများ သည် အဓိပ္ပာယ်မရှိသောအရာဖြစ်၍ လူသားသည် စိတ်ဆန္ဒများ၊ စိတ်ဇော အဟုန်တို့၏ ကျေးကျွန်ဖြစ်ပြီး ယင်းတို့၏ တွန်းအားပေးခြင်း သာခံရသည်ဟု ယူဆပါက ကျွန်ုပ်တို့အနေနှင့် လူ့ဂုဏ်သိက္ခာ ထာဝရအဖြစ် ခံစားခွင့်ရှိသော လူ့အခွင့်အရေးများကို လူသား၏ ပြုမူဆောင်ရွက်ချက်များ၏ အခြေခံဖြစ်သည်ဟု မည်သို့ ဆိုနိုင်ပါမည်နည်း။
လူသားနှင့် သက်ဆိုင်သော အနောက်တိုင်း အယူအဆမှာ ၎င်း၏ သိက္ခာနှင့် ဆန့်ကျင်လျက် ရှုထောင့်တိုင်းမှ သူ့အနေအထားကို နှိမ့်ချရှုမြင်သကဲ့သို့ ဖြစ်နေပါသည်။ လူသားကို တည်ရှိရပ်တည်နေစေသော အကြောင်းအရင်း ရှုထောင့်၊ ၎င်းကို ဖန်ဆင်းရသော အကြောင်းအရင်းရှုထောင့်များမှာ သူ့ဖွဲ့စည်းပုံ၊ ၎င်းဖွဲ့စည်းဖြစ်ပေါ်လာရခြင်း၏ အကြောင်းအရင်း၊ အသိတရား၊ မည်သည့် ရှုထောင့်မှ ဖြစ်စေကာမူ လူ့ဂုဏ်သိက္ခာနှင့် အနောက်တိုင်းသားတို့၏ ရှုမြင်သုံးသပ်ပုံမှာ ၀ိရောဓိဖြစ်နေပေသည်။
ဤသို့သော ရှုမြင်သုံးသပ်မှုများပြုလုပ်ပြီးမှ ယင်းအနောက်နိုင်ငံများမှပင် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် လူ့ဂုဏ်သိက္ခာ၊ လူသား၏ အနေအထား၊ ထာဝရခံစားခွင့်ရှိသော ပြောင်းလဲ၍မရနိုင်သော မြင့်မြတ်သည့် လူ့အခွင့်အရေး များကို ကျယ်လောင်စွာ ကြေငြာဖော်ထုတ်ဟောပြော၍ တွန်းအားပေးနေသည်ကို တွေ့ရပေသည်။
သဘာဝဆိုင်ရာ လူ့အခွင့်အရေး ကြေငြာခြင်းကို ကျယ်လောင်စွာ ဟစ်ကြွေးခြင်း မပြုလုပ်မီ အနောက်တိုင်းအနေနှင့် ပြုလုပ်သင့်သည့်ကိစ္စမှာ ၎င်းတို့၏ လူသားနှင့် ပတ်သက်သော ရှုမြင်သုံးသပ်ပုံကို ပြန်လည်စီစစ်ဝေဖန် စစ်ဆေးသင့်ပါသည်။
ဤနေရာတွင် ကျွန်ုပ်တို့မှ ၀န်ခံလိုသည့်အချက်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တိုင်းက အထက်ပါ အယူအဆအား ဆုပ်ကိုင်ထားခြင်း မရှိဟူသော အချက်ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ လူ့အခွင့်အရေး ထုတ်ပြန်ကြေငြာသည့် ယင်းအနောက်တိုင်း အတွေးအခေါ်ပညာရှင်အများစု၏ အယူအဆမှာ ကျွန်ုပ်တို့အရှေ့တိုင်း အတွေးအခေါ် ပညာရှင်များနှင့် အလားတူပင်ဖြစ်သည်။ အနောက်တိုင်းရှိ လူအများစုက ဆုပ်ကိုင်ထားသော အယူအဆများသည် ယခုအခါ တကမ္ဘာလုံးရှိ လူသားမျာကို လွှမ်းမိုးလျက်ရှိသည် ဟူသော အမြင်ကိုမူ ကျွန်ုပ်တို့ လက်ခံယူဆထားကြပါသည်။
လူ့အခွင့်အရေးကို ထုတ်ပြန်သူများမှာ လူသားသည် စက်ရုပ် ထက်ပို၍ အဆင့်မြင့်သူ၊ လူသား၏ စေ့ဆော်မှုများသည် ၎င်းင်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ တိရစ္ဆာန်နှင့် ဗီဇသဘောတရားတွင်သာ၊ ကန့်သတ်ရှုမြင် တတ်သောသူမဟုတ်ဟု လူသား၏ အသိစိတ် အသိတရားပေါ်တွင် ယုံကြည်မှုရှိသူများကသာ ထုတ်ပြန် ကြေငြာသင့်သည်။ လူ့အခွင့်အရေး ကြေငြာစာတမ်းထုတ်ပြန် ကြေငြာခြင်း အမှုကို လူသားအား “ကမ္ဘာပြေပြင်တွင် ကိုးကွယ်ရာအရှင်၏ ကိုယ်စား လှယ်´´ဟု လက်ခံယုံကြည်ကြသော အရှေ့တိုင်းသားများကသာ ပြုသင့်ပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ရှင်းလင်းတင်ပြထားသည်မှာ
“မုချဧကန် ငါ(အလ္လာဟ်) အရှင်မြတ်သည် ငါ၏ ကိုယ်စားလှယ်တော် ကို ကမ္ဘာဂြိုဟ်တွင် ခန့်အပ်တော်မူမည်။´´ (စူရာဟ်ဘက္ကရာ ၂း၃၀)
အမှန်စင်စစ် လူသားတွင် အန္တိမပန်းတိုင်နှင့် သွားရမည့် နေရာရှိ သည်ဟု ယုံကြည်ကြသော လူသားများကသာလျှင် လူ့အခွင့်အရေး အကြောင်း ပြောဆိုသင့်သည်။
“အို-လူသား ဧကန်စင်စစ် အသင်သည် မိမိ၏ အရှင်မြတ် ထံတော်သို့ ရောက်ရှိသည့်တိုင်အောင် (သေသည့်တိုင်အောင်) ပင်ပန်းကြီးစွာ ကြိုးပမ်းဆောင်ရွက်ရပေသည်။ ထို့နောက် (အသင်သည်) ယင်းကြိုးပမ်းမှု၏ အကျိုးကို တွေ့ရှိရပေမည်။´´
(စူရာဟ် အင်ရှီကတ်က် ၈၄း၆)
လူ့အခွင့်အရေးထုတ်ပြန်ကြေငြာခြင်းသည် လူသားတွင် သစ္စာတရား (အမှန်တရား)ဘက်သို့ သဘာဝအလျှောက် ကိုင်းညွှတ်မှုရှိသည်ဟု ယုံကြည် ကြသော လူများ၏ စနစ်များနှင့်သာ လိုက်လျောညီထွေဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်တွင်
“ ထိုမှတစ်ပါး အသက်ဇီဝိန်ကိုလည်းကောင်း၊ ထိုအသက်ဇီဝိန်ကို စုံလင်အောင်ပြုလုပ်တော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော် မူ၏။ တဖန် ထိုအရှင်မြတ်သည် အသက်ဇီဝိန်အတွင်းဝယ် ထိုအသက် ဇီဝိန်ပြစ်မှု ဒုစရိုက်၊ (၏အသိ)ကိုလည်းကောင်း ကောင်းမှုသုစရိုက်(၏အသိ)ကို လည်းကောင်း ထည့်သွင်းပေးတော်မူခဲ့၏။´´ ကျမ်းမြတ်ကုရ်အာန်၊ (၉၁း၇-၈)
လူ့အခွင့်အရေး ထုတ်ပြန်ကြေငြာခြင်းသည် လူသား၏ ဗီဇသဘာဝနှင့် ပတ်သက်၍ အကောင်းမြင်ဝါဒရှိသော သူများ၏ ထုတ်ပြန်ခြင်းနှင့်သာ သင့်လျော် သည်။
“ဧကန်မလွဲ ငါအရှင်မြတ်သည် လူကို အကောင်းဆုံးသော အချိုးအစား အရပ်အမောင်း၊ ပုံပန်းသဏ္ဍာန်ဖြင့် ဖန်ဆင်းတော်မူ၏။´´
(သဖန်းပင်ကဏ္ဍး ၄)
လူ့အခွင့်အရေး ထုတ်ပြန်ကြေငြာခြင်းသည် အနောက်တိုင်း၏ အယူအဆ တွေးခေါ်ဆင်ခြင်ပုံနည်းလမ်းနှင့် လိုက်လျောညီထွေခြင်းမရှိ၊ အနောက်တိုင်း အတွေးအခေါ်နှင့် လိုက်လျောညီထွေရှိသော အရာများမှာ လက်တွေ့ကျင့်သုံးနေသော အပြုအမူများသာဖြစ်သည်။ ယင်းတို့မှာ လူသား တို့၏ စိတ်ကူးစိတ်သန်းများကို သတ်ပစ်ခြင်း၊ လူသား၏ ကိုယ်ရည်ကိုယ်သွေး အကျင့်လက္ခဏာများကို ထည့်သွင်းစဉ်းစားလိုမှုမရှိခြင်း၊ လူထက်ငွေကိုပို၍ တန်ဖိုးထားခြင်း၊ စက်ယန္တရားများကို ဦးထိပ်ထား ကိုးကွယ်လိုခြင်း၊ ကြွယ်ဝချမ်းသာလိုခြင်း၊ ကြွယ်ဝချမ်းသာမှုကို ဘုန်းတန်ခိုးဟုယူဆပြီး အခြားဘ၀တူ လူတန်းစားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့ ဖြစ်သည်။ ဤသို့သော အပြုအမူများမှာ အရင်းရှင်ဝါဒမှ ဆောင်ကျဉ်းလာ သော အလေ့အထဆိုးများဖြစ်သည်။ အရင်းရှင်စနစ်တွင် ကန့်သတ်ချက် ကင်းမဲ့သော စွမ်းအားများ ရရှိလာခဲ့ရာ အခွင့်အရေးအနေနှင့် သန်းကြွယ် သူဌေး တစ်ယောက်မှ သူ၏ကြွယ်ဝသမျှကို သူ၏ခွေးအား သေတမ်းစာဖြင့် လွှဲပေးပိုင်ခွင့်ရှိသည်။ များစွာသော လူသားများကို ခွေး၏အတွင်းရေးမှူးများ၊ စာရေးများ အဖြစ်နှင့် ခွေးအားအကောင်းဆုံး လေးစားတန်ဖိုးထားလျှက်၊ တာဝန်ထမ်း ဆောင်စေခဲ့ကြသည်။ ထိုသန်းကြွယ် သူဌေး၏လုပ်ရပ်မှာ ခွေးကို လူထက်ပို၍ တန်ဖိုးထားခြင်းပင်တည်း။
ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြထားသည့် ယနေ့ခေတ်ကာလ အတွက် အရေးကြီးဆုံး လူမှုဆိုင်ရာ ပြဿနာမှာ လူသားသည် မိမိကိုယ်ကို မိမိ မေ့လျော့နေပြီး ထိုမျှမက မိမိ၏ ကိုးကွယ်ရာအရှင်(အလ္လာဟ်)ကိုလည်း မေ့လျှော့နေချေပြီ။ လူ၏ အာရုံစူးစိုက်မှုမှာ ရုပ်လောကသက်သက် (လောကီရေးသက်သက်) အတွက်သာဖြစ်ပြီး မိမိကိုယ်ကိုမိမိ ပြန်လည် ဆန်းစစ်ရန်ကိုမူ မေ့လျှော့နေကြချေပြီ။ လူသားသည် ၎င်းတွင် ၀ိညာဉ်ပျောက်ဆုံးသွားသည်ဟု ထင်မြင်နေသည်။  ဤသို့သော တွေးခေါ်ပုံ တွေးခေါ်နည်းမှာ အဆိုးဝါးဆုံး တွေးခေါ်ခြင်းဖြစ်သည်။ လူသားဝါဒကို လုံးဝဥဿုံ ပျက်စီးစေကောင်း ပျက်စီးစေနိုင်သည်။ မျက်မှောက်ခေတ် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကြီးမှ အားလုံးသောအရာများကို အမြင့်ဆုံး အဆင့်ရောက်အောင် ထုတ်လုပ်ပေးနိုင်သော်လည်း စစ်မှန်သော လူသားကိုမူ ထုတ်လုပ်ပေးနိုင်ခြင်း လုံးဝမရှိသေးပါ။
ဂန္ဒီမှပြောခဲ့သည်မှာ “ဥရောပတိုက်သားများအား ကမ္ဘာဂြိုဟ်၏ အရှင်သခင်´´ဟု ခေါ်ဆိုရန် ထိုက်တန်ပေသည်။ ဥရောပသားများအနေနှင့် ကမ္ဘာနှင့်ဆိုင်သော အရင်းအမြစ် ပစ္စည်းအားလုံးကို ပိုင်ဆိုင်ထားသည်။ အခြားနိုင်ငံများတွင် ကိုးကွယ်ရာအရှင်ကမှ တတ်စွမ်းနိုင်သည်ဟု ယုံကြည်ယူဆ ရသော အရာအားလုံးကို သူတို့မှ ပြုလုပ်နိုင်စွမ်းရှိသည်။ ဥရောပတိုက်သားများ ပြုနိုင်စွမ်းမရှိသောအရာမှာ တစ်ခုတည်းသာရှိသည်။ ယင်းမှာ မိမိကိုယ်ကို မိမိ ပြန်လည်ဆန်းစစ်ခြင်းပင်ဖြစ်သည်။ ဤအချင်းအရာ တစ်ခုတည်းနှင့်ပင် တဖိတ်ဖိတ်တောက်ပနေသော ခေတ်သစ်ယဉ်ကျေးမှု၏ အချည်းအနှီးဖြစ်ခြင်း၊ အလဟဿဖြစ်ခြင်း သဘောကို သက်သေပြနိုင်သည်။
အနောက်တိုင်း ယဉ်ကျေးမှုသည် ဥရောပတိုက်သားများအား မူးယစ် သောက်စားမှု၊ လိင်မှုအားဖြင့်ဒုက္ခပေးသည်။ အကြောင်းမူကား ထိုယဉ်ကျေးမှု သည် လူသားအနေနှင့် “မည်သည့်လူမျိုး (အမျိုးအစား)ဖြစ်သည်ဟူ၍ ကိုယ့်ကိုယ်ကို ရှာဖွေ ဆန်းစစ်ရမည့်အစား မိမိကိုယ်ကိုဖြုန်းတီးခြင်းဖြင့် မေ့လျော့စေသည်။ ၎င်းတို့၏ လက်တွေ့အသုံးချသော စွမ်းရည်များအား ရှာဖွေဆန်းစစ်ခြင်း၊ အသစ် တီထွင်ဖန်တီးခြင်း၊ စစ်ရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ခြင်းစသည်တို့မှာ မိမိတို့ ကိုယ်ကို မိမိဘာသာ ထိန်းချုပ်ရမည့်အစား ထိုစိတ်ကျဉ်းကျပ်မှုများမှ လွတ်မြောက် အောင်ပြုလုပ်လျင်းမှ ထွက်ပေါ်လာသော ရလဒ်များသာဖြစ်သည်။´´
လူသားသည် တစ်ဦးတည်းနေရမှာကို ကြောက်ရွံခြင်း၊ သူ၏ မပွင့်မလင်းမှု၊ ငွေကြေးမက်မောမှုများက သူရင်တွင်းသံစဉ်များကို နားထောင်နိုင်စွမ်းမရှိအောင်ပြုလုပ်နေသည်။ သူ၏ စိတ်(နာ့ဖ်စ်ဝိညာဉ်)ကို မနိုင်ခြင်းကပင် ကမ္ဘာကို စစ်အောင်လိုခြင်းအားဖြစ်စေသည်။ ထိုအကြောင်း ကြောင့်ပင် ဥရောပတိုက်သားများသည် ခြေဆန့်လေရာ ကမ္ဘာ့ဒေသများတွင် ရှုတ်ထွေးမှုနှင့် ပရမ်းပတာဖြစ်မှုများ ဖန်တီးပေးသကဲ့သို့ဖြစ်စေသည်။ လူတစ်ယောက်တွင် သူ၏စိတ်ဝိညာဉ်စွမ်းအား ဆုံးရှုံးသွားသောအခါ ကမ္ဘာကို အနိုင်ရစိုးမိုးနိုင်သော်လည်း အသုံးမ၀င်တော့ချေ။ အမှန်တရား၊ မေတ္တာတရား၊ ငြိမ်းချမ်းရေးတရားများအတွက် အင်ဂျီလ်ကျမ်းကို သင်ကြားပေးခဲ့ရသူများသည် ရွှေနှင့်ကျေးကျွန်များရှာဖွေရန် ခြေဦးတည့်ရာ သွားခဲ့သည့် အဖြစ်မျိုး ရောက်ခဲ့ရသည်။ အင်ဂျီလ်ကျမ်းမှ သွန်သင်သကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်တွင် ခွင့်လွှတ်သည်းခံမှု၊ တရားမျှတမှု ရှာဖွေရမည့် အစား သူတို့သည် ၎င်းတို့၏ ဘာသာတရားကို အပြစ်များကင်းလွတ်ခွင့် ရရှိစေရန်အတွက်သာ အသုံးပြုခဲ့သည်။ ဘုရားသခင်မှ ချီးမြှင့်သောကောင်းချီး မင်္ဂလာ၊ သတင်းစကားများကို ဖြန့်ချိရမည့်အစား အပြစ်မဲ့ လူသားများအပေါ်တွင် သေစေနိုင်သော ဗုံးများကို ကျဲချခဲ့ကြသည်။
ဤအချက်များမှ ထင်ဟပ်ဖော်ပြနေသည်မှာ လူ့အခွင့်အရေး ထုတ်ပြန် ကြေငြာခြင်းကိစ္စသည် အနောက်တိုင်းသားများက ထိုလူ့အခွင့်အရေးကို ချိုးဖောက် ကျူးလွန်စေသော အကြောင်းအရင်းဖြစ်သည်။ အနောက်တိုင်းသား များ၏ လက်တွေ့နေထိုင်မှုဘ၀၏ နောက်ကွယ်တွင်ရှိသော အတွေးအခေါ် အယူအဆ(ဒဿန)သည် လူ့အခွင့်အရေး ထုတ်ပြန်ကြေငြာခြင်းကို ကျဆုံးစေရ သော စစ်မှန်သော အကြောင်းအရင်း ဖြစ်သည်။

မိသားစု အခွင့်အရေးများဆိုင်ရာ သဘာဝကျသော ယူဆချက်များ
အထက်တွင် ကျွန်ုပ်တို့ တင်ပြခဲ့သည့်အတိုင်း လူသားတွင် မွေးရာပါ ဂုဏ်သိက္ခာတစ်မျိုးရှိသည်။ ကိုးကွယ်ရာအရှင်၏ ဖန်ဆင်းခြင်း သဘောသဘာဝအရ ထာဝရဖြစ်သော ပြောင်းလဲ၍မရနိုင်သော အခွင့်အလမ်းများနှင့် လွတ်လပ်ခွင့်များကို လူသားအား အပ်နှင်းထားခဲ့သည်။ ထိုအရာမှာ အများနှင့်ဆိုင်သော လူ့အခွင့်အရေး ကြေငြာစာတမ်း၏ အခြေခံနှင့် အနှစ်သာရပင် ဖြစ်သည်။
အစ္စလာမ်နှင့် အရှေ့တိုင်း၏ ဒဿန(အတွေးအခေါ်)များက ဤအနှစ်သာ ရသဘောကို ထောက်ခံသည်။ လူ့အခွင့်အရေး ကြေငြာချက်၏ အခြေခံ သဘောတရားနှင့် မကိုက်ညီသည့်အရာမှာ အနောက်တိုင်းဒဿန၏ အမျိုးမျိုး အထွေထွေသော စနစ်များက လူသား၏ မူလအစနှင့်သဘောသဘာဝ အပေါ် အဓိပ္ပာယ်ကောက်ယူမှု လွှဲမှားနေခြင်းပင် ဖြစ်သည်။
လူ့အခွင့်အရေးနှင့် ပတ်သက်သော အသိပညာကို ပြဌာန်းသည့် တစ်ခု တည်းသော ခိုင်လုံသည့် အရင်းအမြစ်သည် ကြီးကျယ်၍တန်ဖိုး မြင့်မားလှသည့် စာအုပ်မှာ သဘာဝတရားပင် ဖြစ်ချေသည်။ ဤကြီးကျယ် ထင်ရှားလှသည့် စာအုပ်၏ စာမျက်နှာများကို ကိုးကား၍သာ လူသားမျိုးနွယ် အားလုံးအတွက် အမှန်တကယ် ဘုံဖြစ်စေမည့် အခွင့်အရေးများကို ရှာဖွေတွေ့ရှိနိုင်စေမည်။ ယောက်ျားနှင့် မိန်းမတို့၏ အခွင့်အရေးများကို နှိုင်းယှဉ် လေ့လာစီစစ်မှုမျိုးကို လည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
အံ့သြဖွယ်ကောင်းသည့်အချက်မှာ သာမန်ရိုးရှင်းလှသော စိတ်နေ စိတ်ထားရှိသူများအနေနှင့်ပင် ဤကြီးမားလှသည့် အရင်းအမြစ်ကြီးကို သတိပြု မိခြင်းမရှိ။ ၎င်းတို့၏ အဆိုအရ အထက်ပါ လူ့အခွင့်အရေးစာတမ်းကြီးကို ထုတ်ပြန် ရာတွင်ပါဝင်ခဲ့သော ကမ္ဘာကို လွှမ်းမိုးသည့် အနည်းငယ်မျှသော လူသားများ၏ ခန္ဓာကိုယ်သည်သာလျှင် ခိုင်လုံကိုးစားလောက်သော အရင်းအမြစ် များဖြစ်သည်။ ၎င်းင်းတို့ကပင် ဤကြေငြာစာတမ်း ထုတ်ပြန်ရန် ချယ်လှယ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးများသည် ၎င်းင်းတို့ကိုယ်တိုင်က ထိုအကြောင်းအရာများကို လက်တွေ့ ကျင့်သုံးမှု ရှိချင်မှရှိမည်ဖြစ်သော်လည်း အခြားပုဂ္ဂိုလ်များအတွက် မူကား ငြင်းဆိုခွင့်ရှိမည်မဟုတ်။ ဤလူ့အခွင့်အရေး ပုဂ္ဂိုလ်များ၏ အမည်နာမများကြားတွင်ပင် ကျွန်ုပ်တို့အနေနှင့် ယင်းမှကွဲပြား ခြားနားရန် အခွင့်အရေး ရှိသည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏အမြင်အရ ခိုင်လုံလှသည့် အရင်းအမြစ် မှာ သဘာဝတရားကြီး ကိုယ်တိုင်ပင်ဖြစ်သည်။ ယင်းသဘာဝတရားကြီးကို ကိုးကွယ်ရာအရှင်မှ လမ်းညွှန် ချမှတ်ပေးသည့် စာအုပ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် စာရှုသူ၏ အကြိုက်ကို လိုက်လိုသောကြောင့် မေးခွန်းအချို့ကိုမေးလိုပါသည်။ ယင်းမေးခွန်းများမှာ တစ်ခုသောအတိုင်း အတာအရ ဒဿနဆန်ပြီး နားလည်ရန် ခက်ခဲသော မေးခွန်းများဖြစ်သည်။ အချို့စာဖတ် ပရိသတ်များအတွက်ဆိုလျှင် ပျင်းရိငြီးငွေ့ဖွယ်ရာပင် ကောင်းပါလိမ့် မည်။ ကျွန်ုပ်တို့ အနေနှင့် ဤသို့သော ခြောက်သွေ့ငြီးငွေ့ဖွယ်ရာမေးခွန်းများကို ရှောင်ရှားလိုသော်လည်း အမျိုးသမီးအခွင့်အရေးနှင့်ဆိုင်သော အကြောင်းအရာ မှာ ယင်းမေးခွန်းများနှင့် နီးကပ်စွာ ဆက်နွယ်နေမှုကြောင့် အားလုံးကို ထုတ်ပယ်ပစ်ရန် မစွမ်းသာချေ။

သဘာဝအခွင့်အရေးနှင့် သဘာဝ၏ ရည်ရွယ်ချက်များကြားရှိ ဆက်နွယ်မှု
ကျွန်ုပ်တို့၏ ရှုမြင်သုံးသပ်မှုအရ သဘာဝနှင့် မွေးရာပါ အခွင့်အရေး များသည် ကိုးကွယ်ထိုက်သောအရှင်၏ စီစဉ်နေရာချထားမှုများမှ ဖြစ်ပေါ်လာ သည်။ ယင်းစီစဉ်နေရာချထားမှုအရပင် ဖန်ဆင်းခြင်းနှင့်ဆိုင်သော ယန္တရားများ နှင့်ကိုက်ညီသောအမြင်ကို ရှေ့တန်းတင်ကာ ယင်းတို့၏ ပြီးပြည့်စုံမှုအတွက် တွန်းအားပေးလျှက် ပြုလုပ်စီမံထားသည်။ ယင်းတို့၏ စွမ်းရည်မှာ ၎င်းင်းတို့ကို စတင်ပြုလုပ်ခဲ့သော စီမံမှုအပေါ်တွင်သာ များစွာဆက်စပ်နေသည်ကို တွေ့ရ၏။ သဘာဝစွမ်းရည်တိုင်းသည် သဘာဝ အခွင့်အရေး တစ်ခုပေါ်၌သာ အခြေခံ၍ ဖြစ်ပေါ်လာရသည်။ တစ်ချိန်တည်းမှာပင် ထိုအခွင့်အရေးသည် ယင်းကို အကောင်အထည် ဖော်ပေးမည့် သဘာဝဆိုင်ရာ အာဏာပိုင်လည်း ဖြစ်ပေသည်။ ဥပမာ- လူသားကလေးငယ်တိုင်းတွင် သင်ယူခြင်းဆိုင်ရာ အခွင့်အရေးရှိပြီး ကျောင်းသို့ သွားပိုင်ခွင့်လည်းရှိသည်။ သို့သော် သိုးငယ်တစ်ကောင်တွင် ထိုကဲ့သို့သော အခွင့်အရေးမရှိနိုင်ပေ။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရပါသနည်း။
ဤသည်မှာ ကလေးငယ်တွင် သင်ယူခြင်းကို ပြုလုပ်နိုင်သည့် စွမ်းရည်ရှိသကဲ့သို့ သင်ယူမှုနှင့်အတူ ပို၍ပို၍ အသိပညာရှိသူ ဖြစ်လာနိုင်သော်လည်း သိုးငယ်တစ်ကောင်တွင်ကား ထိုကဲ့သို့သော သဘာဝစွမ်းရည်များမရှိနိုင်။ ဖန်ဆင်းမှုဆိုင်ရာ စက်ယန္တရားကြီးမှ ဤအခွင့်အရေးနှင့်ဆိုင်သော လုပ်ပိုင်ခွင့် အာဏာကို လူသား၏ ဖွဲ့စည်းတည်ဆောက်မှုအတွင်း သွတ်သွင်းထားသော်လည်း “သိုး´´၏ တည်ဆောက်ဖွဲ့စည်းမှုအတွင်း ထည့်သွင်းထားခြင်းမရှိပေ။ အလားတူ လူတွင်ရှိသော ဆင်ခြင် တွေးတောပိုင်ခွင့် မဲပေးပိုင်ခွင့်နှင့် လွတ်လပ်သော ဆန္ဒထားရှိ ပိုင်ခွင့်များကိုလည်း သိုးများတွင် မတွေ့နိုင်။
အချို့သော လူသားများက သဘာဝအခွင့်အရေးးများဆိုင်ရာ သီအိုရီနှင့် သဘာဝတရားဟူသော အယူအဆများသည် လူသားများအတွက်  အထူးအခွင့် အရေးဖြစ်စေခြင်းမှာ ယုတ္တိမတန် တစ်ကိုယ်ကောင်းဆန်သည့် အတွေးအခေါ်များ၊ ကြွေးကြော်တောင်းဆိုချက်များသာဖြစ်သည်ဟု ဆိုကြသည်။ ဧကန်စင်စစ် လူသားများ၏ အခွင့်အရေးနှင့် လူသားမဟုတ်သော အရာများ ကြားရှိ အခွင့်အရေးများတွင် ကွဲပြားခြားနားချက် တစ်စုံတစ်ရာမရှိဟု ယူဆနေ ကြသည်။ သို့သော် အထက်ပါယူဆချက်မှာ အမှန်တရား မဟုတ်ပေ။ သဘာဝ စွမ်းရည် စွမ်းပကားများသည် ကွဲပြားခြားနားနေပါသည်။ သဘာဝတရားကြီးက တည်ရှိနေသည့် မျိုးစိတ်အားလုံးကို သူ့လမ်းကြောင်းနှင့်သူ လည်ပတ်နိုင်အောင် သွတ်သွင်းပေးထားသည်။ ထို့ကြောင့် မျိုးစိတ်တိုင်း မျိုးစိတ်တိုင်းသည် သဘာဝ တရားမှ အပ်နှင်းထားသည့် ကန့်သတ်ချက်ဘောင်အတွင်း၌သာ အောင်အောင် မြင်မြင် လှုပ်ရှားနိုင်သည်။ ဖန်ဆင်းရှင် (အလ္လာဟ်)မှ ထိုကဲ့သို့ ရည်ရွယ်ချက်နှင့် ပြုပြင် ဖန်တီးထားခြင်း ဖြစ်သည်။ မည်သည့် ကြုံကြိုက် တိုက်ဆိုင်မှုကြောင့်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။
ကျွန်ုပ်တို့ ယခုစဉ်းစားဆင်ခြင်နေသည့် မိသားစုဆိုင်ရာအခွင့် အရေး၏ အခြေခံသဘောမှာလည်း အခြားသော သဘာဝဆိုင်ရာ အခွင့်အရေးများ ကဲ့သို့ပင် သဘာဝတရားကို ရှာဖွေသုံးသပ်၍ ဆင်ခြင်သင့်ပေသည်။ ကျွန်ုပ်တို့ အနေနှင့် ယောက်ျားနှင့် မိန်းမတို့၏ သဘာဝစွမ်းရည် စွမ်းပကားများကို လေ့လာသုံးသပ်ပါက ယင်းတို့တွင် ထပ်တူကျသော အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ ရှိသင့် မရှိသင့်ဟူသောအချက်ကို အလွယ်တကူ ရှာဖွေတွေ့ရှိ နိုင်မည်။ အထက်တွင် ညွှန်ပြထား သကဲ့သို့ အငြင်းပွားဖွယ်ကိစ္စမှာ ကျားမဆိုင်ရာ အခွင့်အရေးများ တန်းတူညီတူ မဖြစ်ဘဲ ထပ်တူညီတူဖြစ်ခြင်း ကိစ္စဖြစ်သည်။

လူမှုရေးဆိုင်ရာအခွင့်အရေးများ
လူမှုဆက်ဆံရေး၊ မိသားစုဆိုင်ရာအခွင့်အရေးများနှင့် ပတ်သက်၍ လူသား၏ အနေအထားမှာ အမြဲတန်းမတူညီနိုင်ပေ။ အချို့သော ကိစ္စရပ်များ အတွက် ၎င်းတို့သည် ဆင်တူညီမျှသော အခွင့်အရေးများကို ခံစားနိုင်ကြပြီး အချို့သော ကိစ္စရပ်များအတွက်မူ ထပ်တူထပ်မျှ မခံစားနိုင်ကြချေ။ သို့သော် ညီမျှသော အခွင့်အရေးကိုမူ ခံစားနိုင်ခွင့်ရှိကြသည်။ လူ့အဖွဲ့အစည်းအတွင်း၌ မူလအခြေခံဖြစ်သော အခွင့်အရေးများသည် လူသားအားလုံးအတွက် “ဘုံ´´ညီတူညီမျှခံစားခွင့် ရှိသည်။ ဥပမာ- လူတိုင်းလူတိုင်းသည် ၎င်းတို့၏ “ပါရမီခေါ် ပင်ကိုယ်စွမ်းရည်´´ကို အသုံးပြုနိုင်ခွင့်ရှိသည်။ ဘ၀အတွက် အလုပ်လုပ်ကိုင်ခြင်း၊ ဘ၀စိန်ခေါ်မှုအတွက် ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ လူမှုရေးရာထူးတစ်ခုအတွက် ကိုယ်စားလှယ်လောင်းတစ်ယောက် ဖြစ်နိုင်ခွင့် ရှိနိုင်သည်။ ယင်းနေရာ အတွက်လည်း တရားမျှတသော နည်းလမ်းများနှင့် လုံခြုံမှုရရှိစေနိုင်သည်။ ထို့အပြင် ထိုသူအနေနှင့် ယင်းပုဂ္ဂိုလ်၏ လက်တွေ့ပိုင်ဆိုင်မှုနှင့် ဥာဏဆိုင်ရာ စွမ်းရည်ပိုင်ဆိုင်မှုများကို ဖော်ထုတ်ခွင့်ရှိရမည်။
အခြေခံမူလအခွင့်အရေးများနှင့် ပတ်သက်သော ညီမျှခြင်းသဘော တရားက လူသားများအား ၎င်းင်းတို့ရရှိသော အခွင့်အရေးများနှင့် ပတ်သက်၍ မညီမျှသော အနေအထားသို့ ရောက်ရှိစေသည်။ ဥပမာ-လူတိုင်းလူတိုင်း ဘ၀တိုက်ပွဲအတွက် ပါဝင်လုပ်ကိုင် ဆောင်ရွက်နိုင်ခွင့် ရှိသော်ငြားလည်း အလုပ်နှင့် ပတ်သက်၍ လက်တွေ့ဆောင်ရွက် ပြီးစီးမှုအတွက်ကား အားလုံးတွင် ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်ခွင့်ကို ၎င်းတို့ဘာသာ ညီတူညီမျှ ဆောင်ရွက်နိုင်မှုမရှိ။ တချို့က တချို့ထက် ပို၍စွမ်းဆောင်နိုင်သော်လည်း အချို့မှာ အနည်းငယ်သာ စွမ်းဆောင်နိုင်ခဲ့ကြသည်။ အလားတူစွာ တချို့က တချို့ထက်ပို၍ ကျွမ်းကျင်ကြပြီး တချို့မှာကား မကျွမ်းကျင်။ အလားတူပင် အချို့သော သူများမှာ ပို၍ ဗဟုသုတနှင့် စုံလင်ကြွယ်ဝသော ပို၍ ယုံကြည်စိတ်ချရလောက်အောင် အရည်အချင်းရှိသော ပို၍ ကျွမ်းကျင်ပိုင်နိုင်သောကြောင့် အခြားသူများထက်ပို၍ သင့်လျှော်သော သဘောရှိသည်။ ထို့ကြောင့် ၎င်းင်းတို့မှ ရရှိသော အခွင့်အရေးများသည်လည်း တစ်ဦးနှင့်တစ်ဦး ထပ်တူထပ်မျှမဖြစ်နိုင်။ ထို့ကြောင့် ၎င်းတို့၏ ရရှိပိုင်ဆိုင်ထားသော အခွင့်အရေးများကို  ၎င်းတို့၏ မူလဘူတ အခွင့်အရေးများ နည်းတူ ထပ်တူထပ်မျှ ဖြစ်အောင် လိုက်လုပ်ပါက ယင်းသည် မတရားမမျှတမှု သက်သက်သာဖြစ်ပြီး မည်သို့မျှ အဓိပ္ပာယ်ရှိမည်မဟုတ်။
လူခပ်သိမ်းတို့တွင် တူညီသော အခွင့်အရေးများရှိခြင်း၊ ထပ်တူညီမျှ သော အခွင့်အရေးများရှိကြောင်း သက်သေပြရခြင်း အကြောင်းအရင်းမှာ လူ့ရေးရာကိစ္စများကို လေ့လာခြင်းဖြင့် မည်သည့် လူသားတစ်ဦးတစ်ယောက်ကိုမျှ သူဌေး၊ အရှင်သခင်အဖြစ် ဖန်ဆင်းထားခြင်းမရှိ။ မည်သည့်လူသားကိုမျှလည်း အစေအပါး၊ အောက်တန်းစားအဖြစ် ဖန်ဆင်းထားခြင်းမရှိကြောင်း သိသာ ထင်ရှားစေရန် ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ အလုပ်သမား၊ လက်မှု ပညာသည်၊ ကျောင်းဆရာ၊ ရုံးအရာရှိ၊ စစ်သား၊ ၀န်ကြီးအဖြစ် မွေးဖွားလာခြင်း မရှိခဲ့ပါ။ ဤကွဲပြားခြားနားသော အခြေအနေ ရာထူး အဆင့်အတန်းများသည် ကိုးကွယ်ရာအရှင်ထံမှ ရရှိထားသော အဆင့်အတန်းများ၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ လူတစ်ဦးချင်းသည် ၎င်းင်းတို့၏ အရည်အချင်း၊ မွေးရာပါ စွမ်းရည်၊ ကြိုးစားအားထုတ်မှုနှင့် ပင်ပမ်းအားစိုက်ခဲ့မှုများကြောင့် ရရှိလာသော အခွင့်အရေးများပင် ဖြစ်သည်။
ဤသည်မှာ လူသားများ၏ လူမှုဘ၀နှင့် အုပ်လိုက်သင်းလိုက်နေ တတ်သော ပျားသတ္တ၀ါများကြားရှိ ကွဲပြားခြားနားချက်ဖြစ်သည်။ ပျားများ ဘ၀ဖြစ်ပေါ်မှု(၁၀၀%)သည် သဘာဝတရားဖြစ်သည်။ ယင်းတို့အတွက် များပြားလှစွာသော လုပ်ငန်းနှင့် တာဝန်များကို သဘာဝတရားကပင် ခွဲဝေပေးခဲ့ သည်။ ယင်းတို့အနက် အချို့ပျားများမှာ အကြီးအကဲများဖြစ်ပြီး၊ အချို့မှာ အောက်တန်းစား အဆင့်နိမ့်ပျား များဖြစ်ကြရသည်။ ယင်းတို့အနက် အချို့မှာ အင်ဂျင်နီယာပျားများ အဖြစ်လည်းကောင်း၊ အချို့မှာ အုပ်ချုပ်ရေးဆိုင်ရာ ရုံပိုင်အရာရှိပျားများအဖြစ် လည်းကောင်း၊ အချို့မှာ သာမန် အလုပ်သမားပျား များအဖြစ်လည်းကောင်း မွေးဖွားလာခဲ့ကြသည်။ သို့သော် လူသား၏ ဘ၀ဖြစ်စဉ်မှာကား ပျားများနှင့် အတော်ပင် ကွာခြားနေပါသည်။ ထို့ကြောင့်ပင် အချို့သော ဥာဏ်ပညာရှင်ကြီးများက ရှေးဟောင်းအယူ အဆဖြစ်သည့် “လူ့သဘောသဘာဝအရ လူမှုဆက်ဆံရေးဖြင့် ပေါင်းသင်း နေထိုင်တတ်သော သတ္တ၀ါဖြစ်သည်´´ဟူသော အယူအဆကို ငြင်းဆန်ပြီး လူသား၏ လူမှုဆက်ဆံရေးသည် ပဋိညာဉ်အရဖြစ်သော ဆက်ဆံရေးသာ ဖြစ်သည်ဟု ယူဆထားခဲ့ကြသည်။

မိသားစုအခွင့်အရေးများ
ဤသည်တို့မှာ မိသားစုမဟုတ်သော လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် မိသားစုနှင့် သက်ဆိုင်သော လူ့အဖွဲ့အစည်းအတွက်ကား မည်သို့ ဖြစ်မည်နည်း။ ၎င်းတို့၏ ရရှိထားသော အခွင့်အရေးများသည် မိသားစု လူ့အဖွဲ့အစည်းအတွင်း အားလုံး ထပ်တူညီမျှသော အခွင့်အရေးများ ရရှိနေကြပါ သလား။ မိသားစုအခွင့်အရေးဟုဆိုရာတွင် မိသားစု၌ ဇနီးမယား၊ လင်ယောက်ျား၊ မိဘ၊ သားသမီးများ၊ ညီအစ်ကိုများ၊ ညီအစ်မများစသည်ဖြင့် ကွဲပြားခြားနား နေကြပါလျှင် အိမ်တွင်းရေးနှင့်ဆိုင်သော (သို့မဟုတ်) မိသားစု အခွင့်အရေးများနှင့် ပတ်သက်သည့် အထူးဥပဒေသများ ရှိနေပါသလား။
ဤနေရာတွင် ယင်းနှင့်ပတ်သက်၍ ကြိုတင်ယူဆထားသော ယူဆချက် နှစ်ခုရှိပေသည်။ ယင်းယူဆချက်နှစ်ခုအနက်တစ်ခုမှာ လင်ယောက်ျားနှင့် ဇနီးမယား ကြားရှိဆက်စပ်မှု (သို့မဟုတ်) မိဘနှင့် သားသမီးများအကြား ဆက်နွယ်မှုများကဲ့သို့၊ အခြားသော လူမှုရေးဆိုင်ရာ ဆက်နွယ်မှုများပင်ဖြစ်သည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံတော်နှင့် အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းများကြားရှိ တစ်ဦးချင်း တစ်ဦချင်း၏ ပူးပေါင်းဆောင်ရွက်မှုမျိုးနှင့် သ္ဌဏာန်တူသည်။ ဤကဲ့သို့ သောဆက်နွယ်မှုတွင် အချို့သော လူတစ်ဦးချင်းဆီက မွေးရာပါ အထူးအခွင့်အရေးများ၊ နေရာများကို ဆက်ခံခွင့်ရသည်ဟု မဆိုလိုပါ။ လူတစ်ဦးက အုပ်ချုပ်သူ သူဌေးဖြစ်ပြီး အခြားတစ်ဦးက ၎င်း၏လက်အောက်ခံ ဖြစ်နေခြင်း၊ တစ်ဦးက အမိန့်ပေး၍တစ်ဦးက အမိန့်နာခံရခြင်း၊ တစ်ယောက်က လစာမြင့်မား၍ အခြား တစ်ယောက်က လစာနိမ့်ပါးခြင်း စသည်တို့မှာ ယင်းတို့၏ ကြိုးစားအားထုတ်ပြီးမှ ရရှိထားကြသော အခွင့်အရေးများသာ ဖြစ်ကြသည်။ လူတစ်ယောက်မှ လင်ယောက်ျားဖြစ်ခြင်း၊ ဇနီးမယားဖြစ်ခြင်း၊ ဖခင်ဖြစ်ခြင်း၊ မိခင်ဖြစ်ခြင်း၊ သားသမီးဖြစ်ခြင်းတို့မှာ မည်သူမျှ မွေးဖွားစဉ်ကတည်းက အထူးနေရာများ ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပါ။ ယင်းအဆင့်အတန်းတို့သည် ထိုသူများ၏ အားထုတ်မှုဖြင့် ရရှိလာသော အဆင့်အတန်းများသာဖြစ်ကြသည်။ ထိုအဆင့်အတန်းများသည် ၎င်းတို့တစ်ဦးနှင့်တစ်ဦး ဆက်နွယ်မှုအနေအထား များကို ရည်ညွှန်းနေကြခြင်းပင်ဖြစ်သည်။
ကျား၊ မနှစ်ဦးကြားရှိ မိသားစုဆိုင်ရာ အခွင့်အရေးများ တန်းတူညီ မျှမှု(ထပ်တူညီမျှမှု) ဟူ၍ လွဲမှားစွာ ခေါ်ဝေါ်နေကြခြင်းသည် အထက်ဖော်ပြပါ ကြိုတင်ယူဆချက်အပေါ်တွင် အခြေခံထားခြင်းသာဖြစ်သည်။ ဤသီအိုရီသဘောအရ ယောက်ျားနှင့် မိန်းမတို့သည် မိသားစုဘ၀တည်ဆောက်ရာတွင် ဆင်တူဖြစ်သော စွမ်းရည်စွမ်းပကားဖြင့် ပါဝင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦး စလုံးတွင် ဆင်တူသော လိုအပ်ချက်များရှိသကဲ့သို့ အခွင့်အရေးများလည်း ရှိကြသည်။ ထို့ကြောင့် ၎င်းတို့၏ မိသားစု အခွင့်အရေးကို စုစည်းစီစဉ်ရာ၌ ဆင်တူခြင်းနှင့် တူညီခြင်းသဘောတရားပေါ်တွင် အခြေခံသင့်ပါသည်။
အခြားသော ကြိုတင်ယူဆချက်တစ်ခုမှာ ကျားမနှစ်ဦးတို့၏ မူလသဘာဝအခွင့်အရေးများ ကွဲပြားခြားနားနေသည်ဟူသော ယူဆချက် ဖြစ်သည်။ လင်ယောက်ျားတစ်ယောက်တွင် တိကျသေချာသည့် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများရှိသကဲ့သို့ ဇနီးမယားဖြစ်သူတွင်လည်း  သူမနှင့်ဆိုင်သော အခွင့်အရေးနှင့် တာဝန်ဝတ္တရားများရှိသည်ဟူသော အယူအဆဖြစ်သည်။ အလားတူပင် ဖခင်၊ မိခင်နှင့် သားသမီးများတွင်လည်း သက်ဆိုင်ရာ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများရှိနေကြပေသည်။ အထက်ဖော်ပြပါ ကိစ္စရပ်နှစ်ခုစလုံးတွင် မိသားစုလူ့အဖွဲ့အစည်းပုံစံသည် အခြားသော လူ့အဖွဲ့အစည်းပုံစံနှင့် အတော်အတန် ကွဲပြားခြားနားနေပါသည်။ ကျားမနှစ်ဦးကြားရှိ မိသားစုအခွင့်အရေးများ၊ ထပ်တူ ညီမျှမှုမရှိခြင်းဆိုင်ရာ သီအိုရီသဘောတရားသည် အထက်ဖော်ပြပါ ကြိုတင်ယူဆချက်များအနက် ဒုတိယယူဆချက်ဖြစ်ပြီး ယင်းသည် အစ္စလာမ်မှ လက်ခံထားသော သဘောတရားဖြစ်သည်။ ယခုမှစ၍ အထက်ဖော်ပြပါ ကြိုတင်ယူဆချက်နှစ်ရပ်အနက် မည်သည် ကမှန်သည်။ ယင်း၏ မှန်ကန်မှုကို ကျွန်ုပ်တို့ မည်သို့ ဆုံးဖြတ်နိုင်ကြမည်ကို လေ့လာကြည့်ကြပါစို့။

မိသားစု အခွင့်အရေးဆိုင်ရာ သဘာဝအားဖြင့် မှန်ကန်သည်ဟု လက်ခံထားသည့် အဆို
ဤနေရာတွင် စာရှုသူအနေနှင့် မှန်ကန်သောကောက်ချက်သို့ဆိုက်ရောက်စေရန်အတွက် ပြီးခဲ့သော အခန်းကဏ္ဍတွင် ဆွေးနွေးတင်ပြ ပြီးဖြစ်သည့် အောက်ဖော်ပြပါ အချက်အလက်များကို စိတ်ထဲတွင် မှတ်ယူထားသင့်ပါသည်။
(၁)    သဘာဝတရားတွင် တိကျသေချာသော ရည်မှန်းချက် ပန်းတိုင်ရှိ၍ ယင်းရည်မှန်းချက်အားဖြင့်၊ အရာရာကို တိကျသေချာသော စွမ်းရည် စွမ်းပကားများ၊ ဆင်မြန်းပေးထားသည်။ သဘာဝဆိုင်ရာ အခွင့်အရေးများသည် ဤသဘောတရားများကို အခြေပြု၍ ပေါ်ထွက်လာခြင်း ကြောင့် အားလုံးသော သက်ရှိများအတွက် တိကျသေချာသော အခွင့် အရေးများကိုလည်း အပ်နှင်းထားပေသည်။
(၂)    လူသားတွင် တိကျသေချာသော လူ့အခွင့်အရေးများအား ခံစားခွင့်ရှိ သည်။ ယင်းကို မည်သည့်အဟိတ်တိရစ္ဆာန်မှ ခံစားပိုင်ခွင့်မရှိ။
(၃)    သဘာဝဆိုင်ရာ အခွင့်အရေးများနှင့် ယင်းတို့၏ အရည်အသွေးများကို သိရှိရန် ရည်ညွှန်းကိုးကားချက်ယူရမည့် အရင်းအမြစ်မှာ သဘာဝတရားသာဖြစ်သည်။ သဘာဝစွမ်းရည်တိုင်းသည် သဘာဝဆိုင်ရာ အခွင့်အရေးတိုင်း၏ အာဏာပိုင်သာဖြစ်သည် ဟူသော အချက်ဖြစ် သည်။
(၄)    အရပ်သားလူ့အဖွဲ့အစည်းအတွင်းတွင် အဖွဲ့ဝင်ဖြစ်ကြသည့် လူသား တိုင်းအတွက် တန်းတူညီသော သဘာဝအခွင့်အရေးများရှိသလို ထပ်တူညီသော အခွင့်ရေးများလည်း ရှိပေသည်။ သို့သော် ထိုအခွင့် အရေးများကို အမှန်တကယ် ရရှိခံစားနိုင်ခွင့်မှာ ၎င်းတို့၏ ဘ၀တိုက်ပွဲ တွင်မည်မျှပင် ပြည့်စုံအထမြောက်အောင် ကြိုးစားအားထုတ်ပြိုင်ပွဲ ၀င်ခဲ့ရသည်ဟူသော ၎င်းင်းတို့၏ အလုပ်နှင့် သက်ဆိုင်ပေသည်။
(၅)    သာမန်အရပ်သား လူ့အဖွဲ့အစည်းအတွင်းရှိ လူသားများတွင် တန်းတူညီ၍ ထပ်တူကျသော အခွင့်အရေးများရှိကြောင်းကို ပြောနိုင်သည့် အကြောင်းအရင်းကား လူ့သဘာဝကို လေ့လာဆန်းစစ်မှုများက ထောက်ပြနေသည့် သဘောတရားများကြောင့် ဖြစ်သည်။ ယင်းလေ့လာ မှုအရ မည်သည့် လူသားတစ်ဦး တစ်ယောက်မျှ အုပ်ချုပ်သူ သူဌေး သူကြွယ်အဖြစ်လည်းကောင်း၊ အောက်တန်းစား အစေခံအဖြစ် လည်းကောင်း၊ အလုပ်ရှင်အဖြစ်လည်းကောင်း၊ အခိုင်းခံ အလုပ် သမားအဖြစ်လည်းကောင်း၊ အုပ်ချုပ်သူ အဖြစ်လည်းကောင်း၊ အုပ်ချုပ်ခံအဖြစ်လည်းကောင်း၊ ကွပ်ကဲအုပ်ချုပ်ရသောဗိုလ်အဖြစ် လည်းကောင်း၊ သာမန်စစ်သား အဖြစ်လည်းကောင်း၊ မွေးဖွားလာသူ ဟူ၍မရှိ။ လူသားနှင့် ပတ်သက်သောကိစ္စသည် အသင်းအဖွဲ့နှင့် နေတတ်သော ပျားများနှင့် မဆိုင်။ လူသား၏ အသက်ဇီဝိန်ဖြစ်ပေါ် လာရခြင်းသည် သဘာဝတရား၏ ပြဌာန်းချက်ကြောင့်မဟုတ်သလို၊ လူသားတစ်ဦးစီအတွက် ပိုင်းခြား သတ်မှတ်မှုလုပ်ငန်းများ၊ အနေ အထားများမှာလည်း သဘာဝတရား သက်သက်ကြောင့်မဟုတ်။
(၆)    ကျား၊ မဆိုင်ရာ မိသားစုအခွင့်အရေးများ၏ ဆင်တူမှု သီအိုရီသဘောတရားကား အိမ်တွင်းလူ့အဖွဲ့အစည်းဟူသည် မည်သည့် အရပ်သား လူ့အဖွဲ့အစည်းနှင့် မဆိုတူညီသည်ဟူသော ကြိုတင်ယူဆချက်အပေါ် အခြေခံထားသည်။ မိသားစုအတွင်းရှိ အဖွဲ့ဝင်များအားလုံးတွင် ဆင်တူသော လိုအပ်ချက်များရှိသလို ဆင်တူသောစွမ်းရည်စွမ်းပကား များရှိသည်။ သဘာဝတရားကလည်း ၎င်းင်းတို့အပေါ်တွင် ဆင်တူသော အခွင့်အရေးများ အပ်နှင်းထားသည်။ “ဖန်ဆင်းခြင်း´´ဟူသော ဥပဒေသသည် ၎င်းတို့၏ မည်သည့်ပြုမူဆောင်ရွက်ချက်အတွက်မျှ ပုံသေသတ်မှတ် ထားခြင်းမရှိ။ ထို့အပြင် ၎င်းတို့အတွက် ကွဲပြားခြားနားသော တာဝန်ဝတ္တရားများ၊ အခန်းကဏ္ဍများကိုလည်း ပိုင်းခြား သတ်မှတ်ထားခြင်းမရှိဟူ သောအချက်များကို လက်ခံနားလည်ထားသင့်သည်။
မိသားစုအခွင့်အရေးများ ထပ်တူညီမျှ မဖြစ်ခြင်းဟူသော သီအိုရီ သဘောတရားမှာ အိမ်တွင်းလူ့အဖွဲ့အစည်းသည် အရပ်သား လူ့အဖွဲ့အစည်းနှင့်မတူဟူသော ကြိုတင်ယူဆချက်အပေါ်တွင် အခြေခံထားသည်။ ယောက်ျားနှင့် မိန်းမတို့သည် ထပ်တူညီသော စွမ်းရည်စွမ်းပကားမရှိကြသလို၊ ထပ်တူညီသော လိုအပ်ချက်လည်းမရှိ။ ဖန်ဆင်းခြင်းဟူသော ဥပဒေသက ယင်းတို့အား ထပ်တူမညီသော အခြေအနေများတွင် နေရာချထားပေးပြီး၊ တစ်ဦးနှင့် တစ်ဦး အပေါ် ထင်ရှားသော အခန်းကဏ္ဍကို ပေါ်လွင် ထင်ရှားစေသည်။
ယခုမှစ၍ အထက်ဖော်ပြပါ သီအိုရီနှစ်ခုမှ မည်သည့် သီအိုရီသည်မှန် သနည်း။ အဘယ်ကြောင့် ထိုသီအိုရီမှန်သနည်းဆိုသည်ကို ဆန်းစစ်ကြည့်ကြပါစို့။ ကျွန်ုပ်တို့အနေနှင့် ရှေ့တွင်ဖော်ပြထားပြီးဖြစ်သော စံချိန်စံနှုန်းများ၊ အခွင့်အရေးကို ပြဌာန်းပေးသည့် သဘာဝတရားနှင့် လိင်နှစ်ခု ကွဲပြားခြားနား သည့် စွမ်းရည်စွမ်းပကားများ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားမည်ဆိုလျှင် ဖော်ပြပါကိစ္စမှာ အလွယ်တကူ ဖြေရှင်းနိုင်သွားမည်ဖြစ်သည်။

မိသားစု ဘ၀ဟူသည် သဘာဝရပိုင်ခွင့်လော (သို့မဟုတ်) ပဋိညာဉ် သဘောလော
လူသား၏ လူမှုဘ၀နှင့် ပတ်သက်၍ အမြင်နှစ်ခုရှိကြောင်းကိုရှေ့တွင် ဖော်ပြထားပြီးဖြစ်သည်။ အချို့သော သူများက လူသားသည် သဘာဝတရားအရ အပေါင်းအသင်းနှင့် စုဝေးနေထိုင်သော သတ္တ၀ါဖြစ်သည်ဟု လက်ခံနေချိန်တွင် အချို့သောသူများက လူမှုဘ၀သည် ပဋိညာဉ်သဘောအရ ဆောင်ရွက်ရသော ကိစ္စဖြစ်သည်ဟု လက်ခံယုံကြည်ကြသည်။ သူ့အား အတင်းအကြပ် လွှမ်းမိုးခံရသော အခြေအနေများကြောင့် လူသားကိုယ်တိုင်က ရွေးချယ်ရသော ကိစ္စဖြစ် သည်ဟု ရှုမြင်ကြသည်။ သို့သော် ဤကိစ္စသည် အတွင်းပိုင်း အဇ္ဈတသဏ္ဍာန်နှင့် မဆိုင်ဘဲ ဗဟိဒ္ဓအပြင်ပိုင်းနှင့်သာ သက်ဆိုင်သောကိစ္စ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လူသား၏ အိမ်တွင်းရေးကိစ္စနှင့် ပတ်သက်၍ အမြင်တစ်ရပ်သာရှိတော့သည်။ အားလုံးက လက်ခံထားသည့်အချက်မှာ အိမ်တွင်း ရေးဆိုင်ရာကိစ္စသည် လုံးဝသဘာဝကျသော ကိစ္စဖြစ်သည်။ လူသည် သဘာဝအရ ပင်အိမ်တွင်း၌ မွေးဖွားလာရပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ထင်မြင်ယူဆချက် နှစ်မျိုးမရှိနိုင်။ လူမှုဆက်ဆံရေးဘ၀ကို တည်ဆောက်မှုမရှိသော်ငြားလည်း စုံတွဲ နေထိုင်တတ်သော ခိုနှင့်အခြားအင်းဆက်များတွင် လင်မယားနှင့်ဆိုင်သော ဆက်ဆံမှုတစ်မျိုးရှိတတ်သည်။
ထို့ကြောင့် အိမ်တွင်းဘ၀ တည်ဆောက်မှုသည် လူမှုဘ၀ တည်ဆောက်မှုနှင့်မတူ ကွဲပြားခြားနားသည်။ ဤအချက်ကို သဘာဝ တရားကပင် ပိုင်းခြားဆုံးဖြတ် ပေးသည်။ လူသားနှင့် အချို့သော တိရစ္ဆာန်များကို နှိုင်းယှဉ်ကြည့်ပါ။ ဗီဇသဘာဝအရ တိရိစ္ဆာန်ရောလူပါ အိမ်တွင်းဘ၀ တည်ဆောက်ကြပြီး မိသားစုနှင့်ကလေးများရှိခြင်းကို တွေ့နိုင်သည်။ ရှေးဟောင်း လူသားတို့၏ ဘ၀ကိုလေ့လာကြည့်ပါက မိခင်အုပ်စိုးသော (သို့မဟုတ်) ဖခင် အုပ်စိုးသော ခေတ်ကာလ ရှိခဲ့ကြပြီး၊ ယင်းတို့၏ သဘောသဘာဝမှာ အိမ်တွင်း (သို့မဟုတ်)အုပ်စု (သို့မဟုတ်)မျိုးနွယ်စုအတွင်း လွှမ်းမိုးမှု၊ အုပ်ချုပ်မှု မျိုးရှိခဲ့သည်။

ခေတ်ကာလ အပိုင်းအခြား လေးခုနှင့်ဆိုင်သော သီအိုရီ
လူအများစုက ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လက်ခံထားသောအယူအဆကား သမိုင်းဦးကာလတွင် ပိုင်ဆိုင်မှုဟူသည် လူ့အဖွဲ့အစည်းအတွင်း၌သာရှိခဲ့သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ပိုင်ဆိုင်မှုသည် အနောက်ပိုင်းတွင်မှ ဖွံ့ဖြိုးတိုးတက်လာသည်။ ယင်းပိုင်ဆိုင်မှုသည် လိင်နှင့်ကား သက်ဆိုင်မှုမရှိခဲ့ပေ။ သမိုင်းဦးကာလ၌ ဆိုရှယ်လစ် လက္ခဏာ အသွင်အပြင်ရှိရခြင်းမှာ ထိုခေတ်ကာလသည် လူမျိုးနွယ်စုများ အုပ်စုဖွဲ့နေထိုင်သော ကာလဖြစ်သည်။ မိသားစုတစ်စုတည်း၏ အသွင်ဆောင်ခဲ့ကြသည်။ မျိုးနွယ်စုများအတွင်း ပါဝင်ကြသော အသင်းဝင်များအားလုံးသည် အတူတကွ နေထိုင်ကြသည်။ ၎င်းင်းတို့တွင် စိတ်ကူး စိတ်သန်းများ ခံစားချက်များရှိခဲ့ကြသည်။ ဤသည်မှာ ပိုင်ဆိုင်မှုအားလုံးကို တစ်အုပ်စုလုံး၊ တစ်မျိုးနွယ်လုံးက ပိုင်ဆိုင်သည်ဟု ခံယူရခြင်း၏ အကြောင်းအရင်းပင်တည်း။ သမိုင်းဦးခေတ်ရှိ ရှေးကျသော လူ့အဖွဲ့အစည်းများတွင် ကျားနှင့် မတို့၏ တာဝန်ဝတ္တရားများကို သတ်မှတ်ဆုံးဖြတ်ပေးမည့် မည်သည့် ဥပဒေ၊ ဓလေ့ထုံးစံများတွင် ကျားနှင့်မတို့၏ တာဝန်ဝတ္တရားများကို သတ်မှတ် ဆုံးဖြတ် ပေးမည့် မည်သည့်ဥပဒေ ဓလေ့ထုံးစံမျိုးမျှ မရှိခဲ့ရသော အကြောင်းအရင်းပင်ဖြစ်သည်။ သဘာဝတရားနှင့် သဘာဝအလျှောက် ဖြစ်ပေါ်လာသော ခံစားချက်များက ၎င်းတို့အား တိကျသော တာဝန်ဝတ္တရားများ လုပ်ဆောင်စေ သည်။ တိကျသော အခွင့်အရေးများကို အလေးထားလိုက်နာစေသည့် အကြောင်းအရင်းများ ဖြစ်သည်။ ဤသို့သော အခြေအနေမျိုး၌ပင်လျှင် လူသားတို့သည် အကန့်အသတ်ကင်းမဲ့သော ချုပ်တီးမှုမရှိသော လိင်ဆက်ဆံမှု မျိုးကို ခွင့်မပြုခဲ့ပေ။ စုံတွဲနှင့် နေတတ်သော တိရစ္ဆာန်များတွင်လည်း လူမှုရေးနှင့် ပဋိညာဉ်ဆိုင်ရာ ဥပဒေသများ မရှိကြသော်လည်း သဘာဝ ဥပဒေသများမှ ပြဋ္ဌာန်းသော အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ရှိနေတတ်ကြသည်။ ထိုသို့ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ရှိကြသော်လည်း ယင်းတို့ကြားရှိ လိင်မှု ဆက်ဆံရေးဘ၀ကို ကန့်သတ် တားမြစ်ထားခြင်းမရှိ။
“မစ္စက်မဟာရ်အန်ဂစ်ဇ်မန်နူချယ်ရီယန်´´က သူမ၏ “အီရန်နိုင်ငံ၏ အရပ်သားဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မှတ်ချက်များ´´စာအုပ်တွင် `စကားချီး´၌ ရေးသားတင်ပြထားသည်မှာ လူမှုဗေဒဆိုင်ရာ ရှုထောင့်မှ သုံးသပ်ရသော် ကမ္ဘာ့နေရာ ဒေသအသီးသီးတွင် နေထိုင်ကြသော ယောက်ျားနှင့် မိန်းမများ၏ ဘ၀သည် အောက်ဖော်ပြပါ အဆင့်လေးဆင့်ကို ဖြတ်သန်းခဲ့ရသည်။ ယင်းတို့မှာ-
၁။    သဘာဝအတိုင်းရှိနေခဲ့သောအဆင့်
၂။    လူသားက လွှမ်းမိုးကြီးစိုးခဲ့သောအဆင့်
၃။    အမျိုးသမီးများက အမျိုးသား၏ လွှမ်းမိုးမှုကို ပြန်လှန်ကန့်ကွက် သောအဆင့်
၎။    ကျား၊ မကြား တူညီသော အခွင့်အရေးများရှိသောအဆင့်ဟူ၍ခွဲခြား နိုင်သည်။ သူမကဆက်၍ ပြောသည်မှာ ပထမဦးဆုံးအဆင့်တွင် မည်သည့် ကန့်သတ်ချက်မျိုးမျှမရှိဘဲ ကျားမနှစ်မျိုးစလုံးသည် တစ်ဦးနှင့်တစ်ဦး ရောနှော နေထိုင်ဆက်ဆံခဲ့ကြသည်။
ဤကဲ့သို့သော ရှုမြင်သုံးသပ်မှုမျိုးကို လူမှုဗေဒမှ လုံးဝလက်မခံနိုင်။ လူမှုဗေဒပညာက ဤကိစ္စနှင့် ပတ်သက်၍လက်ခံထားသည့် အယူအဆမှာ ရှေးဟောင်းလူသားများကြားရှိ အမြင့်ဆုံးတွေ့ရသော ဓလေ့ထုံးစံမှာ ညီအစ်ကိုများက ညီအစ်မများကို မောင်လယ်နှမလယ် လက်ထပ်မှုမျိုး ရှိတတ် သည်။ အားလုံးသော ညီအစ်ကိုများက ညီအစ်မများနှင့် လက်မထပ်မီ အတူနေသောဓလေ့ရှိခဲ့သည်။ ထိုအုပ်စုအတွင်း မွေးဖွားလာသော ကလေးများကို ၎င်းင်းတို့ အားလုံးက ပူးပေါင်း ပိုင်ဆိုင်ကြသည်။ နောက်ထပ်တွေ့ရသော ဓလေ့ ထုံးစံတစ်မျိုးမှာ ယောက်ျားငယ်၊ မိန်းမငယ်များသည် ယင်းတို့လက်မထပ်မီ ကာလအထိ ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာ ကူးလူးဆက်ဆံခွင့်ရှိသော ထုံးတမ်းစဉ်လာရှိခဲ့သည်။ လက်ထပ်ထိမ်းမြားခြင်းကသာ ၎င်းတို့အပေါ် ချုပ်ချယ်ကန့်သတ်ချက်များ ဖြစ်ပေါ်စေခြင်းဖြစ် သည်။ ဤသည်မှာ ရှေးဟောင်း လူသားများနှင့် ပတ်သက်သော လူသိများသည့် ဓလေ့ထုံးစံနှစ်ရပ် ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ အကယ်၍ ရှေးဟောင်းမျိုးနွယ်စု တစ်ခုတွင် ဖော်ပြပါ ချုပ်ချယ် ကန့်သတ်မှုများထက် သာလွန်၍ ရှိလျှင်သော်လည်းကောင်း၊ အထက်ဖော်ပြပါ ကျား၊ မကြား လိင်ဆက်ဆံမှုထက်ပို၍ ကန့်သတ်ချုပ်ချယ်မှု ကင်းမဲ့သော လိင်ဆက်ဆံမှုကို ခွင့်ပြုထားလျှင်သော်လည်းကောင်း ဤသည်မှာ ချို့ယွင်းချက် (သို့မဟုတ်) သာမန်မဟုတ်သော ကိစ္စရပ်သာဖြစ်သည်ဟု ယူဆရပေမည်။
ဝေးလ်ဒူးရန့်ကသူ၏ “လူ့ယဉ်ကျေးမှု၏ သမိုင်းအတွဲ(၁)´´ဟူသော စာအုပ်တွင် “လက်ထပ်ထိမ်းမြားခြင်းအမှုသည် ကျွန်ုပ်တို့ တိရစ္ဆာန်ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ၏ တီထွင်မှုတစ်ရပ်သာဖြစ်သည်။ အချို့သော ငှက်မျိုးများတွင် ငှက်တစ်ကောင်ချင်းသည် ယင်းတို့၏ ကြင်ဖော်ငှက်နှင့်သာ ကန့်သတ်ပေါင်းသင်း ဆက်ဆံနေထိုင်သည်။ ထို့အတူ ဂေါ်ရီလာ မျောက်ဝံမျိုး၊ အူရန်အူတန်ခေါ် လူဝံမျိုး တိရစ္ဆာန်များတွင် အထီးအမ ဆက်ဆံရေးသည် ယင်းတို့အတွဲမှ ပေါက်ဖွားလာသော တိရစ္ဆာန် အကောင်ငယ်လေးများ ကြီးပြင်းလာသည်အထိ ရှည်လျားသည်။ ထိုသို့ ဆက်နွယ်မှုရှိသောကာလအတွင်း အမဖြစ်သူမှ အခြားသော တိရစ္ဆာန်အထီး တစ်ကောင်နှင့် နီးစပ်မှုရှိလာပါက သက်ဆိုင်ရာ တိရစ္ဆာန်အမ၏ ကြင်ဖော်က ပြင်းထန်စွာ ပြစ်တင်ဆုံးမခြင်းခံရသည်ကို တွေ့ရှိနိုင်သည်။ ဘော်နီယိုကျွန်းရှိ အူရန်အူတန်ခေါ် လူဝံများကြားတွင် တွေ့ရသည့်အချက်မှာ အဖေ၊ အမေနှင့် ကလေး အစုလိုက်နေတတ်ခြင်း ဖြစ်သည်။ မျောက်ဝံများအကြား မျောက်ငယ်ကလေးက၊ သစ်ပင်များအကြား ပြေးလွှား ဆော့ကစားနေသည်ကို သစ်ပင်အောက်မှ သူ၏ အမေနှင့်အဖေက သစ်သီးများစားလျှက် ထိုင်စောင့်နေတတ်သည်ကို တွေ့နိုင်သည်။ ထို့ကြောင့် လင်မယား နှစ်ယောက်အကြား ဆက်ဆံရေးသမိုင်းမှာ လူသားများပေါ် ပေါက်လာခြင်းဟူသော သမိုင်းထက်ပို၍ရှေးကျသည်။ လင်မယားဆက်ဆံမှု မရှိသော လူ့အဖွဲ့အစည်း အနည်းငယ်ရှိနိုင်ပါသည်။ မည်သို့ဆိုစေ ဤသို့သော လူ့အဖွဲ့အစည်း ကိုကြိုးစားရှာဖွေပါက အနည်းငယ်တော့ တွေ့နိုင်မည်မှာ အမှန်ပင် ဖြစ်သည်။´´
ဤနေရာတွင် ကျွန်ုပ်တို့က အထူးအလေးပေးထောက်ပြချင်သည့်အချက်မှာ မိသားစုဟူသော ခံစားချက်သည် လူ့ယဉ်ကျေးမှုကြောင့် ပေါ်ထွန်းလာသော အလေ့အထမဟုတ်။ လူသား၏ သဘာဝဗီဇစိတ်အရ ပေါ်ထွန်းလာသော အရာသာဖြစ်သည်။ များစွာသော တိရစ္ဆာန်များတွင်လည်း  ဗီဇသဘာဝအားဖြင့် အလားတူ ခံစားချက်မျိုးရှိနိုင်သည်။ ဤသည်မှာ လူ့သမိုင်း၏ ခေတ်ကာလအသီးသီးအနက်၊ လူသား မိန်းမနှင့် ယောက်ျားအကြား၌ မည်သည့်ကန့်သတ်ချက်၊ ချုပ်တီးခြင်း၊ ချုပ်နှောင်ခြင်းမျိုမှ မရှိဘဲ အတူတကွ နေထိုင်ခဲ့သော အချိန်ကာလ မရှိခဲ့ရသော အကြောင်းအရင်းပင် ဖြစ်သည်။ ရှေးဦးခေတ်ကာလအတွင် ငွေရေးကြေးရေးအရ ဘုံဝါဒရှိခဲ့သည်ဟု ရေရွတ်ကြွေးကြော်သူများကိုယ်တိုင်ပင် လိင်မှုဆိုင်ရာ ဘုံဝါဒရှိသည်ဟူသော အချက်ကိုမူကား၊ အခိုင်အမာ ပြောဆိုမှုမျိုးမရှိခဲ့။
ယောက်ျားနှင့် မိန်းမအကြားဆက်နွယ်မှုနှင့် ပတ်သက်သော အဆင့်(၄) ဆင့်ဆိုင်ရာ သီအိုရီသည်၊ အမှန်စင်စစ် ဆိုရှယ်လစ်များကို လက်ခံယုံကြည် ထားကြသော  ဥစ္စာပစ္စည်းပိုင်ဆိုင်မှုအပေါ် အခြေခံ၍ ယူဆထားသည့် မရေရာ သော သီအိုရီသာဖြစ်သည်။ ယင်းဆိုရှယ်လစ်များက လက်ခံယုံကြည်ထား ကြသည်မှာ လူသား၏ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု သမိုင်းကို ပြန်ကြည့်ပါက အဆင့်ကြီး (၄)ဆင့်ရှိခဲ့သည်။ ယင်းတို့မှာ ရှေးဦး ဆိုရှယ်လစ်ခေတ် (သမိုင်းဦးဘုံမြေခေတ်)၊ ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်နှင့် သိပံ္ပနည်းကျသော ဆိုရှယ်လစ်ခေတ် တို့ဖြစ်ကြသည်။ သိပံ္ပနည်းကျ ဆိုရှယ်လစ်ဝါဒဟူသည် သမိုင်းဦးဘုံမြေ၀ါဒမှ ပို၍အဆင့်မြင့်လာသော စနစ်သာဖြစ်သည်။
ကျေနပ်စရာကောင်းသည့်အချက်မှာ မစ္စက်မနုချယ်ရီယန်က  ကျား၊ မဆက်နွယ်မှု၏ စတုတ္ထမြောက်အဆင့်ကို အခွင့်အရေးတန်းတူညီမျှမှု အချိန်ကာလဟု သတ်မှတ်ခေါ်ဝေါ်ပြီး ရှေးဟောင်းဆိုရှယ်လစ်ခေတ်ဟု မခေါ်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် သူမအနေနှင့် စတုတ္ထမြောက် ခေတ်ကာလနှင့် ပထမဦးဆုံးခေတ် ကာလတို့တွင် ဘုံတူညီသည့် အချက်များရှိနေသည်။ သို့သော် သူမက ဆိုရှယ်လစ်ဝါဒီများ၏ ဥပမာများ နောက်မလိုက်ခဲ့ပါ။ သူမက စတုတ္ထမြောက်ခေတ် ကာလသည် ပထမဆုံးခေတ်ကာလနှင့် ကြီးမားသော အတိုင်းအတာအရ ဆက်နွယ် ဆင်တူမှုများရှိသည်ဟု ထောက်ပြ ခဲ့သည်။ ထိုကာလ နှစ်ခုစလုံးတွင် ယောက်ျားနှင့် မိန်းမတို့သည် တစ်ဦးနှင့်တစ်ဦး သြဇာအာဏာမသုံးဘဲ အတူတကွ နေထိုင်ခဲ့ကြသည်။
သူမ၏ တင်ပြချက်အနက် “ကြီးမားသော အတိုင်းအတာထိ ဆက်နွယ်မှု´´ ဟူသည်မှာ မည်သည်ကို ရည်ညွှန်းကြောင်း၊ ကျွန်ုပ်တို့ ယခုတိုင် တိတိကျကျ နားမလည်နိုင်သေးပါ။ အကယ်၍ သူမအနေနှင့် စတုတ္ထခေတ်ကာလ အတွင်း၊ အားလုံးသော ကန့်သတ်ချုပ်ချယ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မိသားစုဟူသော ထုံးတမ်းစဉ်လာကို ပယ်ဖျက်လိုက်မည်ဆိုပါက သူမလိုချင်သော အခွင့်အရေးများ တန်းတူညီမျှမှုသည် သူမက အမှန်တကယ် ကိုယ်ချင်းစာစိတ်နှင့် ထောက်ခံသော်လည်း သူမ၏ ဆိုလိုချက်မှာ အခြားသော သူများက ရည်ညွှန်းနေသော အခွင့်အရေး တန်းတူညီမျှမှုနှင့် အတန်ပင် ကွဲပြားခြားနားနေပြီး၊ ၎င်းင်းတို့အား မနှစ်မြို့ဖွယ် ကောင်းစေပါသည်။
ယခုအခါ ကျွန်ုပ်တို့သည် ယောက်ျားနှင့် မိန်းမတို့၏ မိသားစုဆိုင်ရာ အခွင့်အရေးများ၏ သဘောသဘာဝပေါ်သို့ အားရုံစူးစိုက်ပြီး လေ့လာဆန်းစစ် ကြည့်ကြပါစို့။ ဤကိစ္စကို ဆက်စပ် စဉ်းစားမှုအတွက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်ထဲတွင် အချက်နှစ်ချက်ကို ထည့်သွင်းစဉ်းစားကြပါစို့။ ပထမအချက်မှာ မိန်းမ၏ သဘာဝသည် ယောက်ျားများနှင့် ကွဲပြားခြားနားမှုမရှိ။ တစ်နည်း ဆိုသော် ယောက်ျားနှင့် မိန်းမအကြား ကွဲပြားခြားနားမှုသည် ယင်းတို့၏ မျိုးပွားမှု စနစ်အားဖြင့် ကန့်သတ်သက်ဆိုင်နေမှုရှိမရှိ(သို့မဟုတ်)ထိုဆက်နွယ်မှု ထက်သာ လွန်နက်နဲသော အကြောင်းတရားများရှိ၊ မရှိဟူသောအချက်များ ဖြစ်သည်။
ဒုတိယမြောက်အချက်မှာ အကယ်၍ ကျား၊ မကြားရှိ ကွဲပြားခြားနားမှု သည် ယင်းတို့၏ မျိုးပွားမှုပုံစံနှင့် ဆက်နွယ်သည်ထက်၊ သာလွန်သော အကြောင်းတရားရှိပါက ထိုကွဲပြားမှုကြောင့် ၎င်းင်းတို့၏ အခွင့်အရေးနှင့် တာဝန် ၀တ္တရားများ ကွဲပြားစေမှုရှိ၊ မရှိ (သို့မဟုတ်) ထိုကိစ္စများမှာ လူမျိုးနှင့် အသားအရောင် ခွဲခြားမှုကြောင့်သာဖြစ်ပြီး လူ့အခွင့်အရေး၏ သဘောသဘာဝ နှင့် လုံးဝဆက်စပ်မှု မရှိဟူသောအချက်ကို လက်ခံထားရပေမည်။

သဘာဝတရားနှင့် အမျိုးသမီး
ပထမယူဆချက်နှင့် ပတ်သက်၍ ဤကိစ္စသည် အငြင်းအခုံပွားပြီး အဖြေရှာနိုင်သော အကြောင်းတရားဟု မယူဆပါ။ ဤနယ်ပယ်ကဏ္ဍကို လေ့လာသူတိုင်းက သိရှိထားသည့်အချက်မှာ ယောက်ျားနှင့် မိန်းမအကြား ကွဲပြား ခြားနားမှုအချက်တွင် ယင်တို့၏မျိုးပွားမှုစနစ်များ သက်သက်ကြောင့် ဖြစ်သည်ဟု ဘောင်ကန့်သတ်ထား၍မရ။ ဤနေရာတွင် ဆန်းစစ် အဖြေရှာရမည့် ပြဿနာမှာ ၎င်းတို့၏ ကွဲပြားခြားနားမှုများက ၎င်းင်းတို့၏အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ဆုံးဖြတ်သတ်မှတ်ရာတွင် သက်ရောက်လွှမ်းမိုးမှုရှိ၊ မရှိဟူသော ပြဿနာဖြစ်သည်။
ဥရောပမှ သိပံ္ပပညာရှင်ကြီးများ စုံစမ်းလေ့လာစစ်ဆေးကြသူများက ၎င်းင်းတို့၏ ဧရာမအလင်းတန်းကြီးကို ပထမအချက်ပေါ်တွင်ချထားပြီး ၎င်းတို့၏ နက်နဲလှသော ဇီဝကမ္မဆိုင်ရာ၊ စိတ်ပညာဆိုင်ရာ လေ့လာစူးစမ်းမှုများကလည်း ယင်းအချက်နှင့် ပတ်သက်၍ ချန်လှပ်ထား မည်မဟုတ်ဆိုသည်မှာ သံသယပွား ဖွယ်မရှိ။ သို့သော် ဤပညာရှင်ကြီးများ၏ အာရုံစူးစိုက်မှုကို လုံလုံလောက်လောက် ဆွဲဆောင်နိုင်မှု မရှိသောအချက်မှာ ကျား၊ မနှစ်ဦးကြားရှိ ကွဲပြားခြားနားမှုများက ယင်းတို့၏ မိသားစုဆိုင်ရာ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အကျိုးသက်ရောက်စေနိုင်သလား။ ယင်းကွဲပြား ခြားနားမှုများက ယောက်ျား မိန်းမတို့အား မတူညီသည့်အနေအထားသို့ တွန်းပို့နေရာယူခဲ့စေသလား ဟူသော ကိစ္စရပ်ဖြစ်သည်။
ကမ္ဘာကျော် ပြင်သစ်ဇီဝကမ္မဗေဒပညာရှင်လည်းဖြစ်၊ ခွဲစိတ်ကု ဆရာနှင့် ဇီဝဗေဒပညာရှင်ကြီး အလက်ဆစ်(ခ်) ကာရယ်(လ်)က သူ၏ အလွန်ထူးချွန်ပြောင် မြောက်လှသည့် စာအုပ်ဖြစ်သော  “Man, the Unknown Being ´´ဟူသော စာအုပ်တွင် ဖွင့်ဟ၀န်ခံထားသည်မှာ ဖန်ဆင်းခြင်း ဥပဒေအရ ယောက်ျားနှင့် မိန်းမကို မတူကွဲပြားခြားနားစွာ ဖန်ဆင်းထားခဲ့သည်။ ထိုကွဲပြားခြားနားမှုက ၎င်းင်းတို့၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ကွဲပြားခြားနားမှု ဖြစ်စေသည်။ ဤစာအုပ်တွင် “လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် မျိုးရိုးဗီဇ´´ဟူသော ခေါင်းစဉ်ဖြင့် အခန်းကဏ္ဍတစ်ခုပါဝင်သည်။  “ဝှေးစေ့နှင့်သားအိမ်´´ တို့တွင် များပြားလှစွာသော လုပ်ငန်းတာဝန်များရှိကြသည်။ ယင်းတို့မှ အဖို၊ အမဆိုင်ရာဆဲလ်များ ထုတ်လွှတ်ယုံမျှမက၊ ယင်းတို့နှစ်ခုပေါင်းစည်းခြင်းမှ လူသားတစ်ဦး ဖြစ်ပေါ်တည်ရှိမှုကို ဆောင်ကြဉ်းပေးနိုင်သည်သာမက ထိုအင်္ဂါများမှ သွေးထဲသို့ စစ်ထုတ်ပေးသည့် အရည်များမှ ကျွန်ုပ်တို့၏ ဖိုမဆိုင်ရာ ခံစားချက်များကို တစ်ရှူးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည်။ “ဝှေးစေ့´´မှ စစ်ထုတ်ခြင်းသည် ရဲစွမ်းသတ္တိရှိခြင်း ဇွဲနဘဲကြီးခြင်း၊ လုံ့လ၀ီရိယရှိခြင်းနှင့် အရမ်းမဲ့ဖြစ်ခြင်းသဘောတို့ ပါဝင်သည်။ ဤကဲ့သို့သော ဂုဏ်သတ္တိမှာ သာမန် နွားထီးတစ်ကောင်နှင့် သင်းပြီးသော နွားထီးတစ်ကောင်ကို ခွဲခြားနိုင်သော အချင်းအရာများနှင့် အတူတူပင် ဖြစ်သည်။ သားအိမ်၏ လုပ်ဆောင်ချက်မှာ မိန်းမသားများအတွက် အလားတူ အကျိုးသက်ရောက်မှုများ ပေးနိုင်သည်။´´
“မိန်းမနှင့် ယောက်ျားကြားရှိ ကွဲပြားခြားနားမှုမှာ ၎င်းတို့၏ မျိုးပွား အင်္ဂါများ၏ ပုံပန်းသဏ္ဌာန် ကွဲပြားခြားနားမှု တစ်ခုတည်းနှင့် သက်ဆိုင်နေသည်မဟုတ်၊ အမျိုးသမီးများတွင် သားအိမ်ရှိခြင်း၊ သားမွေးနိုင်ခြင်းနှင့် ယင်းတို့တွင် အထူးထူးသော ပညာရေးနည်းလမ်းများ စွမ်းဆောင်နိုင်ခြင်းတွင်ပို၍ လေးနက်သောအကြောင်းအရင်းများ ရှိသည်။ ယင်းအကြောင်းအရင်းမှာ မျိုးပွားမှုဆိုင်ရာ ဂလင်းမှ သွေးအတွင်းရှိစစ်ထုတ်သော အရည်တွင်ပါဝင်သည့် ဓါတုပစ္စည်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။´´
“ဤအရေးကြီးသော အချက်အား အမျိုးသမီးလှုပ်ရှားမှုကို ထောက်ခံ အားပေးကြသောသူများက လျစ်လျူရှုပြီး ကျား၊ မနှစ်မျိုးစလုံးသည် တူညီသော ပညာရေးနှင့် ထိန်းကြောင်း လေ့ကျင့်မှုများကို ခံယူနိုင်ပြီး ယင်းပညာရေးနှင့် ပြုစုပျိုးထောင် လေ့ကျင့်မှုများက တူညီသော အသက်မွေးဝမ်းကျောင်းမှုနှင့် တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်သည်ဟု ယူဆနေကြခြင်းဖြစ်သည်။ အမှန်မှာ မိန်းမများသည် ယောက်ျားများနှင့် များစွာသောအရာများတွင် ကွဲပြား ခြားနားသည်။ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတိုင်း၏ ဆဲလ်များ၊ အထူးသဖြင့် ကြွက်သားဆဲလ်များတွင် လိင်ပိုင်းဆိုင်ရာ အမှတ်အသားများနှင့် တံဆိပ်ရိုက်နှိပ်ပြီး ဖြစ်သည်။ နက္ခတ္တဗေဒနှင့်ဆိုင်သော ဥပဒေသများကဲ့သို့ ဇီဝကမ္မဆိုင်ရာ ဥပဒေသများသည်လည်း လုံးဝတည်ငြိမ်ပြီး ပြောင်းလဲ၍မရ။ လူသား၏ စွမ်းရည် စွမ်းပကားသည် ယင်းတို့အပေါ် လွှမ်းမိုးသက်ရောက်နိုင်မှုမရှိ။ ကျွန်ုပ်တို့အနေနှင့် ယင်းကို အရှိအရှိအတိုင်း လက်ခံဖို့လိုသည်။ မိန်းမများအနေနှင့် ယောက်ျား များကို ကြောင်းကျိုးမမြင် လိုက်အတုခိုးနေမည့်အစား ၎င်းတို့၏ မွေးရာပါ စွမ်းရည်ကို ဖွံဖြိုးတိုးတက်စေခြင်းဖြင့် ၎င်းတို့၏ မွေးရာပါ ဇာတိလက္ခဏာများနှင့် ကိုက်ညီသော လမ်းကြောင်းအတိုင်း တိုးတက်အောင် ကြိုးစားအားထုတ်သင့်သည်။ ဤသည်မှာ လူ့ဘောင် လူ့လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား များထက် ပို၍စွမ်းဆောင်နိုင်သော ဖြည့်ဆည်းဆောင်ရွက်နိုင်သောအချက်ဖြစ်၍ အမျိုးသမီးက ၎င်းင်း၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်သင့်သည်။ သူမတို့အနေနှင့် သူမတို့၏ တာဝန်ဝတ္တရားများကို ပေါ့ပေါ့လေးမယူဆသင့်ပေ။´´
သုတ်ပိုးများနှင့် မမျိုးဥများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယင်းတို့၏ ပေါင်းစပ်မှု၊ ပေါင်းစပ်ပုံကို ရှင်းလင်းပြီးသောအခါ ကာရယ်လ်မှ ဆက်လက်ရှင်းလင်း ထောက်ပြသည်မှာ မိန်းမ၏ သက်ရှင်တည်ရှိမှုမှာ မျိုးပွားမှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း ယောက်ျား၏ သက်ရှင်ရပ်တည်မှုမှာ မျိုးပွားမှုအတွက် အမျိုးသမီးလောက် အရေးမကြီးကြောင်း ရှင်းပြထားသည်။ သူကထပ်မံ၍ ပေါင်းစပ် ရှင်းလင်းပြထားသည်မှာ မိန်းမ၏ သန္ဓေဆောင်ခြင်းသည် သူမ၏ ခန္ဓာကိုယ်နှင့် ၀ိညာဉ်ကို ပြည်စုံစွာ ဖွံ့ဖြိုးတိုးတက်စေကြောင်းကို ရှင်းပြထားသည်။
ထိုအခန်း၏ အဆုံးတွင် သူက ဆက်လက်ပြောဆိုသည်မှာ “ကျွန်ုပ်တို့အနေနှင့် လူငယ်များအား ရှုမြင်သုံးသပ်ရာတွင် ယောက်ျားငယ်များနှင့် မိန်းကလေးများ အား တူညီသောဘ၀၊ စိတ်ကူး စိတ်သန်းနှင့် ခံစားမှုရှိသည်ဟု မယူဆသင့်ကြောင်း တင်ပြထားသည်။ ပညာရေးနှင့် ပြုစုပျိုးထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ များမှ ယောက်ျားနှင့် မိန်းမများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၊ စိတ်ပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုနှင့် သဘာဝဆိုင်ရာ တာဝန်များကို ထည့်သွင်းစဉ်းစားသင့်သည်။ ကျွန်ုပ်တို့၏ အနာဂတ်ယဉ်ကျေးမှုကို စဉ်းစားရာ၌ ဤအခြေခံသဘောတရားကို အရေးကြီးဆုံး နေရာတွင်ထား၍ ထည့်သွင်း စဉ်းစားသင့်သည်။´´
အသင့်အနေနှင့် လေ့လာရှုမြင်သုံးသပ်မိမည်ဟု ထင်ပါသည်။ ဤကြီးကျယ်သော သိပံ္ပပညာရှင်ကြီးအနေနှင့် ယောက်ျားနှင့် မိန်းမကြားရှိ ကွဲပြား ခြားနားမှု အမျိုးမျိုးပေါ်တွင် အလေးပေးလေ့လာထားသူဖြစ်သည်။ ဤကွဲပြား ခြားနားချက်များက ကျား^မအား ထပ်တူမညီသောနေရာ အနေ အထားသို့ ရောက်ရှိစေသည်ဟု ယုံကြည်သည်။ ဆက်လက်ဖော်ပြမည့် အခန်းကဏ္ဍတွင် ယင်းအချက်နှင့် ပတ်သက်၍ သိပံ္ပပညာရှင်များ၏ ရှုမြင်ပုံကို ကိုးကား ဖော်ပြမည် ဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့အနေနှင့် မိန်းမနှင့် ယောက်ျားတို့တွင် ထပ်တူညီမျှသော စွမ်းရည်များ လိုအပ်ချက်များရှိသည်။ ထို့ကြောင့် ၎င်းတို့တွင် ထပ်တူညီမျှသော အခွင့်အရေး များနှင့် တာဝန်ဝတ္တရားများရှိသင့်သည်။ မည်သည့်ကိစ္စရပ်များအတွက် ထပ်တူညီမျှ မဟုတ်သော အနေအထားများ ဖြစ်သင့်သည်။ ထို့အတွက် ထပ်တူညီမျှ မဟုတ်သော အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ ရှိသင့်သည်ဟူသော ကောက်ချက်များ ဆွဲနိုင်မည်ဖြစ်သည်။
မိသားစုအခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို ဆုံးဖြတ် သတ်မှတ်ရေး အတွက် ဤကျမ်း၏ ယင်းအစိတ်အပိုင်းသည် အရေးကြီး သကဲ့သို့ ကျွန်ုပ်တို့၏ လေ့လာ ဆန်းစစ်မှုများအတွက် အရေးကြီးသော အစိတ်အပိုင်းလည်း ဖြစ်သည်။

အမျိုးသားနှင့် အမျိုးသမီးကြားရှိ ကွဲပြားခြားနားချက်
ဤစကားစုမှာ ထူးဆန်းသော စကားစုဟု ထင်မြင်ယူဆရပါသည်။ ကျွန်ုပ်တို့သည် (၂၀)ရာစုနှောင်းပိုင်းတွင် နေထိုင်ကြသော်လည်း၊ အချို့သော လူများသည် ယောက်ျားနှင့် မိန်းမ မတူကွဲပြားခြားနားသည် ဟူသောအချက်ကို လက်ခံယုံကြည်နေကြသည်။ ဤကား ဥရောပအလယ်ခေတ်တွင် ရှိခဲ့သော ခေတ်နောက်ကျသည့် အယူအဆတစ်ရပ်ဖြစ်သည်။ ထိုသူများသည် အလယ်ခေတ် လူသားများကဲ့သို့ပင် မိန်းမဟူသည် အဆင့်အတန်းနိမ့်ကျသော လိင်အဖြစ်လည်းကောင်း၊ လူစင်စစ်မဟုတ် ဟူ၍လည်းကောင်း၊ ရှုမြင်ကြခြင်း ဖြစ်သည်။ မိန်းမသည် ယောက်ျားနှင့် တိရစ္ဆာန်ကြားရှိ သတ္တ၀ါတစ်မျိုးဖြစ်သည်။ သူမအနေနှင့် လွတ်လပ်၍ ချုပ်ချယ်မှုကင်းသော ဘ၀ကို တည်ဆောက်နေထိုင်ရန် အဆင့်အတန်းမရှိ။ ယောက်ျား၏ လွှမ်းမိုးချုပ်ကိုင်မှု၊ ကြီးကြပ်ကွပ်ကဲမှုအောက်၌ သာ အသက်ရှင်နေထိုင် သင့်သည်။ ကျွန်ုပ်တို့ အားလုံးသိထားကြသည်မှာ ဤဖော်ပြပါ အယူအဆများ အားလုံးသည် ခေတ်နောက်ကျ၍ တိမ်ကော သွားသော အယူအဆ အဟောင်းကြီးသာဖြစ်သည်။ အမျိုးသမီးနှင့် ပတ်သက်၍ လုပ်ကြံဖန်တီးထားသော လုပ်ဇာတ်ကြီးများမှာ ယောက်ျားများ သြဇာအာဏာ လွှမ်းမိုးချိန်က ခေတ်စားခဲ့သော်လည်း ယခုအခါ လုံးဝလက်မခံနိုင်သော အယူအဆကြီးသာဖြစ်သည်ကို ကျွန်ုပ်တို့ ကောင်းစွာနားလည်ပြီး ဖြစ်သည်။ ယခုအခါ သက်သေ အခိုင်အမာ ပြုထားသည့်အချက်မှာ မိန်းမသည် အဆင့်မြင့် လိင်ဖြစ်၍ ယောက်ျားမှာ အဆင့်နိမ့်သော လိင်ဖြစ်သည်။
ဤသည်တို့မှာ ခေတ်သစ် အနောက်တိုင်းသားအချို့၏ အမြင်များဖြစ် သည်။ အမှန်စင်စစ် (၂၀)ရာစုနှစ်၏ အံ့သြဖွယ်ကောင်းလှသော သိပံ္ပပညာ၏ တိုးတက်မှုသည် ယောက်ျားနှင့် မိန်းမအကြားရှိ ကွဲပြားခြားနားချက်ရှိကြောင်းကို သက်သေ အထင်အရှားပြနိုင်ခဲ့သည်။ ထိုကွဲပြား ခြားနားမှုများမှာ မလိုမုန်းထား အညှိုးပွား၍ မှားယွင်းစွာ တင်ပြထားချက်များမဟုတ်။ လေ့လာဆန်းစစ်ရှုမြင် သုံးသပ်မှုများနှင့် စမ်းသပ်ချက်များအပေါ်တွင် အခြေခံထားသည့် သိပံ္ပဆိုင်ရာ အမှန်တရားတစ်ခုဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤကွဲပြားခြားနားချက်များသည် မြင့်မြတ်၍ အဆင့်မြင့်သောလိင်၊ နိမ့်ကျ၍ အဆင့်နိမ့်သောလိင်ဟူ၍ကား မည်သို့မျှ အဆုံးအဖြတ်မပေးနိုင်ပါ။ ဖန်ဆင်းခြင်းဆိုင်ရာ နိယာမ ဥပဒေသသည် ကျား၊ မ နှစ်ဦးကြားရှိ လင်မယားဆက်ဆံရေးကို ပိုမိုခိုင်မာအောင် စီမံပေးထားသည်။ ထို့အပြင် လင်ယောက်ျားနှင့် ဇနီးမယားကြားရှိ ဆက်ဆံ ပူးပေါင်းမှုကို ပို၍ နက်ရှိုင်းသော ပို၍ကောင်းသော အခြေခံသဘောတရားများဖြင့် ချမှတ်ပေးသည်။ မိန်းမနှင့် ယောက်ျားများကြားရှိ မိသားစုဆိုင်အရာ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို သဘာဝတရားက မိမိ၏ စွမ်းရည် သတ္တိများဖြင့် ခွဲဝေစေသည်။ ကိုယ်ခန္ဓာတစ်ခုရှိ အမျိုးမျိုးအထွေထွေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကြားတွင် ခြားနားမှုရှိ သကဲ့သို့ ယောက်ျားနှင့် မိန်းမကြားရှိ ကွဲပြားခြားနားချက်ကိုလည်း သဘာဝနိယာမ ဥပဒေသကပင် ပြုလုပ်စီမံပေးသည်။ အကယ်၍ လူတစ်ဦးချင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်း များအတွက်၊ ထင်ရှားသော မျက်လုံးများ၊ နားများ၊ လက်များ၊ ခြေထောက်များ နှင့် ကြောရိုးစသည်တို့ပေးခဲ့သည်ဆိုလျှင် ဤသည်မှာ တရားမျှတမှု မရှိဟူ၍ လည်းကောင်း၊ ကျား၊မနှစ်ဦးကြားတွင် ကွဲပြားခြားနားမှုရှိသည် ဟူ၍လည်း ကောင်းမဆိုသာချေ။

အချိုးအစား ကျနခြင်းလော၊ ပြည့်စုံခြင်းလော၊ မပြည့်စုံခြင်းလော
ယောက်ျားနှင့်မိန်းမအကြားရှိ ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝကမ္မဆိုင်ရာ စွမ်းရည် များ၏ ကွဲပြားခြားနားမှုမှာ မိန်းမ၏ မပြည့်စုံမှုနှင့် ယောက်ျား၏ ပြည့်စုံမှုကြောင့် ဖြစ်သည်ဟူသော အယူအဆကို အချို့သောလူများက ထောက်ခံ အားပေးနေကြသည်။ ဤကား အံ့သြစရာကောင်းသည့် အချက်ပင်တည်း။ ထိုသူများက မိန်းမများကို မပြည့်စုံအောင် ဖန်ဆင်းထားခြင်းမှာ အထူးရည်ရွယ် ချက်ဖြင့် ပြုလုပ်ထားသည်ဟူသော အယူအဆကို ဆွဲကိုင်ထားကြခြင်း ဖြစ်သည်။
အမျိုးသမီးသည် မပြည့်စုံဟူသော အယူအဆမှာ အရှေ့တိုင်းမှာထက်၊ အနောက်တိုင်းတွင် ပို၍ခေတ်စားသည်။ အနောက်တိုင်းသားများသည် အမျိုးသမီးများအပေါ် ရက်စက်စွာ သဘောထား၍ ပြုမူဆက်ဆံသည်။ တစ်ခါတစ်ရံ ထိုသူများက ဘာသာရေးဆိုင်ရာ မှားယွင်းသော ကိုးကားမှုများနှင့် မိန်းမများသည် ၎င်းင်းတို့ကိုယ်ကို ရှက်ရွံ့သင့်သည်ဟု ဆိုကြသည်။ ထိုသူများက ဆိုကြပြန်သည်မှာ “မိန်းမဟူသည် ဆံပင်ရှည်ရှည်နှင့် ဦးနှောက်မပြည့်ဝသော သတ္တ၀ါတစ်မျိုးသာဖြစ်သည်။´´“မိန်းမဟူသည် ယောက်ျားနှင့် တိရစ္ဆာန် အကြားတွင်ရှိသော နှစ်ပိုင်းတစ်ပိုင်းသတ္တ၀ါတစ်မျိုးသာဖြစ်သည်။´´
ယခုအခါ (၁၈၀)ဒီဂရီ ပြောင်းလဲသွားသကဲ့သို့ပင် ပို၍ အံ့သြစရာ ကောင်းသောအချက်မှာ (၁၀၀၁)ခုမြောက် ငြင်းခုံချက်များကို ရှေ့တန်းတင်ပြီး ပြောခဲ့သော အနောက်တိုင်းသားများက သက်သေပြနေသည်။ ၎င်းင်းမှာ ဖန်ဆင်း ခြင်းအရ ယောက်ျားသည် အဆင့်အတန်း နိမ့်ကျပြီး၊ မပြည့်ဝ။ မိန်းမသည်သာ မြင့်မြတ်ပြီး ပြည့်စုံသော အဖန်ဆင်းခံဖြစ်သည်ဟူသော အယူအဆကို ရှေ့တန်း တင်လာကြခြင်း ဖြစ်သည်။ အကယ်၍ သင်သည် အက်ရှ်လေမွန်တက်(ဂ်)၏ “အမျိုးသမီး သာလျှင် မြင့်မြတ်လိင်´´ဟူသော စာအုပ်ကို ဖတ်မိမည်ဆိုပါက စာရေးသူ၏ အမျိုးသမီးသည် အမျိုးသားထက်ပို၍ ပြီးပြည့်စုံသော လိင်ဖြစ်ကြောင်းကို မည်သို့သောအချက် အလက်များအား အဓိပ္ပာယ်ကောက်ယူ၍ အခြားပညာရှင် များနှင့်မတူ တစ်ထပ်တည်း မကျသော ငြင်းခုံချက်များဖြင့် တမူထူးခြားစွာ သက်သေပြ တင်ပြထားသည်ကို သိနိုင်မည်။ သို့သော် ယင်းစာအုပ်မှာ ဆေးပညာရှုထောင့်၊ စိတ်ပညာနှင့် လူမှုရေးပညာရှုထောင့်မှ ကြည့်လျှင် အလွန်အဖိုးတန်သော စာရင်းဇယား၊ အချက်အလက်များ ပါဝင်နေသည်ကို တွေ့နိုင်သည်။ တဖန် စာရေးဆရာမှ မိမိ၏ ဖွင့်ဟယူဆချက်များကို သက်သေပြရန်အလို့ငှာ သူ၏စာအုပ်ခေါင်းစဉ်အတွက် သူကိုယ်ပိုင် နိဂုံးကောက်ချက်ချရာတွင်မူ သူသည် ရယ်ရွှင်ဖွယ်ကောင်းလောက်အောင် တဖက်စွန်းသို့ ရောက်လုနီးနီး ဖြစ်ခဲ့သည်ကို တွေ့နိုင်သည်။ အနောက်တိုင်းသားများအနေနှင့် တစ်နေ့တွင် အမျိုးသမီးများအပေါ် မှိုချိုး၊ မျှစ်ချိုးနှိမ်ပြီး ပြောခဲ့သည်။ ထို့နောက် နောင်တစ်နေ့တွင် အတိတ်မှ မိမိတို့၏ ချိုးနှိမ်မှုများကို ကြေရာကြေကြောင်း တောင်းပန်နှင့်ပြုလုပ်နေသည်မှာ နားမလည်နိုင် အောင်ဖြစ်ရသည်။ ထိုသူများက အတိတ်မှ မိမိတို့၏ ချွတ်ယွင်းချက်၊ စွဲဆိုချက်များဖြစ်သော အမျိုးသမီးသည် ချို့ယွင်းချက်များ၏ အကြောင်းတရားများအဖြစ် သတ်မှတ်ခဲ့ခြင်း ယောက်ျားနှင့် နှိုင်းစာလျှင် မိန်းမသည် နိမ့်ကျသည်၊ ယင်းစွဲဆို ချက်များမှ အတင်းအကြပ် လွတ်ငြိမ်း ချမ်းသာခွင့်ရအောင် ပြုလုပ်နေကြသည်။ ယောက်ျားနှင့် မိန်းမအကြားရှိ ကွဲပြားခြားနားချက်များကို လိင်အမျိုးအစား တစ်မျိုး၏ ပြီးပြည့်စုံခြင်း ရလာဒ်ဟု လည်းကောင်း၊ မပြည့်စုံမှု၏ ရလဒ်ဟုလည်း ကောင်း အဘယ်ကြောင့် အပြစ်ရှာရန် လိုအပ်ပါသနည်း။ ထို့ကြောင့် အနောက်တိုင်းသားများသည် တစ်ခါတရံ ယောက်ျားဘက်မှ လည်းကောင်း၊ တစ်ခါတရံ မိန်းမဘက်မှ လည်းကောင်း၊ အတင်းအကြပ် ပြုစေသလို ဖြစ်နေသည်။
ဤစာအုပ်ကို ရေးသားသူသည် အမျိုးသမီးအနေနှင့် အမျိုးသားထက် သာလွန်မြင့်မြတ်သည်။ ယောက်ျား၏ အထူးအခွင့်အရေးသည် သမိုင်းကြောင်း၊ လူမှုရေးရာများနှင့် ပတ်သတ်သည်။ မိန်းမနှင့်ဆိုင်သော အထူးအခွင့်အရေးသည် သဘာဝအကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသော အခွင့်အရေးဖြစ်သည်ဟု လက်ခံယုံကြည်သည်။ အမှန်စင်စစ် မိန်းမနှင့်ယောက်ျားကြားရှိ ကွဲပြားခြားနားချက်များ ဟူသော ပြဿနာမှာ အချိုးအစားညီခြင်းနှင့် သင့်တင့်လျောက်ပတ်ခြင်းသာ ဖြစ်သည်။ ပြီးပြည့်စုံခြင်းနှင့် မပြီးပြည့်စုံခြင်းဟူသော သဘောတရားများမဟုတ်ပါ။ ဖန်ဆင်းခြင်း ဥပဒေသည် ယောက်ျားနှင့် မိန်းမတို့ကို အထူးပူးပေါင်း နေထိုင်ရ သော ဘ၀တည်ဆောက်ရန် အမိန့် ဥပဒေပြဋ္ဌာန်း သတ်မှတ်ထားပြီးဖြစ်သည်။ ၎င်းင်းတို့အနေနှင့် မိမိတို့၏ ကွဲပြားခြားနားမှုများကို လျစ်လျူရှု၍ မိမိတို့၏ ထူးခြားသော စွမ်းရည် စွမ်းပကားများ၊ အစိတ်အပိုင်းများကိုသာ အလေးပေး စဉ်းစားသင့်ပါသည်။ ဤအချက်ကို  အနောက်ပိုင်းတွင် ဆက်လက် ရှင်းလင်း တင်ပြသွားမည် ဖြစ်ပါသည်။

ပလေတို၏ သီအိုရီ
ယောက်ျားနှင့် မိန်းမကြားရှိ ကွဲပြားခြားနားမှု ဟူသော ပြဿနာသည် ယခုခေတ်ရောက်မှ ရုတ်တရက်ပေါ်ထွက်လာသော ပြဿနာမဟုတ်ပါ။ ဤပြဿနာသည် အနည်းဆုံး နှစ်ပေါင်း (၂၄၀၀)ခန့် ကြာရှည်ခဲ့ပါသည်။ ဤပြဿနာကို ပလေတိုက သူ၏  “ပြည်သူလူထု´´ ဟူသော စာအုပ်ထဲတွင် ဆွေးနွေးတင်ပြ ထားပါသည်။ ပလေတိုက အတိအကျ အဓိကဆုပ်ကိုင်ထားသော အယူအဆမှာ ယောက်ျားနှင့် မိန်းမတို့တွင် တူညီသော စွမ်းရည်စွမ်းပကားများ ပိုင်ဆိုင်ထားသည်။ မိန်းမများသည် ယောက်ျားများကဲ့သို့ တူညီသော အလုပ်ကိုလုပ်ကိုင်နိုင် သကဲ့သို့ ယောက်ျားများခံစားကြသော အခွင့်အရေးများကိုလည်း ခံစားနိုင်ကြ သည်ဟူသော အယူအဆဖြစ်သည်။
အမျိုးသမီးနှင့် ပတ်သက်သော အတွေးအခေါ်အယူအဆများ အားလုံး၏ မျိုးစေ့ဗီဇသည် (၂၀)ရာစုအတွင်း စတင်ပေါ်ထွန်းလာသည်။ ထိုအယူအဆများက (၂၀)ရာစု လူသားများအတွက် ထူးဆန်းအံ့ကြ၍ လက်မခံ နိုင်ဖွယ်ရာများ ဖြစ်လာခဲ့ရသည်။ ဤကဲ့သို့သော အတွေးအခေါ်များကို ပလေတို၏ ရှုမြင်သုံးသပ်ပုံတွင် တွေ့ရှိနိုင်သည်။ ထို့ကြောင့်ပင် ပလေတိုအား လူအများက များစွာ ကြည်ညိုလေးစား၍ “ဒဿနအတွေး အခေါ်ပညာရပ်၏ ဖခင်ကြီး´´ဟု ခေါ်ဝေါ် သမုတ်ကြသည်။ ပလေတို၏ ပဉ္စမမြောက် စာအုပ်ဖြစ်သည့် “ပြည်သူလူထု´´ဟူသော စာအုပ်တွင် အောက်ပါပြဿနာများကို ဆွေးနွေးခဲ့သည်။ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ကွန်မြူနစ်ဝါဒ လှုပ်ရှားမှု၊ မျိုးကောင်း မျိုးသန့် လူသားများပြုစုပျိုးထောင်ရေး၊ အချို့သော အမျိုးသားနှင့် အမျိုးသမီးများ၏ မြုံခြင်း၊ မြင့်မားသည့် မျိုးရိုးဗီဇ အရည် အသွေးများကို ပိုင်ဆိုင်သူများကိုသာလျှင် ကလေးမွေးမှု အခွင့်အလမ်းကို ကန့်သတ်ပေးရေး၊ မိသားစု အသိုင်းအ၀န်းနှင့် ကင်းကွာနေသော ကလေး များကို ကျွေးမွေးပြုစုစောင့်ရှောက်ရေး၊ မျိုးပွားခြင်းအမှုကို သက်တမ်း၏ နှစ်အပိုင်းအခြားအလိုက် ကန့်သတ်ရေး၊ အထူးသဖြင့် မျိုးပွားနှုန်း အကောင်းဆုံးကာလ(အမျိုးသမီးများ သန္ဓေဆောင် သားမွေးရန် အကောင်း ဆုံးကာလ)ကို ကန့်သတ်ပေးရေးစသည့် အတွေးအခေါ်များ၊ ဆွေးနွေးတင်ပြ ချက်များ ပါဝင်သည်။
ပလေတိုမှ ယုံကြည်သည်မှာ ယောက်ျားများကဲ့သို့ပင် မိန်းမများအား လည်း စစ်ရေးနှင့်ပတ်သက်၍ သင်တန်းများပေးသင့်သည်။ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် ဖြတ်လတ်သန်စွမ်းမှုဆိုင်ရာ ပြိုင်ပွဲများ (ဥပမာ အားကစားပြိုင်ပွဲ များ) ယှဉ်ပြိုင်စေခြင်းများကို ယောက်ျားသားများကဲ့သို့ပင် မိန်းမများအားလည်း ပြုလုပ်စေသင့်သည်။ မည်သို့ပင်ဆိုစေကာမူ ပလေတိုမှ ထောက်ပြပြောဆိုခဲ့သည့် အကြောင်း တရားများတွင် အချက်နှစ်ခုရှိသည်။ ပထမအချက်အား ပလေတိုမှ ၀န်ခံခဲ့သည်မှာ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း အမျိုးသမီးများသည် အမျိုးသားများထက် အားနည်းသည်။ တစ်နည်းအားဖြင့်ဆိုသော် ပလေတို၏ စဉ်းစားဆင်ခြင်မှုမှာ ယောက်ျားနှင့် မိန်းမကြားကွဲပြားခြားနားမှုသည် အရေအတွက်အားဖြင့် ဖြစ်သည်။ သို့သော် ယောက်ျားနှင့် မိန်းမအကြား အရည်အချင်းအရ ကွဲပြားခြားနားမှုမရှိဟု ဖော်ပြသည်။ သူကမိန်းမနှင့် ယောက်ျား တွင်ဆင်တူသော ပင်ကိုယ်စွမ်းရည် ရှိကြသည်။ အချို့သော ကဏ္ဍများ၊ အရေးကိစ္စ များအတွက် မိန်းမများသည် ယောက်ျားများထက် အားနည်းချက်များရှိသည်။ ဤအကြောင်းအရင်းများကြောင့် ၎င်းင်းတို့အား သီးသန့်လုပ်ငန်းဆောင်တာများအား အလွှာခွဲ၍ လုပ်ခိုင်းစရာမလိုဟု ယူဆသည်။
ပလေတိုက မိန်းမသည် ယောက်ျားထက် အားနည်းချက်ရှိသောကြောင့် သူ့အား ဘုရားသခင်သည် ယောက်ျားအဖြစ် မွေးဖွားပေးခဲ့သည်ကို ကျေးဇူးတင်သည်ဟု ဆိုသည်။ သူကပြောခဲ့သည်မှာ “ကျွန်ုပ်သည် ဘုရားသခင် က ကျွန်ုပ်အား ဂရိလူမျိုးအဖြစ် မွေးဖွားပေးခဲ့ခြင်း၊ ဂရိမဟုတ်သူအဖြစ် မမွေးဖွားပေးခဲ့ခြင်း၊ လွတ်လပ်သူအဖြစ် မွေးဖွားပေးခဲ့ခြင်း၊ ကျေးကျွန်အဖြစ် မမွေးဖွားပေးခဲ့ခြင်း၊ ယောက်ျားအဖြစ်မွေးဖွားပေးခဲ့ခြင်း၊ မိန်းမအဖြစ် မမွေးဖွားပေးခဲ့ခြင်းအတွက် ဘုရားသခင်အား ကျွန်ုပ်ကျေးဇူးတင်သည်´´ဟု ဆိုခဲ့၏။
ပလေတိုတင်ပြခဲ့သည့် ဒုတိယအချက်မှာ မျိုးကောင်း မျိုးသန့်များ တိုးပွားလာရေး။ ကျား၊ မလိင်နှစ်မျိုးစလုံး၏ ပင်ကိုယ်စွမ်းရည်များ တူညီစွာ တိုးတက်လာစေရေး၊ မိန်းမများနှင့်ကလေးများ၏ လူမှုရေးလှုပ်ရှားမှုများသည် အုပ်ချုပ်သူ လူတန်းစား အထူးသဖြင့် အုပ်ချုပ်ရေးသမား အတွေးအခေါ် ပညာရှင်များနှင့်သာ သက်ဆိုင်သည်။ သူ၏ အကြောင်းပြချက်မှာ ဤလူတန်းစားများသည်သာ အုပ်ချုပ်သူရာထူးနှင့် ထိုက်တန်ကြခြင်းကြောင့်ဖြစ်သည်။ နိုင်ငံရေး သဘောတရားအရ ပလေတိုသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သော သဘောဆောင်သော်လည်း မင်းမျိုး မင်းနွယ် အထက်တန်းလွှာများ အုပ်ချုပ်ရေးကို ထောက်ခံသူဖြစ်ကြောင်း ကျွန်ုပ်တို့ သိကြရပေသည်။ အထက်တွင် ဖော်ပြခဲ့သော သူ့အဆိုမှာ မင်းမျိုးမင်းနွယ်များဘက်မှသာ ရပ်တည်ကြောင်း ထင်ရှားသည်။ သူ့(ပလေတို)တွင် အခြားလူတန်းစားများအတွက် ကွဲပြားခြားနားသော ရှုမြင် သုံးသပ်ပုံများ ရှိပေသည်။

အရစ္စတိုတယ်(လ)နှင့် ပလေတို
ပလေတို၏ တပည့်အရစ္စတိုတယ်(လ်)ဆိုသူမှာ မျက်မှောက်ကမ္ဘာရှိ ကျွန်ုပ်တို့အနေနှင့် လေ့လာသိရှိနိုင်သော ရှေးဟောင်းအတွေးအခေါ်ပညာရှင် နောက်တစ်ဦးဖြစ်သည်။ အရစ္စတိုတယ်(လ်)သည်လည်း ကျား၊ မကြားရှိ ကွဲပြား ခြားနားချက်နှင့် ပတ်သက်၍ သူ့အမြင်ကို တင်ပြခဲ့သည့်အပြင် သူ့ဆရာ၏ အယူအဆကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ ၎င်းင်းက ယုံကြည်ခဲ့ သည်မှာ ယောက်ျားနှင့် မိန်းမအကြားရှိ ကွဲပြားခြားနားချက်မှာ အရေအတွက်အားဖြင့်သာမက အရည်အသွေးအားဖြင့်ပါ ကွဲပြားခြားနားပေသည်။ လိင်နှစ်မျိုး စလုံးတွင် ကွဲပြားခြားနားသော စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။ ယင်းတို့ အပေါ် အပ်နှင်းထားသော လုပ်ငန်းတာဝန်များနှင့် အခွင့်အရေးများမှာ ဖန်ဆင်းခြင်းဆိုင်ရာ နိယာမ ဥပဒေသပေါ်မူတည်၍ ကြီးကျယ်ခမ်းနားစွာဖြစ်လာရခြင်း ဖြစ်သည်။ အရစ္စတိုတယ်(လ)၏ အဆိုအရ ၎င်းင်းတို့၏ ကိုယ်ကျင့်တရားများဆိုင်ရာ စည်းမျဉ်း ဥပဒေသများမှာလည်း များစွာသော ကဏ္ဍများအတွက် ကွဲပြား ခြားနားပေသည်။ ဖြစ်နိုင်ချေရှိသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ အရည်အသွေး မှာ ယောက်ျားများအတွက် အကောင်းဆုံးဖြစ်နိုင်သော်လည်း မိန်းမများအတွက် ကား ဖြစ်နိုင်ချေ ရှိချင်မှရှိမည်။ ရှေးဟောင်းခေတ်ကမ္ဘာတွင် ပလေတို၏ အယူအဆများအား အရစ္စတိုတယ်(လ)၏ အတွေးအခေါ်များဖြင့် အစားထိုးခံခဲ့ရသည်။ နှောင်းခေတ် အသိပညာရှင်များအနေနှင့် ပလေတို၏ အယူအဆထက် အရစ္စတိုတယ်(လ)၏ အတွေးအမြင် အယူအဆကို ပို၍သဘောကျ နှစ်သက်ခဲ့သည်ကို တွေ့ရသည်။

ခေတ်သစ် ကမ္ဘာ၏ အတွေးအမြင်
အထက်တွင် တင်ပြခဲ့သည်မှာ ရှေးဟောင်းကမ္ဘာ၏ အတွေးအမြင်များ ဖြစ်ပါသည်။ ယခုအချိန်မှစ၍ ခေတ်သစ်ကမ္ဘာအကြောင်း လေ့လာကြပါစို့။ ဤလေ့လာ သုံးသပ်မှုတွင် မှန်းဆခြင်းနှင့် အနီးစပ်ဆုံး ခန့်မှန်းချက်များကို မတတ်သာသည့် အဆုံးတွင်တောင်မှ သုံးမည်မဟုတ်။ ဤလေ့လာသုံးသပ်ချက်တွင် လက်တွေ့ဆန်းစစ်မှုများ၊ စမ်းသပ်စစ်ဆေးမှု များနှင့် လက်တွေ့စမ်းသပ်ချက်များ ပါဝင်သည်။ ဤလေ့လာမှု၏ နိဂုံးချုပ် ကောက်ချက် များသည် အချက်အလက်များ၊ ကိန်းဂဏာန်းများနှင့် ဓမ္မဓိဌာန်ကျသော လေ့လာမှုများအပေါ်တွင် အခြေခံထား ပါသည်။ နက်နဲသောဆေးပညာ၊ ဇီဝကမ္မပညာနှင့် လူမှုရေးဆိုင်ရာ ဆန်းစစ် လေ့လာမှုများကြောင့် ရှေးဟောင်း ခေတ် လူသားတို့ သတိမပြုမိခဲ့ကြသော ယောက်ျားနှင့် မိန်းမအကြားရှိ ကွဲပြားခြားနားချက်များကို ပို၍ ကြီးမားစွာ ပိုင်းခြားနားလည် နိုင်ခဲ့ကြသည်။
ရှေးခေတ်လူသားများက ယောက်ျားနှင့် မိန်းမတို့အား ခွဲခြားရာတွင် တစ်မျိုး (ယောက်ျား)က ပို၍ ကြမ်းတမ်းသည်။ ပို၍ အမွှေးအမျှင်ထူသည်၊ ကြီးမားသော ခြေဆံလက်ဆံရှိသည်။ အသံပို၍ သြသည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျိုး (မိန်းမ)က ပို၍နူးညံ့သည်၊ အရပ်ပုသည်၊ ပို၍ သန့်သန့်ရှင်းရှင်း နေတတ်သည်။ အသံသေး၍ စူးရှသည်စသည်ဖြင့် အကဲဖြတ်ကြသည်။ ၎င်းင်းတို့၏ ဆုံးဖြတ်ချက်များမှာ လိင်နှစ်မျိုးစလုံး၏ ပျိုဖော်ဝင်အရွယ်ရှိ အသိဥာဏ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ဥာဏ်ရည်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုနှင့် ခံစားမှုဆိုင်ရာ ကွဲပြား ခြားနားချက်များအပေါ် တွင်မူတည်သည်။ ရှေးခေတ်လူသားများအနေနှင့် အသိပညာ၏ သင်္ကေတအဖြစ် ယောက်ျားကိုလည်းကောင်း၊ စိတ်လှုပ်ရှားမှုနှင့် ချစ်ခြင်းမေတ္တာ၏ သင်္ကေတအဖြစ် မိန်းမကိုလည်းကောင်း သတ်မှတ်ခဲ့ကြသည်။
သို့သော် ယခုအခါ အခြားများပြားလှစွာသော ကွဲပြားခြားနားချက်ကို သိမြင်လာကြပြီးဖြစ်သည်။ အမျိုးသမီးများ၏ လောကသည် အမျိုးသားများ၏ လောကနှင့် နှိုင်းဆလျှင်များစွာသောကဏ္ဍများ၌ ကွဲပြားခြားနားနေသည်ဟူသော အချက်ကို အားလုံးသိရှိပြီးဖြစ်သည်။
ကျွန်ုပ်တို့အနေနှင့် ကျား၊ မကြားကွဲပြားခြားနားချက်များကို ဤနယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်ကြကုန်သော ပညာရှင်ကြီးများ၏ ရေးသား တင်ပြချက်များကို စုဆောင်းကိုးကားလျှက် ရှင်းလင်းတင်ပြသွား မည်ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ထိုပညာရှင်ကြီးများ၏ ဒဿနဆိုင်ရာ ယူဆချက်များကို ထုတ်ဖော်တင်ပြ သွားမည်ဖြစ်သလို ကျား၊ မလိင်နှစ်ခုကြားရှိ ကွဲပြားခြားနား ချက်များက မည်သည့်သဘောတရားကြောင့် ဖြစ်သည်။ မည်သို့သော သမိုင်း ရေးရာနှင့် ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာ အကြောင်းအချင်း အရာများကြောင့် ဖြစ်သည်ကိုလည်း ထောက်ပြဝေဖန်သွားမည်ဖြစ်သည်။ အချို့သော ကွဲပြား ခြားနားချက်များမှာ ထင်ရှားလွန်း၍ မငြင်းနိုင်သည်များလည်းရှိသည်။ အချို့ သော ကွဲပြားခြားနားချက်များမှာကား ယင်းတို့ကို အကျဉ်းချုပ် လေ့လာ ဆန်းစစ်ပြီး ရရှိလာသော အတွေ့အကြုံများ အရသာ သိရှိနားလည်နိုင်မည် ဖြစ်သည်။

လက္ခဏာနှစ်ရပ်ဒွန်တွဲနေခြင်း
ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင် ပျမ်းမျှအားဖြင့် ယောက်ျားများ တွင် ကြီးမားရှည်လျားသော ခြေလက်အင်္ဂါများရှိသည်။ မိန်းမများမှာမူ သေးသွယ်တတ်ကြသည်။ ယောက်ျားသည် အရပ်ပိုရှည်၍ မိန်းမများမှာ အရပ်ပု တတ်ကြ သည်။ ယောက်ျားများမှာ ကြမ်းတမ်းခက်ထန်ပြီး မိန်းမများသည် နူးညံ့သိမ်မွေ့ တတ်ကြသည်။ ယောက်ျားများ၏ အသံမှာ၊ မိန်းမများနှင့် နှိုင်းယှဉ်ပါက အသံသြသြ ကြမ်းရှရှ ရှိတတ်ကြသည်။ အမျိုးသမီးများမှာ စူးရှ၍ သိမ်မွေ့ နူးညံ့သော အသံရှိသည်။ မိန်းကလေး၏ ခန္ဓာကိုယ်ကြီးထွားမှုနှုန်းသည် မြန်ဆန် ၍ ယောက်ျားလေးများသည် နှေးကွေးတတ်ကြသည်။ သန္ဓေသားဘ၀တွင်ပင် မိန်းကလေးဖြစ်မည့်သန္ဓေသား၏ ကြီးထွားမှုနှုန်းသည် ယောက်ျားလေးဖြစ်မည့် သန္ဓေသားထက် မြန်သည်ဟု အဆိုရှိသည်။ ရူပလက္ခဏာအားဖြင့် ယောက်ျား သည် မိန်းမထက်ပို၍ သန်မာထွားကြိုင်းပြီး၊ သူ၏ ကြွက်သားများမှာပို၍ ဖွံ့ဖြိုးကြသည်။ မိန်းမများတွင်မူ ယောက်ျားထက်ပိုသော ခုခံနိုင်မှုစွမ်းရည်ရှိ သည်။ မိန်းကလေးများသည် ပျိုဖော်ဝင်အရွယ်ကို စော၍ ရောက်ရှိလာသကဲ့သို့ မျိုးပွားမှု စွမ်းရည်မှာလည်းစော၍ ကုန်ဆုံးသည်။ မိန်းကလေးသည် ယောက်ျား လေးထက်စော၍ စကားပြောတတ်လေ့ရှိသည်။ ယောက်ျား၏ ဦးနှောက်အရွယ်အစားသည် ယေဘုယျအားဖြင့် မိန်းမ၏ ဦးနှောက်အရွယ်အစားထက် ကြီးသည်။ ခန္ဓာကိုယ် အချိုးအစားနှင့်နှိုင်းစာလျှင် မိန်းမ၏ ဦးနှောက်က ခန္ဓာကိုယ်ထက်ပို၍ ကြီးမားသည်။ ယောက်ျား၏ အဆုပ်များသည် မိန်းမ၏ အဆုပ်များထက် လေကိုပိုရှုနိုင်သည်။ မိန်းမ၏ နှလုံးခုန်နှုန်းသည် ယောက်ျားထက် ပို၍မြန်သည်။
စိတ်ပညာ သဘောအရ ယောက်ျားသည် ကိုယ်လက်လှုပ်ရှားမှုကို နှစ်သက်၍ အမဲလိုက်ခြင်း၊ ဖြတ်လတ်တတ်ကြွသော ဘ၀ကို နှစ်သက်သည်။ ယောက်ျား၏ စိတ်ခံစားချက်များသည် စိန်ခေါ်တတ်သော ရန်လိုတတ်သော (ရန်မူတတ်သော)သဘောရှိသော်လည်း မိန်းမများမှာ စိတ်ဓါတ် တည်ငြိမ် အေးချမ်းသော သဘောရှိသည်။ ယောက်ျားများမှာ ရန်လိုသော သဘောရှိသော်လည်း မိန်းမများမှာ တည်ငြိမ်၍ တိတ်ဆိတ် အေးချမ်းသော သဘောရှိသည်။ မိန်းမများသည် ဤသို့ တည်ငြိမ် အေးချမ်းသောကြောင့် မိမိတို့ကိုယ်ကို မိမိတို့ သေကြောင်းကြံစည်ခြင်း၊ သတ်သေခြင်းမှာ နည်းပါးသည်။ သေကြောင်းကြံစည်မှု မျိုးတွင်တောင်မှ ယောက်ျားများ၏ အကြမ်းဖက်မှုမျိုး ပါဝင်ကြောင်း သိသာနိုင်သည်။ ယောက်ျားတို့သည် မိမိတို့ဘာသာ  မိမိတို့သေနတ်နှင့်ပြစ်ခြင်း၊ ဇွဲကြိုးချ သေခြင်း၊ အလွန်မြင့်သော အဆောက်အဦးများပေါ်မှ ခုန်ချသေခြင်း ပြုလေ့ရှိကြ သည်။ မိန်းမများမှာမူ အိပ်ဆေးပြားများ သောက်ခြင်း၊ ဘိန်းစားခြင်းတို့ဖြင့် သေကြောင်းကြံစည်တတ်ကြသည်။ မိန်းမများသည် ပို၍ စိတ်ထိခိုက်လှုပ်ရှားမှု၊ ခံစားရမှုလွယ်ကူပြီး ယောက်ျားများထက် စိတ်လှုပ်ရှား ထိခိုက်လွယ်တတ်သော သဘောရှိသည်။ မိန်းမများနှင့်နှိုင်းစာလျှင် ယောက်ျားများသည် သွေးအေးအေး နှင့် စိတ်ဓါတ်တည်ငြိမ်သည်။ သဘာဝအားဖြင့် မိန်းမသည် အဆင်တန်ဆာများ၊ အလှပြင်ပစ္စည်းများ၊ မိတ်ကပ်နှင့် နောက်ဆုံးပေါ် အ၀တ်အထည်ပစ္စည်းများ၊ ဖက်ရှင်ဒီဇိုင်း ပုံသ္ဌဏာန်များကို စိတ်ဝင်စား တတ်ကြသည်။ သို့သော် ယောက်ျား များမှာ စိတ်မ၀င်စားပေ။ မိန်းမများ၏ စိတ်ခံစားမှုများမှာ တည်ငြိမ်မှုမရှိ၊ ယောက်ျားနှင့် ယှဉ်လျှင် အလွန်ပြောင်းလဲလွယ်သော သဘောရှိသည်။ မိန်းမသည် ယောက်ျားထက် သတိကြီးသော ဘာသာရေးကိုင်းရှိုင်းသော၊ ပို၍ စကားများသော ပို၍ ကြောက်တတ်သော ပို၍ဟိတ်ဟန်ပါသော သဘောရှိသည်။ သူမ၏ စိတ်ခံစားမှုများသည် ကလေးဘ၀ကတည်းက မိခင်စိတ်ရှိသည်။ မိန်းမများအနေ နှင့် ထုတ်ယူဆင်ခြင်ရသည့် သိပံ္ပပညာရပ်များနှင့် ခက်ခဲနက်နဲသော အသိဥာဏ် ဆိုင်ရာ ဘာသာရပ်များတွင် ယောက်ျားများနှင့် မယှဉ်နိုင်။ သို့သော် စာပေနှင့် အနုပညာဘာသာရပ်များ၊ ဥပမာ-ပန်းချီအနုပညာတွင် ယောက်ျားများနှင့် တန်းတူယှဉ်နိုင်သည်။ အရာအားလုံး၌ နောက်တွင် ကျန်နေသည်ဟု မဆိုသာ။ ယောက်ျားများ၌ ၎င်းတို့၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်သည့်စွမ်းအားသည်ပို၍ များသည်။ သူသည် သူ့အတွက် ပျော်ရွှင်ဖွယ်ရာ မကောင်းသော အဖြစ်အပျက် များကို မျိုသိပ်နိုင်စွမ်းများသည်။ ထို့ကြောင့်ပင် သူတို့သည် ဘာသိဘာသာ နေတတ်ကြသည်။ ၎င်း၏ အတွင်းစွဲ သဘာဝကြောင့် ဖြစ်ပေါ်တတ်သော ရောဂါ ဝေဒနာများ၏ ဖိစီးနှိပ်စက်မှုကို ခံရခြင်းဖြစ်သည်။ မိန်းမသည် ယောက်ျားများနှင့် နှိုင်းယှဉ်လျှင် ပို၍ ထိခိုက်ခံစားလွယ်တတ်သည်။ စိတ်နှလုံးသား ပျော့ပြောင်းနူးညံ့သော သဘောရှိသည်။ ထို့ကြောင့်ပင် သူမတို့သည် အလွယ်တကူ ငိုကြွေး ၀မ်းနည်းတတ်၍ တစ်ခါတစ်ရံ လုံးဝ အသိစိတ်ကင်းမဲ့သွားသလို ဖြစ်တတ်သည်။

တစ်ဦးနှင့် တစ်ဦး နှိုင်းယှဉ်သည့် ရှုမြင်သုံးသပ်ချက်
ယောက်ျားသည် သူ့လိုအင်ဆန္ဒ၏ ကျေးကျွန်ဖြစ်သကဲ့သို့ မိန်းမသည် အချစ်၏ ကျေးကျွန်၊ သံယောဇဉ်အနှောင်အဖွဲ့ကြီးမားသူဖြစ်သည်။ ယောက်ျားသည် မိမိကြိုက်နှစ်သက်သော မိန်းမကိုသာ ချစ်လေ့ရှိပြီး၊ မိန်းမမှာမူ သူမ၏ တန်ဖိုးထားမှုများကို အသိအမှတ်ပြုသူ၊ သူမကို ချစ်ခင်ကြောင်း ထုတ်ဖော်ပြောကြားသူအား ချစ်လေ့ရှိသည်။ ယောက်ျားသည် မိန်းမကို ပိုင်ဆိုင်လိုစိတ်ရှိပြီး မိန်းမမှာမူ မိမိချစ်ခင်နှစ်သက်သူ ယောက်ျား၏ နှလုံးသားကို စိုးမိုးလိုသည်။ ယောက်ျားသည် မိန်းမကို အနိုင်ယူလိုသော်လည်း မိန်းမက ယောက်ျား၏ နှလုံးသားအတွင်းသို့ ထိုးဖောက်ဝင်ရောက်လိုသည်။ ယောက်ျားက မိန်းမကို သိမ်းသွင်း ဆွဲဆောင်လိုပြီး၊ မိန်းမကမူ ဖမ်းဆီးသိမ်းသွင်းခံလိုသည်။
မိန်းမက ယောက်ျားအား ရဲရင့်သော၊ သတ္တိရှိသော၊ မြင့်မြတ်သောသူအဖြစ် လိုလားပြီး၊ ယောက်ျားက မိန်းမအားလှပ၍ စွဲမက်စရာ ကောင်းသောသူအဖြစ် အလိုရှိသည်။ မိန်းမသည် ယောက်ျား၏ ကာကွယ်စောင့်ရှောက်မှုကို လိုလားပြီး ထိုသို့သော ကာကွယ် စောင့်ရှောက်မှုကိုလည်း သူမ၏ ပိုင်ဆိုင်မှုများအနက် တန်ဖိုးအကြီးဆုံး၊ တန်ဖိုးအရှိဆုံးအရာဟု ယုံကြည်သည်။  မိန်းမသည် သူမ၏ ဆန္ဒများကို ထိန်းချုပ်နိုင်သော စွမ်းအားရှိသည်။ ယောက်ျား၏ လိင်မှုဆိုင်ရာ ဆန္ဒပြင်းပြမှုမှာ အလွန်တက်ကြွပြီး ရန်လိုသောသဘော ရှိသည်။ မိန်းမမှာမူကား ပြုသမျှ နုရသည်ကို နှစ်သက်ပြီး သူမ၏ လိင်မှုဆန္ဒမှာ စိတ်လှုပ်ရှား ဖွယ်ရာကောင်းသည်။

ယောက်ျားနှင့် မိန်းမအကြားရှိ ကွဲပြားခြားနားမှုများ
အမေရိကန် စိတ်ပညာရှင်တစ်ဦးဖြစ်သော ပါမောက္ခရီခ်ဆိုသူသည် ယောက်ျားနှင့် မိန်းမ၏ အရေးကိစ္စများကို လေ့လာ ဆန်းစစ်ထားသော သူ၏ သုတေသနဆိုင်ရာ တွေ့ရှိချက်များကို ကြီးမားထူထဲလှသော စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ယောက်ျားများ၏ လောက၊ ၎င်းတို့၏ ကမ္ဘာသည် မိန်းမများ၏ လောက၊ ကမ္ဘာနှင့် လုံးဝကွဲပြားခြားနားသည်ဟု သူကဆိုခဲ့သည်။ အကယ်၍ မိန်းမများသည် ယောက်ျားများကဲ့သို့ မတွေးနိုင်၊ မပြုမူနိုင်ခြင်းမှာ ၎င်းတို့သည် ကွဲပြားခြားနားသော လောကသားများ ဖြစ်ခြင်းကြောင့် ဖြစ်သည်။
သူကဆက်၍ ပြောသည်မှာ “ဓမ္မဟောင်းကျမ်း၏ အဆိုအရ ယောက်ျားနှင့် မိန်းမသည် အသွေးအသား တစ်မျိုးတည်းမှ ဆင်းသက် ဖြစ်ပေါ်လာသည်။´´ မှန်ပါသည်။ သို့သော် သူတို့နှစ်ဦးသည် အသွေးအသား တစ်မျိုးတည်းမှ ဖြစ်ပေါ်လာသည်မှာ မှန်သော်လည်း ၎င်းတို့တွင် ကွဲပြားခြားနားသော ကိုယ်ခန္ဓာများ ရှိကြသည်။ ၎င်းင်းတို့၏ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံများမှာလည်း မတူညီကြချေ။ သူတို့တွင် တူညီသော ခံစားချက်များ၊ မည်သည့်အခါတွင်မျှ မရှိနိုင်သကဲ့သို့ အမျိုးမျိုး ကွဲပြားသည့် ဖြစ်ရပ်များ၊ တိုက်ဆိုင်မှုများလည်း ရှိနိုင်သည်။ သူတို့သည် ကွဲပြားခြားနားသည့် ပတ်လမ်းကြောင်းအတွင်း လှည့်ပတ်နေသည့် ဂြိုဟ်နှစ်လုံးနှင့်လည်း တူသည်။ တစ်ဦးနှင့် တစ်ဦး နားလည်မှု ပေးနိုင်သကဲ့သို့ တစ်ဦးနှင့် တစ်ဦး ပါရမီဖြည့်ဘက် အဖော်လည်း ဖြစ်နိုင်သည်။
သို့သော် ဘယ်သောအခါမျှ တစ်ပေါင်းတစ်စည်းတည်း တစ်သားတည်း မဖြစ်နိုင်။ ဤသည်မှာ ၎င်းင်းတို့ နှစ်ဦးအတူတကွ နေထိုင်နိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးနိုင်ခြင်း၊ တစ်ဦးက တစ်ဦး၏ ပင်ကိုယ်စရိုက်ကို ညှိယူနိုင်ရခြင်း အကြောင်းအရင်း ဖြစ်သည်။
ပါမောက္ခရီခ်သည် ယောက်ျား၏ စိတ်ဓါတ်ရေးရာ အခြေအနေကို မိန်းမနှင့် နှိုင်းယှဉ်၍ သူတို့၏ ထပ်တူညီမျှမှု မရှိနိုင်ခြင်းကို အောက်ပါအတိုင်း တင်ပြထားသည်။ သူကပြောသည်မှာ-
“ယောက်ျားတစ်ယောက်အတွက် သူကြိုက်နှစ်သက်သော မိန်းမတစ်ဦးနှင့် အမြဲတစေ အတူနေရခြင်းမှာ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းသည်။ သို့သော် မိန်းမတစ်ယောက်အတွက်မူကား ၎င်းတို့ချစ်မြတ်နိုးသော ယောက်ျားတစ်ယောက် အနီးအပါးတွင် နေရခြင်းလောက် ပျော်ရွှင်စရာကောင်းသော ကိစ္စမရှိ။´´ ယောက်ျားတစ်ယောက်အတွက် အမြဲတစေ တူညီသော အသွင်အပြင် နှင့် နေလိုသော်လည်း မိန်းမတစ်ယောက်အတွက်မူကား နံနက်တိုင်း ဆန်းသစ် လတ်ဆတ်သော အသွင်သစ်ကို လိုလား တောင့်တသည်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်အား ပြောလေ့ရှိသော အကောင်းဆုံးစကားမှာ “အို-ကျွန်ုပ်ရဲ့ အချစ်ကလေး၊ ကျွန်ုပ်မင်းကို ချစ်ပါတယ်´´၊ သို့သော် မိန်းမတစ်ယောက်က သူမရွေးချယ်ထားသည့် ယောက်ျား တစ်ယောက်အတွက် ပြောလေ့ရှိသော အလှပဆုံးဝါကျမှာ “ကျွန်မဟာရှင့် အတွက် ဂုဏ်ယူပါတယ်´´ဟု ဖြစ်သည်။
ဘ၀တွင် မိန်းမ (အမြှောင်မယား၊ အပျော်မယား) များပြားစွာရှိခဲ့သော ယောက်ျားတစ်ယောက်သည် အခြားမိန်းမများကို စွဲဆောင်နိုင်သောသူ (မိန်းမကျမ်းကျေသော မိန်းမအကြောင်း ကောင်းကောင်းနားလည်သောသူ) တစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ ယောက်ျားများအတွက်မူကား သူ၏ လက်တွဲဖော် (ဘ၀ကြင်ဖော်) မိန်းမသည် သူ့ထက်ပိုသော အခြားယောက်ျားဖော် များရှိခဲ့သည်၊ ရှိနေသည်ကို မနှစ်သက်ကြချေ။ ယောက်ျားများ အိုမင်းမစွမ်း ဖြစ်လာသောအခါ ၎င်းင်းတို့မှီခိုတွယ် တာနေရသော၊ အလုပ်အကိုင် ဆုံးရှုံးသွားရသဖြင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးခြင်း များကို ခံစားရတတ်သည်။ သို့သော် မိန်းမများ အိုမင်းမစွမ်းဖြစ်လာသောအခါ သူမတို့၏ ရှုထောင့်မှ သူမတို့ဆန္ဒရှိသောအရာများအနက် အကောင်းဆုံးအရာများ ဖြစ်သည့် အိမ်နှင့်မြေအနည်းငယ်ကို ပိုင်ဆိုင်ထားရသောကြောင့် ပျှော်ရွှင်မှုကို ခံစားရသည်။
ယောက်ျားတစ်ယောက်အတွက် ကံကောင်းခြင်းဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း၊ အများက လေးစားကြည်ညို ဖွယ်ရာ နေရာတစ်ခု ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ မိန်းမတစ်ယောက်အတွက် ကံကောင်းခြင်းဟူသည်မှာ သူမ၏ နှစ်သက်မြတ်နိုးသူ ယောက်ျား၏ နှလုံးသားကို စွဲဆောင်နိုင်ခြင်း၊ ထိုယောက်ျားကို သူမ၏ ဘ၀တစ်သက် တာလုံးအတွက် လုံခြုံစိတ်ချစွာ ထိန်းထားနိုင်ခြင်းဖြစ်သည်။ ယောက်ျားတစ်ယောက်သည် မိမိ နှစ်သက်မြတ်နိုးသူ မိန်းမအား မိမိ စိတ်ကြိုက်ရွေးချယ်မှုသို့ ပြောင်းလဲရွေးချယ်စေပြီး သူ၏ ယုံကြည်ရာ ဘာသာတရားနှင့် နိုင်ငံသားအဖြစ်သို့ပင် မိန်းမအား ပြောင်းလဲစေလိုသည်။ မိန်းမတစ်ယောက်အတွက် သူမ၏ ဘာသာတရားနှင့် နိုင်ငံသားကို သူမနှစ်သက်သူ လင်ယောက်ျားအတွက် အလွယ်တကူပြောင်းလဲနိုင်စွမ်း ရှိသည်။ လက်ထပ်ပြီးသည့်နောက် သူမ၏ မိသားစုမျိုးရိုးစဉ်ဆက်အမည်ကို ပင် ပြောင်းလဲပစ်နိုင်သည်။

ဖန်ဆင်းခြင်း၏ အပြောင်မြောက်ဆုံးဂန္တဝင်လက်ရာတစ်ခု
“ယောက်ျားနှင့် မိန်းမအကြားရှိ ထပ်တူညီမျှမှု မရှိခြင်းကြောင့် အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ထပ်တူညီမျှမှု မရှိခြင်း၊ သဘောတရား ကို ဖြစ်ပေါ်စေပါသလား´´ဟူသော ပြဿနာနှင့် ပတ်သက်၍ဖြေဆိုပါမည်။ ထပ်တူညီမျှမှု မရှိခြင်းသည် ဖန်ဆင်းခြင်း သဘောတရား၏ အံ့သြဖွယ် အကောင်းဆုံးသော၊ အပြောင်မြောက်ဆုံးသော ဂန္တ၀င်လက်ရာ တစ်ခုပင်ဖြစ် သည်။ ယင်းပြဿနာရပ်သည် ကိုးကွယ်ရာအရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်အား အသိအမှတ်ပြု၍ ထိုအရှင်၏ တစ်ပါးတည်းတည်ရှိခြင်း (ဧကော ဓမ္မော)ကိုလက်ခံရန်အကြောင်းတရား ဖြစ်သည်။ ယောက်ျားနှင့်မိန်းမကြား ထပ်တူညီမျှမှု မရှိခြင်း၏ ဖန်ဆင်းမှုသဘော တရားပင် ဤကမ္ဘာလောကကြီးတွင် ဖြစ်ပျက်နေသောဖြစ်စဉ် စနစ်ကြီးများကို အနန္တပညာ အသင်္ခတဥာဏ်တော်ရှင်က သိမ်မွေ့နူးညံ့စွာ ပြုပြင်စီရင်ထားသည်ကို သေချာစွာ သက်သေပြပြီးဖြစ်လေသည်။ ၎င်းင်းဖြစ်စဉ်ကြောင့်ပင် “ဖန်ဆင်းခြင်းဟူသည် မတော်တဆ ကြုံကြိုက် တိုက်ဆိုင်မှုကြောင့် ထွက်ပေါ်လာသောအရာမဟုတ်၊ သဘာဝတရားသည် မျက်ကန်း အင်အားစုကြီးမဟုတ်၊ ဤကမ္ဘာလောကတွင် ဖြစ်ပျက်နေသည့် အကြောင်းတရားများ အားလုံး၏ အန္တိမအကြောင်း တရားကို အသိအမှတ် မပြုပဲနှင့် နားလည်သဘော ပေါက်အောင် ကြိုးစားရန်မှာ မဖြစ်နိုင်ပေ။ မျိုးစိတ်၊ မျိုးရိုးများကို ထိန်းသိမ်းစောင့်ရှောက်ရန်ဟူသော အမြင်နှင့်ကြည့်ပါက မျိုးပွားခြင်းဟူသော စနစ်ကြီးတစ်ခုဖြစ်လာရန် ကြီးကျယ်ခမ်းနားသော ဖန်ဆင်းခြင်း ဆိုင်ရာယန္တရားတစ်ခုကို ဖြစ်ပေါ်တည်ရှိလာအောင် ဆောင်ကြဉ်းလာရပေမည်။ လူသားသည် အဖိုနှင့် အမများအား ဆက်တိုက်မွေးဖွားပေးလျှက်ရှိသည်။ လူသားမျိုးစိတ်များ ဆက်တိုက် မွေးဖွားရှင်သန်ဖို့ရာ ၎င်းတို့အချင်းချင်း အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုအပေါ် မှီတည်နေသည်။ သဘာဝတရားသည်လည်း လူသားအဖိုနှင့်အမများအား တစ်ဦးနှင့်တစ်ဦးအတူယှဉ်တွဲ၍ သက်ရှင်တည်ရှိနေနိုင်သော သဘောကိုဖြစ်စေသောအရာကဲ့သို့ ရှုမြင်သုံးသပ်နိုင် ပါသည်။ ထိုသို့ဖြစ်ရန်မှာကား သက်ရှိသတ္တ၀ါတိုင်းမရှိမဖြစ် လိုအပ်သည့် မိမိတို့၏ ကိုယ်ကျိုးကြည့်ခြင်းကို ပူးပေါင်းဆောင်ရွက်ခြင်း၊ သည်းခံခြင်းစသောသဘောတရားကို ပြောင်းလဲပြုလုပ်ရန်လိုသည်။ ဖော်ပြပါအစီအစဉ်ကို လက်တွေ့ ပြုလုပ်ရန်မှာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များ တစ်ခုနှင့်တစ်ခု အံဝင်ဂွင်ကျ ဖြစ်ရန်လိုအပ်သည်။ ထိုသို့ အံဝင် ဂွင်ကျဖြစ်စေရန်မှာ ကျားမနှစ်ဦးကြားရှိ ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ တိကျသော ကွဲပြားခြားနားချက်ကို စီစဉ်ရန်လိုအပ်သည်။ ဤကွဲပြားခြားနားချက်များကပင် ယောက်ျားနှင့် မိန်းမတို့အား တစ်ဦးနှင့်တစ်ဦး စွဲဆောင်မှု၊ စွဲမက်စေမှု ကိုဖြစ်စေသည်။ အကယ်၍ မိန်းမတွင် ယောက်ျားနှင့်တူညီသော ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နှင့် စိတ်နေ သဘောထား အကျင့်စရိုက်တို့ ရှိသည်ဆိုပါက လက်ရှိအခြေအနေတွင် ယောက်ျားအား သူမကိုစိတ်ဝင်စားလာအောင် စွဲဆောင်နိုင်သကဲ့သို့ စွဲဆောင်နိုင်မည်မဟုတ်။ ယောက်ျားများတွင် မိန်းမများကဲ့သို့ စိတ်ပိုင်းဆိုင် ရာဓါတ်ခံရှိမည်ဆိုပါက သူမ၏ စံပြပုဂ္ဂိုလ်ဖြစ်လာနိုင်မည်မဟုတ်။ ထိုယောက်ျား၏ နှလုံးသားကို အောင်နိုင်အောင် ကြိုးစားစရာလည်း လိုမည်မဟုတ်။ ယောက်ျား အား ကမ္ဘာလောကကို လွှမ်းမိုးချယ်လှယ်ရန် ဖန်ဆင်းထား၍ မိန်းမအား ယောက်ျားကို လွှမ်းမိုးချယ်လှယ်ရန် ဖန်ဆင်းထားသည်။
ဖန်ဆင်းခြင်း ဥပဒေသသည် ယောက်ျားနှင့် မိန်းမအား တစ်ဦးနှင့် တစ်ဦး ရှာဖွေတတ်အောင် စိတ်ဝင်စားမှုရှိအောင် အခြေအနေများကို စီမံပေးထား သည်။ သို့သော် သူတို့နှစ်ဦးအကြားရှိ ဆက်နွယ်မှုသည် သူတို့တွင်မရှိသော အခြားပိုင်ဆိုင်မှုများကြောင့်မဟုတ်ဘဲ သဘောသဘာဝ၏ ထူးခြားမှုကြောင့်ဖြစ် သည်။ ထိုဆက်နွယ်မှုသည် ၎င်းင်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုမှ (အတ္တ ကျူးလွန်မှု) ပေါက်ပွားလာခြင်းဖြစ်သည်။ သူတို့သည် ကိုယ်ပိုင်သုံးလိုသော ပစ္စည်းများကို ပိုင်ဆိုင်လိုကြပြီး တစ်ဦးနှင့်တစ်ဦး သူတို့အသီးသီးအသက၏ သက်တောင့်သက်သာ အဆင်ပြေရေးအတွက် နည်းလမ်းများဖြစ်သည်။ သို့သော် ယောက်ျားနှင့် မိန်းမအကြားရှိ ဆက်နွယ်မှုဟူသည် တစ်ဦးက အခြားတစ်ဦး၏ အဆင်ပြေ ညီညွတ်မှုနှင့် ပျော်ရွှင်မှု အတွက်လည်းကောင်း၊ အခြားတစ်ဦး၏ ဘ၀ပျော်ရွှင်သာယာရေးအတွက် စွန့်လွှတ် အနစ်နာခံခြင်းဟူ၍ လည်းကောင်း၊ အဓိပ္ပာယ်ဆောင်သည်။

ချစ်စိတ်ပြင်းပြမှုထက် သာလွန်သော ဆက်နွယ်မှု
အချို့သောသူများသည် လိင်မှုဆိုင်ရာ ရမ္မက်ပြင်းပြမှုနှင့် အချစ်ကို ခွဲခြားနိုင်စွမ်းမရှိခြင်းသည် အံ့သြစရာကောင်းသော အချက်ဖြစ် သည်။ ၎င်းင်းတို့က လင်ယောက်ျားနှင့် ဇနီးမယားကြားရှိ ဆက်နွယ်မှုသည် လောဘကြီးခြင်း၊ တဏှာရာဂနှင့် တစ်ဦးနှင့်တစ်ဦး ခေါင်းပုံဖြတ်ချယ်လှယ်ခြင်းဟူသော အထူးသီးသန့် အရာများ၌သာ အခြေခံထားသည်ဟု ထင်မြင်နေကြခြင်း ဖြစ်သည်။ ထိုသူများက အထက်ဖော်ပြပါ လင်မယားကြားရှိ ဆက်နွယ်မှုသည် ယောက်ျားတစ်ယောက်မှ သူစားသုံးသော အစားအသောက်၊ အ၀တ်အထည်၊ အစီးအနင်း ယာဉ်ရထားနှင့် ဆက်နွယ်နေသော ဆက်နွယ်မှုမျိုးသာဖြစ်သည်ဟူသော အယူအဆကို ဆွဲကိုင်ထားသည်။ ဤပုဂ္ဂိုလ်များမှာ သဘာဝတရားကို နားမလည်ကြ။ မိမိ၏ တစ်ကိုယ်ကောင်း စိတ်ဝင်စားမှုအပြင်ဘက်တွင်ရှိသော အခြားဆက်နွယ်မှုများလည်း ရှိနိုင်သည်ဟူ သော လူ့စိတ်သဘောသဘာဝကို နားမလည်ကြချေ။ ထိုအခြားသော ဆက်နွယ်မှုများကို အခြေခံ၍ စွန့်လွှတ်အနစ်နာခံခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် ကောင်းမြတ်သော ဆန္ဒမွန်များ ပေါက်ပွားလာခြင်းဖြစ်သည်။ “လူသားပီသခြင်း´´ဟူသော သဘာတရား ကိုလည်း သရုပ်ဖော်တင်ပြပေးသည်။ ယင်းကဲ့သို့သော ဆက်နွယ်မျိုးကို တိရစ္ဆာန်များအကြား၌လည်း အတိုင်းအတာတစ်ခုအထိ ရှိသည်ကို တွေ့ရှိနိုင်သည်။ တိရစ္ဆာန်များ၏ မိတ်လိုက်ဖက်များနှင့် သားငယ်များ၏ ပတ်သက်မှုတွင် ယင်းဆက်နွယ်မှုများအကြောင်း အထင်အရှား သိမြင်နိုင်သည်။
ဤပုဂ္ဂိုလ်များက တွေးထင်ကြသည်မှာ ယောက်ျားသည် အမြဲတစေ မိန်းမအား လူပျိုလူလွတ် တစ်ယောက်က သောက်စားမူးယစ်သော အချိန်မျိုးတွင် ကြည့်လေ့ရှိသော တဏှာယစ်မူးမှုမျိုးနှင့်သာ ကြည့်လေ့ရှိသည်ဟု ယူဆသည်။ သူတို့က ယုံကြည်နေကြသည်မှာ တဏှာရာဂအားဖြင့်သာ ယောက်ျားနှင့် မိန်းမတို့ သည် ပေါင်းဖက်ပျော်ရွှင်နေကြသည်။ အမှန်စင်စစ် အိမ်ထောင်ရေးအရ ပေါင်းဖက်မှုသည် ရုပ်ပိုင်းဆိုင်ရာ တဏှာရာဂပြင်းပြမှုထက်ပို၍ သာလွန်သော အရာဖြစ်သည်။ အိမ်ထောင်ရေးပေါင်းစည်းမှု၏ အခြေခံသဘောတရားမှာ ချစ်ခြင်းမေတ္တာနှင့် ကရုဏာပင်ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြထားသည်မှာ-
“ထိုနည်း တူစွာ(ဤသည်လည်း) ထိုအရှင်မြတ်၏ သက်သေ လက္ခဏာတော်များတွင် အပါအ၀င် ဖြစ်ပေသည်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ အမျိုးအစားများအနက်မှပင် ကြင်ယာကြင်ဖက် များကို ၎င်းတို့ထံတွင် အသင်တို့ အနားယူ စိတ်ချမ်းသာမှုရရှိအံ့သောငှာ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ စပ်ကြား၌ ချစ်ခြင်းမေတ္တာကို လည်းကောင်း၊ အကြင်နာတရားကိုလည်းကောင်း စီမံပြုလုပ်၍ ပေးသနားတော်မူခဲ့၏။´´ (ရောမကဏ္ဍ၃၀း၂၁)
ယောက်ျားနှင့် မိန်းမအကြား ဆက်နွယ်မှုသမိုင်းကို အဓိပ္ပာယ် ကောက်ယူရာ၌ အလုပ်ခန့်ခြင်းနှင့် အကျိုးရှိရှိ အပြည့်အ၀ အသုံးချခြင်း ရှုထောင့်မှ ကြည့်မည်လော (သို့မဟုတ်) အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားခြင်းဟူသော ရှုထောင့်မှ ကြည့်မည်လော ဆိုသည်မှာ အလွန် အရေးကြီးသောကိစ္စဖြစ်၍ အမှားမရှိအောင် သတိပြုသင့်သည်။ သို့သော် ယခုတိုင် အချို့သောသူများသည် ဖော်ပြပါ အခြေအမြစ်မရှိသော အတွေးအခေါ် အယူအဆများ၊ ရှုထောင့်များကို စွဲကိုင်ထားကြသည်သာမက ရှေ့သို့ပိုတိုး၍ သူတို့၏ တွေးခေါ်မှု လမ်းကြောင်းများကို ထောက်ပံ့အားပေးနေကြသည်။ ကျား၊ မဆက်နွယ်မှုသမိုင်းကို ရှင်းလင်း တင်ပြရာတွင် ရှေ့နောက်မညီသော ၀ိရောဓိ သဘောတရားများအပေါ် အခြေခံ၍ တင်ပြနေခြင်းကို အလွန်အံ့သြမိပါသည်။ ထိုသို့တင်ပြရာတွင် ယောက်ျားနှင့် မိန်းမအား တစ်ဦးနှင့်တစ်ဦး အမြဲတမ်း ပဋိပက္ခဖြစ်နေတတ်သော၊ ဖြစ်နေသော ကွဲပြားခြားနားသည့် လူမှုလူတန်းစားအဖြစ် ရှုမြင်သုံးသပ်နေကြခြင်း ဖြစ်သည်။ ဖခင်များနှင့် သားသမီးများကြားရှိ ဆက်နွယ်မှုကို အလုပ်ရှင်မှ အလုပ်ခန့်ခြင်းနှင့် အကျိုးရှိရှိ အပြည့်အ၀ အသုံးချ ခြင်းဟူသော ရှုထောင့်မှ ရှင်းလင်းတင်ပြရန် ဖြစ်နိုင်ချေရှိသည့်အခါကျမှသာလျှင် လင်ယောက်ျားများနှင့် ဇနီးမယားများအကြားရှိ သမိုင်းဆိုင်ရာ ဆက်နွယ်မှုကိုလည်း အလားတူ ရှုထောင့်မှ ရှင်းပြနိုင်မည်ဖြစ်သည်။ ယောက်ျားသည် မိန်းမ ထက်ပို၍ သန်မာတောင့်တင်းသည်မှာမှန်ပါသည်။ သို့သော် ဖန်ဆင်းခြင်းဟူသောဥပဒေသမှ စီမံအပ်နှင်းထားသော  ဗီဇသဘာဝအရ သူသည် သူ၏ ကျေးကျွန်များ၊ အဆင့်အတန်း နိမ့်ကျသော လက်အောက်ခံများ၊ တစ်ခါတစ်ရံ အိမ်နီးချင်းများသို့ ဆက်ဆံသော အကြင်နာကင်းမဲ့သည့် ပြစ်ဒဏ်စီရင်မှုမျိုးကို သူ၏ ဇနီးမယားအား ပြစ်ဒဏ်စီရင်ခွင့် ပေးမထားပေ။
ကျွန်ုပ်တို့ ငြင်းဆန်၍ မရသောအချက်မှာ ယောက်ျားသည် မိန်းမအား အမြဲတစေ ရက်စက်ကြမ်းကြုတ်တတ်သည် ဟူသောအချက် ဖြစ်သည်။ ကျွန်ုပ်တို့မှ ဆန့်ကျင်သည်မှာ ထိုရက်စက်ကြမ်းကြုတ်မှုကို မည်သို့ရှင်းပြသင့် သည်ဟူသော အချက်ဖြစ်သည်။ လူ့သမိုင်းတစ်လျှောက် ယောက်ျားသည် မိန်းမအား ဖိနှိပ်ချုပ်ချယ်ခဲ့သည်။ ထို့ပြင် သူတို့၏ သားသမီးများကိုလည်း ညှင်းပန်းနှိပ်စက်ခဲ့သည်။ ယောက်ျားသည် ၎င်းင်းတို့အား အကျိုးရှိရှိ အပြည့်အ၀ အသုံးချရမည့်အစား ၎င်းတို့အတွက် အကြင်နာ၊ မေတ္တာပေးရမည့်အစား လျစ်လျူရှုခြင်း၊ မျက်စိစုံမှိတ်၍ဘက်လိုက်ခြင်း၊ (ယောက်ျားက အနိုင်ယူတတ်သော) ရှေးရိုးထုံးတမ်းစဉ်လာများကိုသာ လိုက်နာလေ့ရှိခဲ့သည်။ ဤသို့သော ဖိနှိပ်ချုပ်ချယ်မှုများ၏ အကြောင်းအရင်း ဇစ်မြစ်မှာ ယောက်ျားသည် သူ့ကိုယ်သူ ဖိနှိပ်ချုပ်ချယ်လိုခြင်း၊ တရားမျှတမှုမရှိခြင်း အပေါ်အခြေခံထားပေသည်။ ထို့ကြောင့် သူ၏ အတ္တကြီး၍ တစ်ကိုယ်ကောင်းဆန်သော အာသာပြင်းပြခြင်းကို ဖိနှိပ်ရန် အလို့ငှာ လျစ်လျူရှုခြင်း၊ ဘက်လိုက်ခြင်း၊ ရှေးရိုးရာ အစဉ်အလာကို လိုက်နာခြင်း အကျင့်ဓလေ့များ ပြုမူခြင်းတို့ကို လိုက်နာကျင့်ကြံတတ်ခြင်း ဖြစ်သည်ကို တွေ့ရသည်။

ယောက်ျားနှင့် မိန်းမ တစ်ဦးအပေါ်တစ်ဦးထားရှိသည့် အဓိက ခံစားချက်များ
ယောက်ျားနှင့် မိန်းမတို့အကြား၌ မိသားစုဆိုင်ရာ ဆက်နွယ်မှုများသည် ထိုယောက်ျားနှင့် မိန်းမတို့က အခြားအရာဝတ္ထုများနှင့် ဆက်နွယ်မှုမျိုးပုံစံနှင့် ကွဲပြားခြားနားသည်သာမက တစ်ဦးနှင့်တစ်ဦးအပေါ် ထားရှိသည့် သဘောထားလည်းမတူပေ။ တစ်နည်းအားဖြင့်ဆိုသော် ယောက်ျားမှ မိန်းမသို့ ဆက်နွယ်မှု၏ သဘောသဘာဝသည် မိန်းမမှယောက်ျားသို့ ဆက်နွယ်မှုနှင့်မတူ ကွဲပြားခြားနားသည်။ သက်မဲ့များနှင့်မတူဘဲ ယောက်ျားနှင့် မိန်းမသည် တစ်ဦးနှင့်တစ်ဦးစွဲဆောင် မှုရှိကြသည်။ ဤနေရာတွင် သေးငယ်သော ခန္ဓာကိုယ်က ကြီးမားသော ခန္ဓာကိုယ် အားစွဲဆောင်ထားခြင်း ဖြစ်သည်။ ယောက်ျားအား တောင့်တခြင်း၊ လိုအင်ကြီးခြင်း၊ အချစ်နှင့် မိမိနှစ်သက်ရာကို လိုက်စားခြင်း၏ သရုပ်သကန်အတွက် ဖန်ဆင်းထားခြင်း ဖြစ်သည်။ မိန်းမကိုမူ စွဲဆောင်ခြင်းနှင့် လိုလားမှု၏ သရုပ်သကန်အတွက် ဖန်ဆင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယောက်ျားနှင့် မိန်းမတို့၏ ခံစားချက်များ သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားသော်လည်း တစ်ဦးက အခြားတစ်ဦး၏ လိုအပ်မှုကို ဖြည့်စွက်ရန်အတွက် လိုက်ဖက်သော အမျိုးအစား ဖြစ်နေသည်။ တစ်ဦးက တစ်ဦး၏ လိုအင်ဆန္ဒများကို ပြည့်ဝအောင် ဖြေရှင်းပေးလို၍ ရှာဖွေတတ်သော သဘောရှိသည်။ တစ်ခါက သတင်းစာတစ်စောင်တွင် မိမိကိုယ်ကို မိမိ သေကြောင်း ကြံစည်မှုကို ၀န်ခံခဲ့သော ရုရှားမိန်းကလေးတစ်ဦး၏ ဓါတ်ပုံကို ထုတ်ဝေခဲ့ဖူးသည်။ ထိုမိန်းကလေးက ချန်ရစ်ခဲ့သော မှတ်စုစာအုပ်ငယ်တွင် သူမက သေကြောင်း ကြံရသော အကြောင်းအရင်းမှာ သူမသည် မည်သည့် ယောက်ျားတစ်ဦး တစ်ယောက်၏ နမ်းရှုံ့ခြင်း မခံရဘူးသောကြောင့် ဖြစ်ကြောင်း၊ သူမသည် ထိုအဖြစ်ကို သည်းမခံနိုင် လွန်းသောကြောင့် သေကြောင်းကြံခဲ့ရခြင်း ဖြစ်သည်ဟု ၀န်ခံထားသည်။
မိန်းမပျိုလေးတစ်ယောက်အတွက် မည်သည့်ယောက်ျားတစ်ဦး တစ်ယောက်၏ ချစ်မြတ်နိုးခြင်းမခံရခြင်း၊ နမ်းရှုံ့မခံရခြင်းသည် ကြီးမားသော စိတ်ပျက်ဖွယ်ရာကိစ္စဖြစ်သည်။ သို့သော် ယောက်ျားငယ် တစ်ယောက်အဖို့ကား မည်သည့်မိန်းကလေးကမျှ သူ့အားမချစ်ခြင်း၊ မနမ်းရှုံ့ခြင်းအမှုသည် မချင့်မရဲ မဖြစ်စေပါ။ သူက အာသာမပြေ မချင့်မရဲဖြစ်သည့်ကိစ္စမှာ သူက မည်သည့် မိန်းကလေးတစ်ဦး တစ်ယောက်ကိုမျှ နမ်းရှုံ့ခွင့် မရသောအခါဖြစ်သည်။
ဝေးလ်ဒူးရန့်(ထ်)က  ထောင့်စေ့အောင် တင်ပြထားသော သူ၏ဆွေးနွေး မှုတွင် မိန်းမပျိုတစ်ဦးသည် ပညာဥာဏ်နှင့်ပြည့်စုံ၍ အတွေးအခေါ် မြင့်မားသော်လည်း မိန်းမပီသ၍ ချစ်ခင်စွဲမက်ဖွယ်မကောင်းခြင်း၊ မိန်းမမာယာ ချို့တဲ့ ပါက ထိုမိန်းကလေးမျိုးအတွက် လင်ယောက်ျားကောင်း ရှာဖွေတွေ့ရှိ နိုင်မည် မဟုတ်။ တက္ကသိုလ် ဘွဲ့ရပညာတတ် မိန်းကလေးများ၏ (၆၀)ရာခိုင်နှုန်း၊ အိမ်ထောင်ပြုခွင့်မရပဲ အပျိုကြီးအဖြစ် ကျန်ရှိနေသည်က ဝေးလ်ဒူးရန့်ထ်၏ အဆိုမှန်ကန်ကြောင်း သက်သေပြနေသည်။ သူက ဆက်လက် တင်ပြသည့်အချက်မှာ ပြောစမှတ်ပြုလောက်အောင် ထူးချွန်သောအသိပညာရှင် မိန်းကလေးတစ်ဦးက ညည်းညူသည်မှာ “မည်သည့် ယောက်ျား တစ်ယောက်ကမျှ သူမအား လက်ထပ်လိုစိတ်မရှိ´´ ဟူ၍ဖြစ်သည်။ သူမပြောလေ့ရှိသည်မှာ “အဘယ်ကြောင့် ကျွန်မကို တစ်ဦး တစ်ယောက်ကမျှ မချစ်ကြတာလဲ၊ မိန်းမအများစုထက် ကျွန်မဟာ ပိုသာနိုင်ပါတယ်။ ယောက်ျားများ သည် ဘာမျှမထင်ရှားမကျော်ကြားတဲ့ သာမန် မိန်းမများကိုသာ အလိုရှိလေသည်။ သို့သော် ကျွန်မကိုကျတော့ ဘာကြောင့် မလိုချင်ကြပါသနည်း။´´
သူမ၏ ပြောစကားများအရ လေ့လာသိရှိနိုင်သည့် အချက်မှာ သူမ၏ မချင့်မရဲ့ဖြစ်မှုမှာ ယောက်ျားတစ်ယောက်၏ မချင့်မရဲဖြစ်မှုနှင့် ကွာခြားနေသည် ကို တွေ့နိုင်သည်။ သူမ၏ စောဒကတက်သည့်အချက်မှာ အဘယ်ကြောင့် သူမအား မည်သူ တစ်ဦးတစ်ယောက်မှ မချစ်ကြသနည်းဟူသော အချက်ဖြစ် သည်။
ယောက်ျားတစ်ယောက်က မချင့်မရဲဖြစ်သည့်အချက်မှာ သူက သူနှစ်သက်မြတ်နိုးသည့် မိန်းကလေးတစ်ယောက် ရှာဖွေမတွေ့နိုင်သောအခါ  ဖြစ်သည်။ တဖန် ရှာဖွေတွေ့ရှိပြန်သော်လည်း သူက ထိုမိန်းကလေးကို မိမိ၏ အဖော်အဖြစ် မရနိုင်သောအခါမျိုးဖြစ်သည်။
မိန်းမနှင့် ယောက်ျား၏ ပင်ကိုယ်စရိုက်ကို ထိုကဲ့သို့ အပ်နှင်းထား သောကြောင့် ၎င်းင်းတို့နှစ်ဦးအား လင်ယောက်ျားနှင့် ဇနီးမယားအဖြစ် ပေါင်းစည်းပေး သောစစ်မှန်သည့် ရည်ရွယ်ချက်သည် ၎င်းင်းတို့၏ ဆက်နွယ်မှုကို ပို၍ နက်ရှိုင်းခိုင်မာစေပြီး သူတို့၏ ဘ၀ကိုပို၍ ကောင်းမွန်ပျော်ရွှင်စွာ ခံစားနိုင် စေရန် ဖြစ်သည်။ အမှန်စင်စစ် လူ့အဖွဲ့အစည်းတစ်ခု၏ အခြေခံနှင့် အနာဂတ် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရေးအတွက် အလွန်အရေးကြီးသော အခြေခံ သဘောတရားမှာ အထက်ဖော်ပြပါ ပေါင်းစည်းမှုအပေါ်တွင် တည်ဆောက် ထားခြင်းသာဖြစ်သည်။
အမျိုးသမီး စိတ်ပညာရှင်တစ်ဦးက ရေးသားသည်မှာ “စိတ်ပညာရှင် တစ်ဦးအနေနှင့် ကျွန်မ၏ အကြီးမားဆုံး စိတ်ဝင်စားမှုမှာ ယောက်ျားများ၏ စိတ်ကို လေ့လာခြင်း ဖြစ်သည်။ လွန်ခဲ့သော အချိန်တစ်ခုတွင် ကျွန်မအား ကျွန်မ၏ ဆရာက စာတမ်းတစ်စောင် ပြုစုခိုင်းပါသည်။ ထိုစာတမ်းမှာ ယောက်ျားနှင့် မိန်းမတို့၏ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာကို လေ့လာစုံစမ်းရန် ဖြစ်သည်။´´ ကျွန်မအနေနှင့် အောက်ဖော်ပြပါ အချက်အလက်များကို နိဂုံးချုပ် ကောက်ချက် ချထားပါသည်။
(၁)    အမျိုးသမီးများအားလုံးသည် တစ်စုံတစ်ယောက်၏ ကြီးကြပ်မှု အောက်၌သာ အလုပ် လုပ်ကိုင်လိုကြသည်။ သူတို့သည် အလုပ်ရှင်သူဌေး (ခေါင်းဆောင်) နေရာထက် လက်အောက်ခံ (အလုပ်သမား)အဖြစ် လုပ်ရန် ပို၍ နှစ်သက်သည်။
(၂)    အမျိုးသမီးများ အားလုံးသည် ၎င်းင်းတို့ အသက်ရှင်တည်ရှိခြင်းသည် တစ်စုံတစ်ယောက်အတွက် လိုအပ်နေသည် (သို့မဟုတ်) အကျိုး သက်ရောက်မှု ရှိစေသည်ဟူသော ခံစားချက်မျိုး ရှိချင်သည်။
အထက်ဖော်ပြပါ စိတ်ပညာရှင် အမျိုးသမီးက သူမ၏အမြင်ကို တင်ပြရာတွင် “အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များသည် အမျိုးသမီးများ၏ စိတ်လှုပ်ရှားမှုများနှင့် ယောက်ျားများကြောင့် ဖြစ်ပေါ်သော ကျိုးကြောင်း ဆင်ခြင်မှုများမှ ပေါက်ပွားလာသည်ဟု ကျွန်မယုံကြည်သည်။ မကြာခဏ လေ့လာ သိရှိနိုင်သည့်အချက်မှာ မိန်းမများသည် ယောက်ျားများနှင့် ဥာဏ်ရည်တူညီယုံမျှမက တစ်ခါတစ်ရံ ယောက်ျားများထက်ပင် သာလွန်နေ ပေသည်။ သူမတို့၏ တစ်ခုတည်းသော အားနည်းချက်မှာ စိတ်လှုပ်ရှားမှု လွယ်ကူသော၊ စိတ်မခိုင်သောသဘောသာ ဖြစ်သည်။ ယောက်ျားများ၏ တွေးခေါ် ဆင်ခြင်မှုသည် အမြဲတစေပို၍ လက်တွေ့ကျသည်။ သူတို့သည် ပို၍ ဆုံးဖြတ် နိုင်စွမ်းရှိသည်။ သူတို့သည် ပို၍ကောင်းသော စည်းရုံးဆော်သြနိုင်သူ၊ ဦးဆောင် ညွှန်ကြားနိုင်သူသာဖြစ်သည်။ ယောက်ျားများ၏ စိတ်ဝိညာဉ်ဆိုင်ရာ မြင့်မြတ်မှုသည် မိန်းမများထက် ပိုသာလွန်သည့်အချက်မှာ သဘာဝတရားက ပုံဖော် ဒီဇိုင်းဆွဲ ပေးထားသောကြောင့် ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်၍ မိန်းမများအနေနှင့် မည်သို့ပင် ကြိုးစားအားထုတ်၍ တန်ပြန်ဆန့်ကျင် သော်လည်း မဖြစ်နိုင်ပါ။ မိန်းမများအနေနှင့် ပကတိအရှိတရားဖြစ်သော စိတ်ထိခိုက် ခံစားလွယ်မှုကြောင့် သူမတို့၏ ဘ၀အတွက်ယောက်ျားများ၏ ကြီးကြပ်အုပ်ထိန်းမှုကို ခံယူသင့်သည်။ မိန်းမများ၏ ဘ၀အတွက် အကြီးမားဆုံး ရည်မှန်းချက်မှာ သူမတို့၏ အနာဂတ်ကို ရေရာသေချာ လိုခြင်းဖြစ်သည်။ သူမအနေနှင့် ဤကဲ့သို့သော ရေရာသေချာမှုကို တစ်ကြိမ် တစ်ခါမျှ ရယုံနှင့် သူမ၏ လှုပ်ရှားဆောင်ရွက်မှုများကို “တာ့တာ´´ဟုပြောပြီး ကျောခိုင်းနိုင်စွမ်း ရှိသည်။ သူမသည် စွန့်စားရမည့် အလုပ်ကို ကြောက်ရွံ့တတ်သော စိတ်ဇော အဟုန်ကြောင့် ထိုကြောက်ရွံ့မှုကို ကျော်လွှားနိုင်ရန် မိန်းမသည် ယောက်ျား၏ အကူအညီကို ယူရပေသည်။ မပြောင်းလဲသော တွေးတောဆင်ခြင်မှုမျိုး လိုအပ်သော အလုပ်များအားလုံးသည် သူမအား ပျင်းရိငြီးငွေ့စေသည်။

အလောတကြီးလှုပ်ရှားမှု
ဥရောပတွင် ပေါ်ပေါက်ခဲ့သော အမျိုးသမီးအခွင့်အရေးများအား ပြန်လည်ဖော်ထုတ်ပေးရန် လှုပ်ရှားမှုကြီးမှာ အချိန်မတန်သေးဘဲ အလျင်စလို အလောတကြီး ဆောင်ရွက်ခဲ့သော လှုပ်ရှားမှုကြီးဖြစ်သည်။ သူတို့၏ ပြုပြင်ပြောင်းလဲမှုမှာ ပြောင်မြောက်သော သိပံ္ပပညာဆိုင်ရာ ဆင်ခြင်သုံးသပ်ချက် များ၊ ရည်ရွယ်ထားသည့် တိုင်းတာချက်များအဖြစ် ရောက်ရှိမလာပါ။ ထိုပြုပြင် ပြောင်းလဲမှုမှာ ကောင်းသောအချက်များနှင့် ဆိုးသောအချက်များကို သဗ္ဗရနံ့ပေါင်း ဖြစ်စေခဲ့ခြင်းသာ ဖြစ်သည်။ ဤလှုပ်ရှားမှုကြီးက အမျိုးသမီးများနှင့် ပတ်သက်၍ ကံဆိုးမိုးမှောင်ကျ ခြင်းများကို ဖယ်ရှားနိုင်ခဲ့သည်မှာ သံသယမဟုတ်ပေ။ သူမတို့အတွက် ယခုအချိန်ထိ ပိတ်ထားသော အခွင့်အလမ်းများကို ဖွင့်ပေးနိုင်ခဲ့သည်။ အချို့သောအခွင့်အရေးများအတွက် အာမခံချက်လည်းပေးနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အမျိုးသမီး အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲရလဒ်မှာ အခြားသော ကံဆိုးမိုးမှောင်ကျမှုများ၊ မကောင်းသောကံကြမ္မာများကိုပါ အမျိုးသမီးထု အတွက်ရော လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်ပါ နှိုးဆွပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ အမျိုးသမီးများ၏ အခွင့်အရေးအတွက် လှုပ်ရှားမှုကို မလိုလားအပ်ပဲ အလျှင်စလို မပြုလုပ်ခဲ့လျှင် အမျိုးသမီး အခွင့်အရေးများ ပြန်လည်ရရှိရန် အကောင်းဆုံးသောနည်းဖြင့် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်များအနေနှင့်လည်း မလိုလားအပ်သော စွက်ဖက်မှု၊ ဟစ်ကြွေးမှုများကြောင့် ဖြစ်ပေါ်သော မကောင်းသော အကျိုး သက်ရောက်မှုများကို ဆန့်ကျင်နိုင်ခဲ့မည်ဖြစ်သည်။ “မည်သို့ပင်ဆို စေကာမူ အမျိုးသမီးအရေးနှင့် ပတ်သက်၍ စိတ်လှုပ်ရှားစွာ အငြင်းပွားနေမည့် အစား အသိပညာဗဟုသုတကြီးမား၍ နားလည်နိုင်မှုစွမ်းအင်နှင့် ပြည့်စုံနိုင် သောပညာရှင်များ၏ အကြံဥာဏ်နှင့် သြ၀ါဒများက အနာဂတ်ပြုပြင် ပြောင်းလဲမှုဆိုင်ရာကိစ္စများအား ပို၍ အောင်မြင်မှု ရရှိလာစေနိုင်သည်။ ဖော်ပြပါ အသိပညာရှင်များ၏ မှတ်ချက်များ၊ ထောက်ခံချက်များသည် အနာဂတ်တွင် ပိုကောင်းသော အလားအလာဖြစ်လာစေရန် နိမိတ်ဆောင် နေပေသည်။ အနောက်တိုင်းသားများအနေနှင့်လည်း ၎င်းင်းတို့၏ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အဖြစ် အရှေ့တိုင်း၌ ၎င်းင်းတို့အား အတုခိုးလှုပ်ရှားသူများနှင့် ပြုပြင် ပြောင်းလဲမှုကို ကြည့်ရှုကာ ပို၍ ရွှင်မြူးတက်ကြွနေကြပုံပေါ်သည်။´´

ဝေးလ်ဒူးရန့်(ထ်)၏ အမြင်
ဝေးလ်ဒူးရန့်(ထ်)က သူ၏ “ဒဿန၏ နှစ်လိုဖွယ်ကောင်းခြင်း´´ဟူသော စာအုပ်တွင် လိင်မှုဆိုင်ရာနှင့် မိသားစုဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းတင်ပြထားသည်။ သူ၏ တင်ပြချက်များထဲမှ အချို့သော အယူအဆများကို ရွေးချယ်တင်ပြပါမည်။ ဤအချက်အလက်များကို လေ့လာဖတ်ရှုခြင်းဖြင့် စာရှုသူများအနေနှင့် လက်ရှိအနောက်တိုင်း ပညာရှင်များ၏ အတွေးအခေါ် အယူအဆများကို ပိုမိုနားလည် ကျွမ်းဝင်လာ နိုင်ပြီး အလောတကြီး ကောက်ချက်ချခြင်း၊ နိဂုံးချုပ်ခြင်းများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
“ချစ်ခြင်းမေတ္တာ´´ဟူသော ခေါင်းစဉ်အောက်တွင် ဝေးလ်ဒူးရန့်(ထ်)က ရှင်းလင်းတင်ပြသည်မှာ ချစ်ခြင်းမေတ္တာ၏ ထင်ရှားသော သံစဉ်တီးလုံးသည် ပျိုဖော်ဝင်စတွင် စတင်လာခဲ့၏။  “ပျိုဖော်ဝင်´´ဟုဆိုသည့် ဝေါဟာရသည် လက်တင်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်မှာ အမွှေးအမျှင် များ၏ အရွယ်ဟု အနက်အဓိပ္ပာယ်ရသည်။ ဤသည်မှာ ယောက်ျားကလေးများ၏ ကိုယ်ခန္ဓာတွင် အမွှေးအမျှင်များ ပေါက်လာသောကာလဖြစ်ပြီး အထူးသဖြင့် ရင်ဘတ်မွှေးများနှင့် ၎င်းတို့အမြဲမှန်မှန် ရိတ်ရသော မုတ်ဆိတ်မွှေး၊ နုတ်ခမ်းမွှေးများ ပေါက်လာသောအချိန်ဖြစ်သည်။ အခြားသောအရာများကဲ့သို့ပင် အမွှေးအမျှင်များ၏ အရေအတွက် နှင့်အရည်အသွေးမှ ၎င်းတို့၏ မျိုးပွားနိုင်သော ၎င်းတို့၏ မျိုးပွားနိုင်ခြင်းနှင့် မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရင်းပင်ဖြစ်သည်။ အမွှေးအမျှင်များ အားကောင်းခြင်းသည် ၎င်းတို့၏ ခွန်အားဗလ အထွတ်အထိပ် အခြေအနေကိုတင်ပြသည်။ ထိုအမွှေးအမျှင်များ ပေါ်ထွက်လာခြင်းနှင့်အတူ အသံသြလာခြင်းသည် ယောက်ျားကလေးများ၏ ပျိုဖော်ဝင် အရွယ်တွင် ဖြစ်ပေါ်လာတတ်သော လိင်ပိုင်းဆိုင်ရာ ဒုတိယအဆင့် အချင်းအရာ လက္ခဏာများဖြစ်သည်။
မိန်းကလေးများ ပျိုဖော်ဝင်ချိန်တွင် သဘာဝတရားက သူမတို့အား ဟန်ပန်အမူအရာနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ကျော့ရှင်းကျက်သရေ ရှိအောင် ပြုပြင်ပေးသည်။ ထို့ကြောင့် သူမတို့သည် ကြည့်ရှုသူများအား အာရုံစူးစိုက်လာ အောင်စွဲဆောင်နိုင်သည်။ သူမတို့၏ တင်သားများသည် စတင်ကြီးထွားဖွံ့ဖြိုးလာ၍ ပဋိသန္ဓေဆောင်ရန်အတွက် အသင့်ပြုလုပ်ပေးသည်။ သူမတို့၏ ရင်သားများသည် ကြီးထွားဖွံ့ဖြိုးလာပြီး သားသမီး မွေးဖွားလာပါက ကလေးငယ်မှ နို့စို့နိုင်သည်အထိ ထင်ရှားကြီးထွားလာသည်။ ဤကဲ့သို့သော လိင်ပိုင်းဆိုင်ရာ ဒုတိယအဆင့်အင်္ဂါရပ်များ ကြီးထွားဖွံ့ဖြိုးလာရသည့် အကြောင်းအရင်းကိုမူ မည်သူကမျှ အတိအကျ မသိကြချေ။ မည်သို့ပင်ဆိုစေ ပါမောက္ခစတာလင်း(ဂ်)၏ အယူအဆ ကိုမူ ထောက်ခံ အားပေးသူအများအပြားရှိသည်။ ထိုပညာရှင်၏ သီအိုရီအရ ပျိုဖော်ဝင်အရွယ်တွင် လိင်အင်္ဂါဆိုင်ရာ ဆဲလ်များမှ သုတ်ကောင်များနှင့် မပျိုးဥများ ထုတ်ပေးရုံမျှမက ဟော်မုန်းဓါတ်များကိုလည်း သွေးထဲသို့ စစ်ထုတ်ပေးပြီး ထိုဟော်မုန်းဓါတ်၏ အစွမ်းကြောင့် ယောက်ျားနှင့် မိန်းမနှစ်မျိုးစလုံးအား ကာယ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် အခြားပြောင်းလဲမှုများ ဖြစ်စေ သည်။ ဤအရွယ်တွင် ခန္ဓာကိုယ်၌ တက်ကြွမှုအသစ်၊ အားမာန်အသစ်များ ဖြစ်ပေါ်လာသည်သာမက စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ၊ အပြုအမူနှင့် ကိုယ်နှုတ် အမူအရာများကို မြောက်များစွာ ပြောင်းလဲသွားစေသည်။
ရိုမိန်းရိုလန်း(ဒ်)မှပြောသည်မှာ ဘ၀၏ အစောပိုင်းနှစ်များတွင် နှေးကွေးသည့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအများအပြားသည် နောင်အခါတွင် အဖို (သို့မဟုတ်)အမအဖြစ် ဖွံ့ဖြိုးတိုးတက်စေသော ရလဒ်ကို ပေါ်ပေါက်စေသည်။ ဤပြောင်းလဲမှုများထဲမှ ယောက်ျားလေးများအတွက် အရေးကြီးဆုံး ပြောင်းလဲမှုများမှာ အားရစရာကောင်းလောက်အောင် တောင့်တင်းသန်မာမှုနှင့် ကြီးမားသော အားမာန်ပေါ်ပေါက်စေခြင်းဖြစ်သည်။ မိန်းကလေးများအတွက်မူ အလွန်စွဲဆောင်မှုရှိသော ကျက်သရေတင့်တယ်မှုနှင့် နူးညံ့သိမ်မွေ့မှုရှိလာခြင်း ဖြစ်သည်။ ဒါမိုဆေးဆိုသူကပြောသည်မှာ သဘာဝအရ အခြေခံအားဖြင့် ယောက်ျားအားလုံးသည် လူလိမ်များ လှည့်ဖြားတတ်သူများ၊ ကြွားဝါတတ်သူ များ၊ ဟန်ဆောင်ကောင်းသူများ၊ ကလိမ်ကကျစ်လုပ်တတ်သူများနှင့် ရန်လိုတတ်သူများ ဖြစ်ကြသည်။ ထို့အပြင် မိန်းမအားလုံးသည် အတ္တကြီးသော (တစ်ကိုယ်ကောင်း ဆန်သော) ၀ံ့ကြွားတတ်သော၊ သစ္စာမဲ့သောသူများဖြစ်ကြ၏။
သို့သော် ဤကမ္ဘာလောကကြီး၌ မြင့်မြတ်၍ ခမ်းနားကြီးကျယ်လှသော အရာတစ်ခု ရှိသေးသည်။ ယင်းမှာ အထက်ဖော်ပြပါ ပြီးပြည့်စုံမှုမရှိသော ယောက်ျားနှင့် မိန်းမကို ပေါင်းစပ်စေခြင်းဖြင့် ပြီးပြည့်စုံခြင်း သို့ရောက်ရှိစေခြင်း ဖြစ်သည်။ အရွယ်ရောက်သူများ၏ အဖော်ရှာမှုဆိုင်ရာ ကျင့်ဝတ်ထုံးတမ်းတွင် မိမိ လိုချင်သောအရာရရှိရန်မှာ အခြားသော ပြိုင်ဆိုင်ဖက်တစ်ဦး၏ တိုက်ခိုက်မှုကို ခံရတတ်သည်။ နောက်ဆုတ်ရန်အတွက်မှာမူ အမတစ်ဦး၏ လှုံ့ဆော်နှိုးဆွမှုနှင့် လှည့်စားစဉ်းလဲခြင်းကြောင့် ဖြစ်နိုင်သည်။ (လူသားများဖြစ်သည့်အတွက် ချွင်းချက် များရှိနိုင်သည်။) ယောက်ျားများသည် စစ်တိုက်ရန်နှစ်သက်တတ်ပြီး၊ အမဲလိုက်ရန်လည်း ၀ါသနာထုံတတ်သည်။ သူတို့၏ ပြုမူလှုပ်ရှားမှုများမှာ အပြုသဘောမျိုး ဆောင်သလို ရန်လိုသောသဘောလည်းရှိ၏။ မိန်းမသည် သူ့အတွက်ဆုလာဘ်ဖြစ်ပြီး မရအရ ဆွတ်ခူး၍ သူကိုယ်ပိုင်ဖြစ်အောင် ပြုလုပ်ရမည့်အရာဖြစ်သည်။ အဖော်ရှာဖွေခြင်းသည် ရုန်းကန်ခြင်း၊ တိုက်ခိုက် ခြင်းသဘောကိုဆောင်၍ လက်ထပ်ထိမ်းမြားခြင်း သည်ပိုင်ဆိုင်ရယူခြင်း၊ လွှမ်းမိုးချယ်လှယ်ခြင်းသဘောကိုဆောင်သည်။ မိန်းမတစ်ယောက်အတွက်မူ လုံလောက်သော ကာအိနြေ္ဒထိန်းသိမ်းမှုသည် မျိုးပွားခြင်း အတွက်အကျိုး ရှိစေသည်။ အရှက်နှင့်သိက္ခာစောင့်ထိန်းခြင်း၊ အပျော်အပါး လိုက်စားမှုမှ ရှောင်ကြဉ်ခြင်းသည် သူမအတွက် ဘ၀ကြင်ဖော်ရှာရာတွင် အသုံးဝင်သည်။ သူမ၏ချစ်သူ နောင်တွင် ကလေးများ၏ အဖေဖြစ်မည့်သူကို ရွေးချယ်ရာတွင် ကာအိနြေ္ဒစောင့်စည်းခြင်းက သူမအား ပေါ့ပျက်ပျက်နေမှု၊ လိင်မှုကိစ္စကို အလေးအနက်မထားခြင်းမှ ကာကွယ်ပေးသည်။ မိန်းမများသည် အများနှင့် ဆိုင်သောအကျိုးစီးပွားကို အလေးပေးပြောဆိုတတ်သည်။ ယောက်ျားများကမူ တစ်ဦးချင်းစိတ်ဝင်စားမှုကို အလေးပေး ဖော်ပြတတ်သည်။ သူမ၏ ကျိုးကြောင်း ဆင်ခြင်တုံဥာဏ် ဆိတ်သုဉ်းသွားလောက်အောင် သူမ၏ ဆန္ဒများက မပြင်းထန်ချေ။ ထို့အတွက်ကြောင့် သူမတို့သည် အပျိုလှည့်ခြင်းအတတ်၌ ပို၍ ကျွမ်းကျင်ကြသည်။
ဒါဝင်၏ ဆန်းစစ် လေ့လာချက်များအရ မျိုးစိတ် အများအပြားတွင် အမများသည် လိင်မှုဆက်ဆံရေးအတွက် သိပ်စိတ်မ၀င်စားကြချေ။ အခြားသော သဘာဝ သိပံ္ပပညာရှင်များဖြစ်သည့် လင်(မ်) ဘာဇို၊ ကတ်(ရှ်) နှင့် ခရက်(ဖ်) အဲဘင်း(ဂ်)တို့တွင်လည်း အလားတူ ထင်မြင်ချက်များရှိကြသည်။ မိန်းမများသည် ယောက်ျားများအား စွဲဆောင်ချင်သောကြောင့် ယောက်ျားများ၏ မရေရာ မပြတ်သားသော ယေဘုယျ အသိအမှတ်ပြု ခြင်းမျိုးကိုသာပို၍ စိတ်ဝင်စားသည်။ သူမတို့အတွက် ယောက်ျားများသည် လိင်မှုဆိုင်ရာ သာယာမှုရှာဖွေခြင်းထက် ပို၍ အတွင်းပိုင်းဆိုင်ရာ လိုအင်ဆန္ဒများ ဖြည့်စွမ်းပေးနိုင်ရေးကိုပို၍ စိတ်ပါဝင် စားကြသည်။ လင်(မ်)ဘာဇိုနှင့် အခြားပညာရှင်များက ပြောကြသည်မှာ “မိန်းမချစ်၏ သဘာဝအခြေခံမှာ သူမ၏ ဒုတိယအဆင့် အရည်အသွေး ဖြစ်လာမည့် မိခင်ဘ၀သို့ ခံယူရေးသာဖြစ်သည်။ ယောက်ျားတစ်ယောက်မှ မိန်းမတစ်ယောက်သို့ ဆက်နွယ်မှု ၏ခံစားချက်များအားလုံး၊ စိတ်ကူးယဉ်ခြင်း များက သူမ၏ ကိုယ်ခန္ဓာ လိုအပ်ချက်များထက်ပို၍ ကျော်လွန်သွားနိုင်ခြင်းမရှိ။ သူမတို့၏ အဓိက လိုလားချက်မှာ ဗီဇစိတ်ပိုင်းဆိုင်ရာ အနစ်နာခံခြင်းဖြင့် ယောက်ျား၏ ကာကွယ်မှုကို လိုလားသော စိတ်သာဖြစ်သည်။ ထိုဗီဇသည် သူမ၏ အနေအထား အစစ်အမှန် (လိုလားချက်)ကို ဖော်ပြနေသည်။´´
ဝေးလ်ဒူးရန့်(ထ်)က “ယောက်ျားနှင့်မိန်းမ´´ဆိုသောခေါင်းစဉ် အောက်တွင် ဆက်လက်တင်ပြထားသည်မှာ မိန်းမ၏ အဓိကလုပ်ငန်းတာဝန်မှာ မျိုးစိတ်များ ဆက်လက်ရှင်သန်စေရေးအတွက် တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။ ထို့ကြောင့် ယောက်ျားမှာ သူ၏ဇနီးနှင့်ကလေးအတွက် တာဝန်ယူရ ခြင်းဖြစ်သည်။ ယောက်ျား နှင့်မိန်းမတို့တွင် အခြားသော တာဝန်များလည်း ရှိပေသည်။ သို့သော် ပညာနှင့် လက်တွေ့ အကျိုးဖြစ်စေသောငှာ ဖော်ပြပါ တာဝန်ကြီးနှစ်ရပ်ကိုမူ ပို၍ အလေးထားပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။ ဤတာဝန်ကြီးနှစ်ရပ်မှာ လူသား၏ မွေးရာပါလည်းဖြစ်၊ မသိစိတ်တွင် ကိန်းအောင်းနေသော ရည်မှန်းချက်ကြီးလည်း ဖြစ်သည်။ ဤအချက်ကို သဘောပေါက်နားလည်မှု၊ လက်ခံကျင့်သုံးမှုပေါ်တွင်မူတည်၍ လူသားဝါဒ၏ ပျော်ရွှင်ခြင်းများ ဖြစ်ပေါ်လာရသည်။ သဘာဝတရားအရ မိန်းမများသည် ငြိမ်းချမ်းရေးကို လိုလားရှာဖွေတတ်ကြပြီး စစ်ကိုမုန်းတီးတတ်ကြသည်။ ထို့ကြောင့် မျိုးစိတ် အများအပြားတွင် အမများသည် ရန်လိုတတ်သော ဗီဇစိတ်မရှိကြချေ။ အကယ်၍ ရန်လိုမှု ရှိလာမည်ဆိုလျှင်လည်း မိမိ၏ သားစဉ်မြေးဆက်များ အတွက်သာ ဖြစ်သည်။
ယောက်ျားသည် စွန့်စားရသော ဘ၀၏အလွန်အရေးပါသော အလုပ်များကို ရင်ဆိုင်ရာတွင် ဇွဲသတ္တိရှိသည်။ သို့သော် မိန်းမသည်ပို၍ သည်းခံနိုင်သည်။ ယောက်ျားထက်ပို၍ စိတ်ရှည်သည်။ သူမအနေနှင့် မရေတွက် နိုင်လောက်အောင် များပြားသည့် အခက်အခဲများစွာနှင့် သည်းမခံနိုင်လောက်အောင် ရှုတ်ထွေးများပြားလှသည့် နေ့စဉ်ဘ၀၏ ပြဿနာများကို လည်း ရင်ဆိုင်နိုင်စွမ်းရှိသည်။ သူမ၏ စစ်နှင့်ဆိုင်သော စိတ်ဓါတ်သည် အခြားသူများ၏ စိတ်ဓါတ်ရေးရာအပေါ် အသိအမှတ်ပြုခြင်းနှင့် ဘောင်ခတ် ကန့်သတ်ထားသည်။ သူမသည် စစ်သားများကိုချစ်ခင်၍ တောင့်တင်းကြံ့ ခိုင်သန်မာသော ယောက်ျားများကို နှစ်သက်သည်။ ပဟေဠိဆန်သော နာကြင်ဒုက္ခရောက်ခြင်း၌ သာယာယစ်မူးခြင်းကြောင့် တောင့်တင်းသန်မာ၍ ယောက်ျားပီသသူများ၏ သားကောင်အဖြစ် သက်ဆင်းရခြင်းဖြစ်သည်။
အခြားသော အရည်အသွေးများထက် ခွန်အားတောင့်တင်းခြင်းနှင့် သွက်လက် ချက်ချာမှုအပေါ်တွင် အလေးထားတတ်သော စိတ်ဓါတ်ကြောင့် တစ်ခါတစ်ရံ မိန်းမ၏ စီးပွားရေးဆိုင်ရာ အသိတရားကို လွှမ်းမိုးအနိုင်ယူသွားသည်။ သူမအနေနှင့် လူချမ်းသာထက် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသောသူကို လက်ထပ်ရန် ဦးစားပေးလေ့ရှိသည်။ သူမသည် အခြားသူများအပေါ် တရားမျှတစွာနှင့်ဘက်မလိုက်ဘဲ ကွပ်ကဲအုပ်ချုပ်တတ်သူအား သူမဘ၀ကို ၀မ်းမြောက်ဝမ်းသာ အပ်နှင်းလေ့ရှိသည်။ မိန်းမသည် ရှေးမဆွကာလနှင့် နှိုင်းစာလျှင် ယခုအခါတွင် နာခံရိုကျိုးမှု နည်းသွားသည်။ အကြောင်းအရင်းမှာ ယနေ့ခေတ် ယောက်ျားများသည် အင်အားချိနဲ့ လာခြင်းနှင့်သူမတို့၏ ပတ်ဝန်းကျင်သည် လူအများနှင့်ယှဉ်ပြိုင် စရာမလိုဘဲ သူမ၏ အိမ်ပတ်ဝန်းကျင်နှင့်သာ ကန့်သတ်ထားသလို ဖြစ်နေသော ကြောင့်ဖြစ်သည်။ သူမသည် သဘာဝတွင် ကိုက်ညီစွာ နစ်မြောတတ်လေ့ ရှိသည်။ သူမ၏ဘ၀သည် အိမ်တွင်း၌သာ ဘောင်ခတ်ထားသလို သူမ၏ ဗီဇစိတ်ကလည်း ရှေးရိုးအစဉ်အလာအတိုင်းလုပ်လိုသည်။ သူမတွင် စိတ်ပိုင်းဆိုင်ရာအရရော အလေ့အကျင့်အရပါ စမ်းသပ် လုပ်ဆောင်လိုသော ဓလေ့မရှိ။ (မြို့ကြီးများတွင် နေထိုင်ကြသော အချို့သော အမျိုးသမီးများ အတွက်မှာ ချွင်းချက်ဖြစ်သည်။)
သူမတို့အနေနှင့် မတတ်သာသည့်အဆုံးတွင် လက်မထပ်ဘဲ လိင်ဆက်ဆံမှု ပြုလေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းမှာလည်း သူမသည် လွတ်လပ်မှုကို လိုလား၍ မိမိဆန္ဒအရ ပြုလုပ်လို၍မဟုတ်ဘဲ သူမသည် လက်ထပ်ရန် တာဝန်ရှိသူနှင့် လက်ထပ်ခဲ့သော်လည်း စိတ်ပျက်မှုနှင့်သာ ကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ မိန်းမသည် ငယ်ရွယ်စဉ်ဘ၀၌ နိုင်ငံရေးနှင့် ပတ်သက်သော ကိစ္စများကို ဆောင်ရွက်ရန် စွဲလမ်းနှစ်သက် တတ်သည်။ သူမ၏ စိတ်ဝင်စားမှုကို လူသားအကျိုးပြုလုပ်ငန်း ကဏ္ဍများအတွက် ဆောင်ရွက်တတ်သည်။ သူမအတွက် သစ္စာရှိသော လင်ယောက်ျားတစ်ယောက် ရရှိသောအခါ ထိုလုပ်ငန်းများ၊ ၀ါသနာများ အားလုံးကို စွန့်လွှတ်လိုက်သည်။ မိမိ၏ ယောက်ျားကိုပါ အများစုနှင့်ဆိုင်သော လုပ်ငန်းများထဲမှ ဆွဲထုတ်တတ်လေ့ရှိသည်။ မိန်းမသည် မိမိ၏အိမ်တွင်ဖြစ်ပေါ်နေသော ပြုပြင် ပြောင်းမှုများကို များစွာ တွေးတောသိမြင်ရန် မလိုအပ်သော်လည်း သူမသည် သူမ၏ လင်ယောက်ျားကိုမူ မိမိနှင့် မိသားစုအပေါ်တွင် သစ္စာရှိရှိ အာရုံစူးစိုက်စေ ရန်သတိပေးလေ့ရှိသည်။ သူမသည် စိတ်ကူးယဉ်၍ ကလေကလွင့် ဖြစ်နေတတ်သော ယောက်ျားများကို အိမ်နှင့်ကလေးများဖြင့် ချည်နှောင်နိုင်စွမ်းရှိသည်။ လူသားမျိုးနွယ်များ၏ အသက်ရှင်ရပ်တည် ရေးသည် သူမအပေါ်တွင် လုံးလုံးလျားလျား တည်မှီနေသည်။ သဘာဝတရားအရ သူမသည် ဥပဒေရေးရာ အုပ်ချုပ်သူ အစိုးရများနှင့် မပတ်သက်ချေ။
သူမ၏ အိမ်နှင့်ကလေးများသည် သူမ၏ အချစ်သင်္ကေတနှင့်  သက်သေခံ အရာဝတ္ထုများဖြစ်သည်။ သူမအနေနှင့် အိမ်နှင့်ကလေးများ ထိန်းသိမ်း စောင့်ရှောက်မှုတွင် အဆင်ပြေနေပါက ဘယ်အစိုးရက အာဏာရလာ သည်၊ ဘယ်အစိုးရအာဏာကုန်ပြီး ဆင်းပေးလိုက်ရသည်ကို စိတ်မ၀င်စား၊ ဂရုမစိုက်ချေ။ အစိုးရများ၏ ဥပဒေများကိုဂရုမထား။ သူမသည် အိမ်တွင်းရေးနှင့် ကလေးများ အရေးကိုသာ အလေးထားသည်။ ကလေးများကို ထိန်းသိမ်း စောင့်ရှောက်မှုတွင် အောင်မြင်နေပါက အစိုးရ၏ အရေးကိစ္စများကိုလည်း စိတ်မ၀င်စား၊ အခြေခံကျသော ဥပဒေသများကို ပြောင်းလဲလိုသည့်သူများကို လည်း ပျက်ရယ်ပြုလိမ့်မည် ဖြစ်သည်။
ယနေ့ထိုသဘာဝက အိမ်တွင်းရေးကိစ္စနှင့် ကလေးများအရေးတွင် အကူအညီကင်းမဲ့သလိုရှိသည့်အတွက် မိန်းမသည် ၎င်းင်းတွင် ရှေးကတည်းကရှိခဲ့ သောသဘာဝကို မေ့လျော့ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသဘာဝ၏ ကျရှုံးပျောက်ကွယ်မှုသည် ထာဝရမတည်မြဲနိုင်ပါ။ ဆုံးခန်းလည်း မတိုင်နိုင် သေးပါ။ ယင်းအတွက် အခွင့်အလမ်းသာသောအခါတွင် ၎င်းင်း၌ရှိခဲ့သည့် စွမ်းအားထက် ရာပေါင်းများစွာသော အကျိုးသက်ရောက်မှုမျိုး အချိန်မရွေးထပ်၍ ပေါ်ပေါက်လာနိုင်သည်။ ယခုလက်ရှိ ကျွန်ုပ်တို့ထက်ပို၍ သာလွန်များပြားသော နိုင်ငံများ လူမျိုးနွယ်များ မြောက်မြားစွာရှိနိုင်သကဲ့သို့ ၎င်းင်းတို့အကြားတွင် အန္တိမ သတ်မှတ်ချက် မပြုနိုင်သော ဆက်တိုက်ဖြစ်ပေါ်တည်ရှိခြင်းကို သဘာဝတရားမှ လုံးဝသေချာအောင် စွမ်းဆောင်ပေးမည်မှာ အသေအချာဖြစ်သည်။

ဤကမ္ဘာလောကတွင် လူဖြစ်လာကြသောအမျိုးသမီးများနှင့် အမျိုးသားများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုရှိကြ၍ လူသားမျိုးနွယ်၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေ။         (အာမီးန်)
ဒေါက်တာလှလှဝင်း
ကျမ်းကိုးစာရင်း
၁။    ကုရ်အာန်ကျမ်းမြတ်(မြန်မာဘာသာပြန်) ပထမတွဲ၊ ဒုတိယတွဲ
ဖဟ်ဒ်ဘုရင်ကုရ်အာန်ကျမ်းမြတ်ပုံနှိပ်တိုက်၊ စအူဒီအာရေဗျနိုင်ငံ
၂။    ယုဒဿန်။ ထာဝရဘုရား၏ သမ္မာကျမ်း၊
သမ္မာကျမ်းစာအသင်း၊ ရန်ကုန်၊ ၁၉၆၅။
1.    The Holy Qur’an, Text translation and Commentary by Syed. Abu A’la Maududi (Islamic Publication, Pakistan PVT. Ltd.)
2.    Aristotle,  “Ethics and the Virtue”
www.google-org/top/society/philosophy/philosopher/aristotle
3.    Bertrand Russell and Al Seckel, “God and Religion”
(Great Book in 1986 Feb, Philosophy)
4.    Bertrand Russell and Michael Ruse, “Religion and Science”
(1997, May 29)
5.    Bertrand Russell, “The History of Western Philosophy”
www.google-org/top/society/philosophy/philosopher/russell-Betrand
6.    Herbert Spencer, “Social Darwinism and Herbert Spencer” 2004.
(Internet Encyclopedia of Philosophy Herbert Spencer), “Thoemmes, Encyclopedia of the History of Ideas”
www.google-org/top/society/philosophy/philosopher/Spencer-Herbert
7.    Syed Abu A’la Maududi (1960) “Islamic Law and Constitution” Lahore, Pakistan.
8.    Plato, “The Republic” 360 B.C.E
Translated by Benjamin Jowett (1994-2000)
9.    Syed Abul A’la Maududi, (1998) “Human Rights in Islam,” Nisar Art Press, Pakistan.
10.    Will Durant; “History of Civilization,” Vol: 1
www.google-org/Social Darwinism/Durant-Will

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | coupon codes