03 January 2010

အစ္စလာမ်နှင့် ခေတ်သစ်ဘဝ


ဘာသာပြန်ဆို တည်းဖြတ်သူ၏အမှာစာ
အလွန်တရာသနားကြင်နာ ညှာတာတော်မူသော၊ အနန္တဂရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် အစပြုပါ၏။
အတ်စ္စလာမု အလိုင်းကွန်း(မ်)
ချစ်လှစွာသော စာရှုသူ ——
ဤစာတမ်းမှာ အင်တာနက်မှ ရှာဖွေတွေ့ရှိထားသော  “Islam and Modern Life´´ဟူသော စာတမ်းကို “မြန်မာမှု´´ပြုထားသော စာတမ်းတစ်စောင် ဖြစ်ပါသည်။ ဤစာတမ်း၏ အနှစ်သာရမှာ မျက်မှောက်ခေတ် မွတ်စလင်မ်အများစု တွေ့ကြုံရင်ဆိုင်နေရသော ပြဿနာအတော်များများအတွက် ခိုင်လုံတိကျသော ဖြေရှင်းနည်းကို ပေးစွမ်းနိုင်စွမ်းရှိပါသည်။ အထူးသဖြင့် ယခုအခါ “အစ္စလာမ်သည် လက်ရှိခေတ်ကာလတွင် ကျင့်သုံးနိုင်ပါသေးသလော´´ဟူသော အလွန်စိုးရိမ်ကြောက်မက်ဖွယ်ရာမေးခွန်းကို မေးနေကြသူများ၊ တွေးနေကြသူများအတွက် ယင်းအယူအဆကိုချေဖျက်၍ အစ္စလာမ်သည် ခေတ်နှင့်အညီ ကျင့်သုံးနိုင်သောပြီးပြည့်စုံသော သာသနာဖြစ်ကြောင်း မှတ်ကျောက်တင် သက်သေပြထားသော စာတမ်းလည်းဖြစ်ပါသည်။ အစ္စလာမ်ကို အီမာန်ယုံကြည်ချက် ခိုင်မြဲစွာဖြင့် ဘ၀တစ်လျှောက်လုံး လုံခြုံချောမွေ့ သက်တောင့်သက်သာ ကျင့်သုံးနိုင် စေလိုသောစေတနာဖြင့် ရည်သန်၍ ပြုစုထားသောစာတမ်းလည်းဖြစ်သောကြောင့် ဖတ်ရှုသူအားလုံးအတွက် အားဆေးတစ်ခွက်ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါသည်။
မျက်မှောက်မွတ်စလင်မ်လူ့အဖွဲ့အစည်းအတွင်း အစ္စလာမ်၏ “ပကတိ အလှတရား´´ကို နားမလည်၍ အစ္စလာမ့် တရားဥပဒေများကို တစ်မျိုးတည်သောပုံစံဖြင့်သာ ကျင့်သုံးနိုင်သည်ဟု မှတ်ယူထားသူများနှင့် အသိဥာဏ်ဆင်ခြင်တုံတရားနည်းပါးသဖြင့် အစ္စလာမ်၏ သွန်သင်ချက်များသည် မျက်မှောက်ကမ္ဘာနှင့် “ပဋိပက္ခ´´ဖြစ်နေသည်ဟုယူဆလျက် ဦးနှောက်ဖောက်စား ချယ်လှယ်တတ်သော (အနောက်တိုင်းအုပ်စု)သူများနောက် နှလုံးသားကို “ထိပ်တုံး´´ခတ်ပြီး မျက်စိစုံမှိတ်လျှက် ကောက်ကောက်ပါအောင် လိုက်နေသူများကြားတွင် တစ်ယူသန် ခြင်းနှင့် မသိနားမလည်ခြင်းဟူသော ရောဂါဆိုးကြီးနှစ်ခု  ဖိစီးနှိပ်စက်ခံနေရသည်ကို တွေ့နိုင်ပေသည်။ တစ်ယူသန်ခြင်းကြောင့် တိုးတက်မှု ဆိတ်သုဉ်းစေ၍ ဖွံ့ဖြိုးမှုများမှ ကင်းဝေးစေသည်။ တစ်ဖန် နားမလည်ခြင်းကြောင့်  ဖောက်ပြန်ခြင်း၊ ပျက်စီးခြင်းကို ဖြစ်စေသည်။ အုပ်စုတစ်စု၏ “တစ်ယူသန်မှု (သို့မဟုတ်) တရားသေစွဲမှု´´ အခြားအုပ်စုတစ်ခု၏ “ဂရုမမူ လျစ်လျူရှုမှုများ´´က  သိပံ္ပပညာနှင့် ဘာသာရေး နယ်ပယ်နှစ်ခုအကြား စိတ်ကူးယဉ် တီထွင်ဖန်တီးထားသော ၀ိရောဓိများကို ယူဆောင်လာ၍ အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်း မလိုလားအပ်သော သဘောထား ကွဲလွဲမှုများ ရှိနေတတ်ကြသည်။
ဤသို့ အိုင်ဒီယာ လွန်စွဲနေကြသော မျက်မှောက်ခေတ် မွတ်စလင်မ်များအတွက် အချိန်တိုင်း ကာလတိုင်း ဖောက်ပြန်မှုမရှိ၊ အမြဲမှန်ကန်ပြီး၊ အခြေအနေနှင့် လိုက်လျောညီထွေကျင့်သုံးနိုင်မှုရှိခြင်းဟူသော အစ္စလာမ်၏ သွန်သင်ချက်များကို လိုရင်းတိုရှင်း ထင်ဟပ်ထားသော စာတမ်းတစ်စောင်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤကျမ်းဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီကြသော သာသနာ့မိတ်ဆွေများ၊ စာပေရောင်းရင်းများ ဖြစ်ကြသည့် ကိုထိန်လင်းမောင်၊ ကိုအေးလွင်၊ ၀ါးခယ်မမောင်မင်းနိုင်နှင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီကြသူ များအား ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဒေါက်တာလှလှဝင်း
မှတ်ချက်။    ။ တမန်တော်မြတ်ကြီး၏ အမည်နာမကို တွေ့ရှိသောအခါတိုင်း (صلي الله عليه و سلم) ဟူ၍လည်းကောင်း၊ အခြားသော နဗီတမန်တော်များ၏ အမည်နာမများကို တွေ့ရှိသောအခါတိုင်း (عليه الصلاة و السلام)၊ ဆွဟာဗဟ် သာဝကကြီးများ၏ အမည်နာမများကို တွေ့ရှိသောအခါတိုင်း (رضي الله تعالي عنه)၊ ဟူ၍လည်းကောင်း၊ မေတ္တာပို့သကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်။

အစ္စလာမ်နှင့်ခေတ်သစ်ဘဝ
အစ္စလာမ်နှင့် ခေတ်သစ်ဘ၀ (၁)
ဘာသာရေးနှင့် ခေတ်မီခြင်းဟူသောမေးခွန်းသည် မွတ်စလင်မ်များနှင့်သာပတ်သက်သည့် အကြောင်းရပ်တစ်ခုမဟုတ်ပါ။ အခြားဘာသာတရားများတွင်လည်း ဤပြဿနာကို ရင်ဆိုင်နေရပေသည်။ ကမ္ဘာပေါ်ရှိ အတွေးအခေါ်သစ်များကို လက်ခံသည့်သူများသည် ဘာသာတရားကို ကျောခိုင်း စွန့်ခွာသွားလေ့ရှိကြသည်။ ထိုသူများအနေနှင့် ဘာသာတရားနှင့် ခေတ်သစ်ဘ၀တည်ဆောက်မှုမှာ သဟဇာတမဖြစ်နိုင်ဟု ထင်မြင်ယူဆ ကြသောကြောင့်ဖြစ်သည်။ ၎င်းင်းတို့အနေနှင့် ဘာသာတရားရိုသေကိုင်းရှိုင်းမှု အရည်အသွေးများမှာ ခေတ်သစ်ဘ၀ တည်ဆောက်မှုအတွက် နှောင့်နှေးစေခြင်း၊ တိုးတက်မှုဆိတ်သုဉ်းစေခြင်း၊ မာကြောခက်ထန်စေခြင်းများသာဖြစ်စေသည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘာသာရေးဆိုင်ရာ ဂုဏ်အရည်အသွေးနှင့် အဆင့်အတန်းများကို ထိန်းသိမ်းရန်မှာ ခေတ်သစ်ဘ၀တည်ဆောက်မှုကို နှောင့်နှေး လေးဖင့်စေပြီး၊ ငြီးငွေ့ဖွယ် ကောင်းလှသည်ဟု ယူဆခြင်းကြောင့်ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏၀န်ကြီးချုပ်ဟောင်း နေရူးမှာ မည်သည့်ဘာသာတရားကိုမျှ ကိုးကွယ်ယုံကြည်မှုမရှိဘဲ လောကီရေးသက်သက်ကိုသာလက်ခံသောသူ တစ်ဦးဖြစ်သည်။ သူ၏မိန့်ဆိုချက်များမှ နားလည်နိုင်သည့် အချက်တစ်ခုမှာ သူ့အနေနှင့် ဘာသာတရားကို ငြင်းပယ်ရသောအကြောင်းရင်းမှာ ဘာသာရေး၏ စည်းမျဉ်း စည်းကမ်းတင်းကြပ်မှုများနှင့် ငြီးငွေ့ဖွယ်ကောင်းမှုများကြောင့်ပင်ဖြစ်သည်။ သူ၏“ဘ၀နေ၀င်ချိန်´´တွင် နေရူးသည် မိမိကိုယ်ကိုမိမိဟာနေသလိုခံစားရပြီး မိမိ၏ကမ္ဘာတွင် အသက်ရှင်နေမှုများအပေါ်လည်း အဓိပ္ပါယ်မဲ့နေသည်ဟု ခံစားခဲ့ရသည်။ ဤလစ်ဟာနေမှုကို နာမ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ရပ်ကသာလျှင် ဖြည့်စွက်ချေဖျက်ပေးနိုင်မည်ဟု သူယုံကြည်ခဲ့သည်။ သို့သော် ဘာသာတရားတိုင်း တွင် လွှမ်းမိုးနေသည့် စည်းမျဉ်းတင်းကြပ်မှုနှင့် ငြီးငွေ့ဖွယ်ကောင်းမှုများကြောင့်  မည်သည့်ဘာသာတရားကိုမျှ လက်ခံရန် သူက စိတ်ကိုင်းညွှတ်မှုမရှိခဲ့ပေ။ ကရန်ဂျီယာခေါ် အိန္ဒိယစာရေးဆရာတစ်ဦးက နေရူး၏နှောင်းပိုင်းဘ၀ နေ၀င်ချိန်တွင် သုံးသပ် အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပေရာ ထိုတွေ့ဆုံမေးမြန်းမှုမှာ ကမ္ဘာ့ပြဿနာများအပေါ်တွင်ရှုမြင်ခဲ့သော နေရူး၏အမြင်ကို ထင်ထင်ရှားရှားတင်ပြခဲ့သည့် တွေ့ဆုံမေးမြန်းပွဲလည်းဖြစ်သည်။ နေရူး၏ပြောဆိုမှုများနှင့် ပတ်သက်၍ ကရန်ဂျီယာက အောက်ပါအတိုင်း တင်ပြထားသည်။
“အချို့သောအတွေးအခေါ်အသစ်များကို လက်ခံသည့်၊ တိုးတက်သော အမြင်ရှိသူများက ယုံကြည်ကြ သည်မှာ ဂန္ဓီကြီး၏စိတ်ခံစားမှုနှင့်ဆိုင်သော အဖြေရှာမှုများ၊ ကိုယ်ကျင့်တရားနှင့် နာမ်ပိုင်းဆိုင်ရာ နည်းလမ်းများ ကြောင့် သိပ္ပံနည်းကျသော ဆိုရှယ်လစ်ဝါဒအပေါ် တွင် သက်ဝင်ယုံကြည်ကိုးစားမှု၊ စိတ်အားထက်သန်မှုများ အားနည်းခဲ့ရခြင်းဖြစ်သည်´´ဟူသောအချက်နှင့် ပတ်သက်၍ နေရူးက တုန့်ပြန်ပြောဆိုသည်မှာ “ကိုယ်ကျင့်တရား နှင့် နာမ်ပိုင်းဆိုင်ရာနည်းလမ်းများ တိုးတက်စေမှုမှာ လိုအပ်သလို ကောင်းမြတ်သောကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်က ဒီကဏ္ဍများနှင့် ပတ်သက်လို့ကတော့ ဂန္ဓီကြီးနှင့်ထပ်တူ သဘောတူပါတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားနှင့် နာမ်ပိုင်းဆိုင်ရာ နည်းလမ်းများရဲ့အကျိုးကျေးဇူးကိုရယူတတ်မှုက ပိုပြီးလိုအပ်တယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ အထူးသဖြင့် ယခုခေတ်စားလာတဲ့၊ နောင်မှာလည်းဆက်ပြီး ခေတ်စားနေဦးမဲ့ ခေတ်သစ်ယဉ်ကျေးမှုကြောင့် ဖြစ်ပေါ်လာမဲ့ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများ၊ ဟာကွက်များအတွက်ကတော့ ကျွန်တော်တို့ဟာ ကိုယ်ကျင့်တရားနှင့် နာမ်ပိုင်းဆိုင်ရာစွမ်းရည်များနှင့်သာ အဖြေရှာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။´´
ထို့နောက် ကရန်ဂျီယာက မာ့ခ် (စ) ၀ါဒအကြောင်း ဆက်လက်မေးမြန်းခဲ့ရာ နေရူးက မာ့ခ်(စ)၀ါဒ၏ မပြီးပြည့်စုံမှုကိုဝန်ခံသွားပြီး ၎င်းင်းဝါဒ၏ကျဆုံးရသော အကြောင်းရင်းအချို့ကိုလည်း ထောက်ပြဝေဖန်သွားသည်။  ကမ္ဘာ့ပြဿနာများ ဖြေရှင်းရန်အတွက် နာမ်ပိုင်းဆိုင်ရာ အဖြေရှာမှုများပြုလုပ်ရန် သူကထပ်မံအကြံပြုခဲ့ သည်။ ဤအခြေအနေတွင် ကရန်ဂျီယာက မေးမြန်းသည်မှာ “နေရူးခင်ဗျား- လူကြီးမင်းရဲ့ကိုယ်ကျင့်တရားနှင့် နာမ်ပိုင်းဆိုင်ရာအဖြေရှာမှုများအပေါ်ထားရှိတဲ့ အသိသညာတွေဟာ၊ ခင်ဗျား “ဂျဝါဟာလာ´´ ဘ၀က ထားရှိခဲ့တဲ့ အသိပညာနှင့် ကွဲပြားခြားနားမှုမရှိဘူးမဟုတ်လား။ ခင်ဗျားရဲ့နေ၀င်ချိန်ကျမှ ခင်ဗျားရှာဖွေနေတဲ့ ကိုးကွယ်ရာ အရှင် ထွက်ပေါ်လာပြီ မဟုတ်လား။´´
နေရူးကပြန်လည်ပြောကြားခဲ့သည်မှာ “ဟုတ်ကဲ့၊ ကျွန်ုပ်ရဲ့ အသိသညာတွေ ပြောင်းလဲသွားပါပြီ။ ပြဿနာများဖြေရှင်းရန်အတွက် ကိုယ်ကျင့်တရားနှင့် နာမ်ပိုင်းဆိုင်ရာ တန်ဘိုးထားမှုများကို အသားပေးဖြေရှင်း ရမည်လို့ဆိုတဲ့ ကျွန်တော့်ရဲ့ ယူဆချက်တွေဟာ တမင်တကာရည်ရွယ်ပြီးပြောတာမဟုတ်ပါဘူး´´ဟု ပြန်ဖြေခဲ့သည်။ သူက ဆက်လက်ပြောဆိုသည်မှာ  “ဒီတစ်ခါ မေးရမဲ့မေးခွန်းက လူတွေရဲ့ကိုယ်ကျင့်တရားနှင့် နာမ်ပိုင်းဆိုင်ရာ တန်ဘိုးထားမှုကို ဘယ်လိုမြှင့်တင်ရမလဲဆိုတဲ့ မေးခွန်းပါဘဲ။ ဤမေးခွန်းရဲ့အဖြေဟာ ဘာသာရေး ဖြစ်တယ်ဆိုတဲ့အချက်ဟာ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် ၀မ်းနည်းဖွယ်ကောင်းတဲ့အချက်ကတော့ ဘာသာရေးဆိုတာကို လူအများက တင်းကျပ်တဲ့ ထုံးတမ်းဓလေ့များကို ငြီးငွေ့ဖွယ်ကောင်းတဲ့ လုပ်ရိုးလုပ်စဉ် ကိစ္စများအဖြစ် လျှော့ချကျင့်သုံးနေကြတဲ့အချက်ပါဘဲ။ ဘာသာရေးရဲ့ သိသာထင်ရှားတဲ့ပုံသဏ္ဍာန်နဲ့ အပြင်ပန်း အခွံလောက်သာကျန်ရစ်ပြီး ၎င်းင်းရဲ့စစ်မှန်တဲ့ အနှစ်သာရနှင့် အသိသညာတွေဟာ ပျောက်ကွယ်ကုန်တဲ့အချက်ပါပဲ။´´

အစ္စလာမ်နှင့် အချိန်၏လိုအပ်ချက်
အားလုံးသောဘာသာတရားများအနက် အစ္စလာမ်ဘာသာသည်သာလျှင် လူသား၏ဘ၀ကဏ္ဍ အားလုံးနှင့် ပို၍သက်ဆိုင်သည့် တစ်ခုတည်းသောဘာသာတရား ဖြစ်သည်။ အစ္စလာမ်၏သွန်သင်ချက်များသည် ကိုးကွယ်ဆည်းကပ်ခြင်း၊ ၀တ်ပြုခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သြ၀ါဒညွှန်ကြားချက်များကိုသာ ဘောင်ခတ် လမ်းညွှန်ထားခြင်းမဟုတ်၊ လူသားနှင့် ထာဝရအရှင်၏ဆက်သွယ်မှုနှင့် ပတ်သက်သကဲ့သို့ လူသားအချင်းချင်း ဆက်သွယ်ရေးအတွက်ပါ သက်ဆိုင်နေသည်။ အစ္စလာမ်မှ လူအချင်းချင်း ဆက်ဆံရေးအတွက် ကျယ်ပြန့်သော လမ်းကြောင်းများကိုလည်း ညွှန်ပြထားပေသည်။ ထို့ကြောင့် အစ္စလာမ်တွင် လူတစ်ဦးချင်း၏ အခွင့်အရေးနှင့် မလုပ်မနေရ တာဝန်များကို ပုံစံအမျိုးမျိုးနှင့် ညွှန်ပြထားသည်။ ဤအချက်မှာ အမြဲတစေ ပြောင်းလဲနေသော အခြေအနေမျိုးတွင် အစ္စလာမ်၏ သွန်သင်ညွှန်ကြားချက်များကို ပြုပြင်ပြောင်းလဲစရာမလိုဘဲ၊ အသုံးပြုနိုင်စေသော အကြောင်းရင်းဖြစ်သကဲ့သို့ အခြားသောဘာသာတရားများထက်ပို၍ ကြောင်းကျိုးညီညွတ်ခိုင်လုံစေသော အကြောင်းတရားလည်း ဖြစ်သည်။
မွတ်စလင်မ်မဟုတ်သောပညာရှင်များနှင့် စာရေးဆရာများက အစ္စလာမ့်လူမှုရေးနှင့် တရားမဥပဒေများ ကို လေ့လာဆန်းစစ်ပြီး ချီးကျူးကြသည်မှာ ၎င်းင်းတို့ကို တိုးတက်တီထွင်သောဥပဒေ၏အဓိကအပိုင်းအဖြစ် အသုံးပြုရန် ထောက်ခံပြောဆိုကြခြင်းပင် ဖြစ်သည်။ ထိုပညာရှင်များကပင် မြောက်မြားစွာသော သက်သေ သာဓကများဖြင့် အစ္စလာမ်သည် အမြဲတည်တံ့ရှင်သန်နေမည့် ဘာသာတရားဖြစ်ကြောင်း တင်ပြကြသည့်အပြင် အစ္စလာမ့်ဥပဒေကို အချိန်တိုင်း၊ ကာလတိုင်း၊ အခြေအနေတိုင်းတွင် အသုံးပြုနိုင်ကြောင်းလည်း ထောက်ခံ အဆိုပြုကြသည်။
သဘောထားကြီးပြီး၊ ကျော်ကြားလှသည့် အင်္ဂလိပ်စာရေးဆရာကြီး ဘားနဒ်ရှောကပြောသည်မှာ “ကျွန်တော်ဟာ မုဟမ္မဒ်(မ)ရဲ့ဘာသာတရား၏ အသက်ပါမှု၊ ပဓါနကျမှုများကြောင့် ၎င်းင်းဘာသာတရားကို အမြဲတစေ လေးစားလိုက်နာပါသည်။ ၎င်းင်းဘာသာသည်သာ လျှင် ခေတ်တိုင်း၊ အချိန်တိုင်းကို ရင်ဆိုင်ဖြေရှင်း နိုင်သော၊ ညှိယူကျင့်သုံးခံနိုင်သော အရည်အသွေးများနှင့် ပြည့်စုံသောကြောင့် ထိုကဲ့သို့ ကျွန်တော်အနေနှင့် အမြဲတစေ လေးစားလိုက်နာ ကျင့်သုံးရခြင်းဖြစ်သည်။ မုဟမ္မဒ်(صلي الله عليه و سلم)၏ ဘာသာတရားနှင့် ပတ်သက်၍ ကျွန်တော် ဟောကိန်းထုတ်ခဲ့သည်မှာ ဤဘာသာတရားသည် အနာဂတ်ကာလတွင် ဥရောပတိုက်သားများမှ လက်ခံယုံကြည်လာမည့် ဘာသာတရားဖြစ်မည်မှာ မလွဲဧကန် ဖြစ်သည်။ ယခုအခါတွင် ကျွန်တော်၏ဟောကိန်းမှန်ကန်ကြောင်း သက်သေလက္ခဏာများ မြင်နေရပေသည်။ ထိုဘာသာတရား၏ ကောင်းမြတ်သာလွန်မှုကို လျစ်လျူရှုမိခြင်း ကြောင့်ပဲဖြစ်ဖြစ်၊ တစ်ယူသန်သော အယူအဆများကြောင့်ပဲ ဖြစ်ဖြစ်၊ အလယ်ခေတ်ခရစ်ယာန်ဘုန်းကြီးများကြောင့် အစ္စလာမ်ဘာသာကို အမှောင်တကာ့အမှောင်ဆုံး အရောင်ခြယ်ခြင်းခံခဲ့ရပေသည်။ ထိုဘုန်းကြီးများသည် လူသားများအား မုဟမ္မဒ် (صلي الله عليه و سلم)နှင့် သူ၏ဘာသာတရားကို မုန်းတီးစေရန် လေ့ကျင့် သင်ကြားပေးခဲ့ပေသည်။ ၎င်းတို့အတွက် မုဟမ္မဒ်(صلي الله عليه و سلم)သည် ယေရှုခရစ်(عليه الصلاة و السلام)ကို ဆန့်ကျင်သူအဖြစ်သာ သင်ကြားခြင်းခံခဲ့ရသည်။ ကျွန်တော်က မုဟမ္မဒ်(صلي الله عليه و سلم)၏အကြောင်းကို လေ့လာဆန်းစစ်ကြည့်ရာ သူသည် အလွန်အံ့သြချီးကျူးလောက်စရာကောင်းသောပုဂ္ဂိုလ်ဖြစ်ကြောင်း တွေ့ရသည်။ သူသည် ယေရှုခရစ်(عليه الصلاة و السلام)ကို ဆန့်ကျင်သူဖြစ်ရန် ဝေးစွ၊ လူသားအားလုံးကို ကယ်တင်သူဟုသာ ခေါ်ထိုက်ပေသည်။ သူကဲ့သို့သော လူပုဂ္ဂိုလ်မျိုးကို ခေတ်သစ်ကမ္ဘာ့ ခေါင်းဆောင်များအနေနှင့် စံနမူနာယူသင့်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူသည် ကမ္ဘာကြီးတွင် ရင်ဆိုင်နေရသော ပြဿနာရပ်များကို အောင်မြင်စွာ ဖြေရှင်းနိုင်သည့်အပြင် ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု ဆိတ်သုဉ်းပျောက်ကွယ်နေသော ကမ္ဘာအတွက်လည်း ငြိမ်းချမ်းပျော်ရွှင်မှုများ ဆောင်ကြဉ်းပေးနိုင်သော ပုဂ္ဂိုလ်လည်းဖြစ်သည်။
ဒေါက်တာရှစ်ဗလီ ရှမာအီလ်သည် လီဗာနွန်နိုင်ငံ၏ ရုပ်ဝါဒီတစ်ဦး ဖြစ်သည်။ သူသည် ဒါဝင်၏မျိုးစိတ်များ၏အစကို ဂျာမန်သိပ္ပံပညာရှင် ဘောင်ချာ၏ ရှင်းလင်းချက်မှတ်စုနှင့် အတူ အာရပ်ဘာသာသို့ ပြန်ဆိုခဲ့သူဖြစ်သည်။ ၎င်းင်း၏ဘာသာပြန်စာတမ်းကို “ဘာသာရေး ယုံကြည်ချက်များ ကို ဆန့်ကျင်သည့်လက်နက်တစ်ခု´´ဟု အမည်ပေးထားပါသည်။
သူသည် ရုပ်ဝါဒီတစ်ဦးဖြစ်သော်လည်း အစ္စလာမ်နှင့် ၎င်းဘာသာကို ထူထောင်သူကြီးကျယ်မြင့်မြတ်သော တမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)အား လေးစားကြည်ညိုခြင်းအတွက်မူ မရှက်ရွံ့ပေ။ အစ္စလာမ်သည် အချိန်တိုင်းတွင် ရှင်သန်နေသောဘာသာတရား ဖြစ်ကြောင်း သူကအသိအမှတ်ပြုသည်။ ဒေါက်တာရှစ်ဗလီ၏အာရပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ဆင့်ကဲဖြစ်စဉ်၏ဒဿန ဟူသောစာအုပ်တွင် ကုရ်အာန် နှင့်ယဉ်ကျေးမှုဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့သည်။ သူက ဤဆောင်းပါးကို ရေးသားရသောရည်ရွယ်ချက်မှာ မွတ်စလင်မ်နိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည့် မွတ်စလင်မ်မဟုတ်သောသူများဘက်မှ မွတ်စလင်မ်များ၏ ဆုတ်ယုတ်ကျဆင်းမှုသည် အစ္စလာမ်ကြောင့်ဖြစ်သည်ဟူသော ထင်မြင်ယူဆချက်များကို ချေပရန်ပင် ဖြစ်သည်။ သူ့ဘက်က သက်သေပြချေပချက်များအရ မွတ်စလင်မ်ကမ္ဘာ၏ ဆုတ်ယုတ်ကျဆင်းမှုများ၏ အကြောင်းရင်း အစစ်အမှန်မှာ အစ္စလာမ်ကြောင့် မဟုတ်ဘဲ အစ္စလာမ်၏လူမှုရေးဆိုင်ရာ လမ်းညွှန်သင်ကြားမှုများမှ သွေဖည် ယိမ်းယိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း ထင်ရှားသွားစေခဲ့သည်။ အစ္စလာမ်ကို တိုက်ခိုက်ကြသော ထိုဥရောပ တိုက်သားများမှာ အမှန်တကယ် အစ္စလာမ်ကိုလည်း မသိနားမလည်ကြသည့်အပြင် အရှေ့တိုင်းသားများကို အစ္စလာမ်အား မယုံကြည်အောင်၊ လက်မခံအောင်ဟူသော ရည်ရွယ်ချက်ဆိုးများလည်း ရှိကြသည်။ ဤသို့ ပြုလုပ်ရခြင်း၏ အနှစ်သာရမှာ ထိုအရှေ့တိုင်းသားများအား အနောက်ကမ္ဘာ၏ သွန်သင်မှုအောက်ဝယ် ရောက်စေရန်သာဖြစ်သည်။ ကျွန်ုပ်တို့၏ခေတ်အခါသမယတွင်လည်း “အစ္စလာမ်သည် လက်ရှိမျက်မှောက်ခေတ်ကာလတွင် ကျင့်သုံး နိုင်ပါသေးသလား´´ဟူသောမေးခွန်းမှာ ခေတ်ပညာတတ်လူတန်းစားများအကြား အခြားသော   မေးခွန်းများထက်ပို၍ အပူတပြင်း မေးမြန်းခြင်းခံနေရသော မေးခွန်းတစ်ခုပင်ဖြစ်ပါသည်။

ကန့်ကွက်ချက်များ
(မျက်မှောက်ကာလတွင် အစ္စလာမ်ကို ကျင့်သုံးနိုင်ပါသေးသလား)
ဤသို့သောမေးခွန်းမျိုး မေးတတ်သောသူများ၏ ဒဿနဆိုင်ရာ အကြောင်းပြချက်တစ်ရပ်မှာ ဤကမ္ဘာ တွင် ရှိရှိသမျှ အရာရာတိုင်းသည် ပြောင်းလဲနေရမည်။ မည်သည့်နေရာများမှတည်ငြိမ်၍ တသမတ်တည်း ရှိမနေချေ။ ထို့ကြောင့် လူ့အဖွဲ့အစည်းသည်လည်း ပြောင်းလဲရမည်။ ထို့ကြောင့် ခေတ်တိုင်း၊ အချိန်တိုင်း အတွက် ဥပဒေများ၏ အဓိကအပိုင်းသည်လည်း မပြောင်းလဲဘဲ မည်သို့မျှ ရပ်တည်နိုင်မည်မဟုတ်ဟူ၍ စောဒက တက်တတ်ကြသည်။
ဤအမေးပုစ္ဆာအား ဒဿနအမြင်နှင့်ကြည့်သော် အဖြေမှာ ရိုးရှင်းလှပါသည်။ ပြောင်းလဲစရာလိုသော အရာများ၊ အစဉ်အမြဲပြောင်းလဲနေသောအရာများမှာ ကမ္ဘာပေါ်ရှိရုပ်ဝတ္ထုပစ္စည်းများသာ ဖြစ်ပါသည်။ ရုပ်ဝတ္ထုပစ္စည်းများသည် အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်ပြီး ယိုယွင်းပျက်စီးတတ်သည်။ ရုပ်ဝတ္ထုများမှာ ကြီးထွား ဖွံ့ဖြိုးပြီးသောအခါ ကျဆုံးပျက်စီးမည်။ ဤသည်မှာ ဓမ္မတာသဘောဖြစ်သည်။ သို့သော် စကြ၀ဠာလုံးဆိုင်ရာ အများနှင့်ပတ်သက်သော ဥပဒေသများအတွက်မှာကား ပြောင်းလဲစရာမလိုပေ။ ဥပမာဆိုရသော် သက်ရှိ သတ္တ၀ါများသည် သိပံ္ပပညာရှင်များ ထုတ်ဖော်ကြေငြာထားသည့် ဥပဒေသများအတိုင်း အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်နေသလို ဆက်လက်၍ ပြောင်းလဲဖြစ်ပေါ်နေဦးမည်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ၊ သက်ရှိအရာများသည်  အစဉ်အမြဲပြောင်းလဲ နေမည်ဖြစ်သည်။ သို့သော် ၎င်းတို့၏ဆင့်ကဲပြောင်းလဲတိုးတက်မှု ဆိုင်ရာ ဥပဒေသများမှာကား ပြောင်းလဲသွားစရာအကြောင်းမရှိချေ။ လက်ရှိတွင် ဥပဒေများအပိုင်းကိုသာ ကျွန်ုပ်တို့ကဆိုနေသောကြောင့်ဖြစ်သည်။ ဤအချက်ကိုသာ စဉ်းစားမည်ဆိုပါကမူ ဥပဒေသများသည် သဘာဝနိယာမများလား၊ ဘောင်ကန့် စုစည်းထားသော လူလုပ်ဥပဒေသများလားဟူသော မေးခွန်းကို ထုတ်စရာမရှိပါချေ။ ဖြစ်နိုင်သည့် အကြောင်းတရားမှာ ပြုစုထားသော လူလုပ်ဥပဒေသများသည် ၎င်းင်း၏ရင်းမြစ် သဘောတရားအရ လူတစ်ဦးချင်းအတွက်ရော၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက်ပါ ကိုက်ညီနိုင်ပါသည်။
မည်သို့ဆိုစေ အစ္စလာမ်သည် ခေတ်နှင့်အံဝင်ခွင်ကျမှု ရှိခြင်း၊မရှိခြင်း၊ ခေတ်နှင့်အညီ လိုက်လျောညီထွေမှု ရှိခြင်း၊ မရှိခြင်းဟူသော ပြဿနာဆိုင်ရာမေးခွန်းများမှာ ယေဘုယျနှင့် ဒဿနာဆိုင်ရာကဏ္ဍတစ်ခုတည်းနှင့် သက်ဆိုင်သောပြဿနာများ မဟုတ်ပေ။
ဤနေရာတွင်ပို၍ မေးမြန်းသင့်သည့်မေးခွန်းမှာ မည်သည့်အချိန်တွင် ဥပဒေသများကို အမြဲတမ်း မတည်ငြိမ်သောလူများ၏ လိုအပ်ချက်များနှင့်အညီ ဘောင်ကန့်သတ်မှုပြုပေးနိုင်မည်နည်း။ လူမှုရေး ဥပဒေသများသည် အမြဲတမ်း မပြောင်းလဲဘဲ အဘယ်သို့များ တည်ငြိမ်နေနိုင်ပါမည်နည်း ဟူသောမေးခွန်းများ ဖြစ်သည်။ ဤမေးခွန်းသည် အလွန်ကောင်းသောမေးခွန်း ဖြစ်ပါသည်။ မထင်မှတ်ဘဲ အစ္စလာမ်သည် လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် မပြောင်းလဲသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အမြဲတမ်းခိုင်လုံသော ဥပဒေသများကို ပြဌာန်းပေးနိုင်သည်မှာ အံ့မခန်းကိစ္စပင်ဖြစ်သည်။ အစ္စလာမ့်ပင်ရင်း ဥပဒေသများသည် လှေနံဓါးထစ်ပုံစံမဟုတ်ဘဲ ပြောင်းလဲနေသောယာယီလိုအပ်ချက်များကို ပျော့ပြောင်းစွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်သော ဥပဒေများဖြစ်သည်။ ဤသည်ပင် ဆင်ခြင်တုံတရားနှင့်ပြည့်စုံ၍ အမြော်အမြင် ရှိသော အသိဥာဏ်ရှိသည့် မွတ်စလင်မ်များအတွက် ဂုဏ်ယူနေရသည့်အချက်ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် လက်ရှိအခြေအနေနှင့် သင့်လျော်သောအတိုင်းအတာတစ်ခုအထိ ရှင်းလင်းရန် ရည်ရွယ်ပါသည်။

လူမှုရေးပြောင်းလဲမှုများသည် အချိန်ကာလနှင့် အံဝင်ဂွင်ကျဖြစ်ပါသလား။
ဤအချက်နှင့်ပတ်သက်၍ ရှေ့ဆက်မဆွေးနွေးမီ ကျွန်ုပ်တို့အနေနှင့် အချက်အလက်နှစ်ခု တင်ပြချင် ပါသည်။ ပထမဦးဆုံးအချက်မှာ လူမှုရေးကိစ္စရပ်တစ်ခုသည် ပြောင်းလဲမှုဖြစ်ပြီး၊ ၎င်းင်းပြောင်းလဲမှု၏အစမူလမှာ အနောက်တိုင်းမှဖြစ်လျှင်ပင် ၎င်းင်းကိုဖွံ့ဖြိုးတိုးတက်မှု၏ ရလဒ်ကြောင့်ဖြစ်သည်ဆိုပြီး လူအများက လက်ခံနေကြခြင်းပဲ ဖြစ်သည်။ ဤသည်မှာ မျက်မှောက်ခေတ်မျိုးဆက်များ၏အယူအဆများအနက် အမှားယွင်းဆုံးအယူအဆတစ်ရပ် ဖြစ်သည်။
ဤကဲ့သို့သောအယူအဆမျိုးကို လက်ခံကြကုန်သောသူများ၏ခံယူချက်မှာ သိပ္ပံနှင့်စက်မှုလုပ်ငန်းများ အမြဲတစေ တိုးတက်ပြောင်းလဲနေသကဲ့သို့ ဘ၀တည်ဆောက်မှုနည်းလမ်းများမှာလည်း နေ့စဉ်နှင့်အမျှ ပြောင်းလဲနေကြသည်။ အပြစ်အနာဆာရှိသောအရာများကို အပြစ်အနာအဆာကင်းသော၊ ပြီးပြည့်စုံသော အရာများက အစားထိုးနေရာယူမည်။ လူသားဘ၀တွင် ပြောင်းလဲမှုများသည် တိုးတက်မှုများဖြစ်ပြီး၊ ဤသို့သော တိုးတက်မှု၊ ပြောင်းလဲမှုများကို လက်ခံကြိုဆိုသင့်သည်ဟု ယူဆကြသည်။ ၎င်းင်းတို့သည် ဖော်ပြပါ အယူအဆများကို လက်ကိုင်ထားသည်သာမက၊ ဤကဲ့သို့သော ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှု များသည် ခေတ်ကာလတိုင်း အခြေအနေတိုင်းအတွက် ဧကန်ဖြစ်သော သဘောတရားဟု စွဲကိုင်ယုံကြည် နေကြပေသည်။
အမှန်စင်စစ် ပြောင်းလဲမှုအားလုံးသည် သိပ္ပံပညာနှင့် စက်မှုလုပ်ငန်းတိုးတက်မှု၏ တိုက်ရိုက်ရလဒ် ဟူ၍ကား  မဆိုနိုင်ပေ။ ထို့အတူ ၎င်းင်းပြောင်းလဲမှုများသည်လည်း ဧကန်ဖြစ်သောအရာများ မဟုတ်ပြန်ချေ။ သိပ္ပံပညာသည် ဆက်လက်ဖွံဖြိုးတိုးတက်နေသကဲ့သို့ လူသား၏တစ်ကိုယ်ကောင်းဆန်သော တိရစ္ဆာန် သဘာဝ အတ္တသည်လည်း ရပ်တန့်နေမည်မဟုတ်ပေ။ အသိပညာ၊ ဗဟုသုတနှင့် တွေးခေါ်မြော်မြင်မှုများ ကြောင့် လူသားအား ပြိုင်ဘက်ကင်းအောင် ပြီးပြည့်စုံစေသကဲ့သို့၊ လူသား၏ဗီဇ တိရစ္ဆာန်သဘာဝနှင့် အတ္တတရားက ထိုလူသားအား အကျင့်ပျက်စေခြင်းနှင့် ဖောက်ပြန်ခြင်းသို့ တွန်းပို့ပေးတတ်လေသည်။ လူသား၏ တိရစ္ဆာန်သဘာဝဗီဇစိတ်က လူသားအား သူ၏အသိပညာကို နည်းလမ်းအဖြစ်အသုံးပြု၍ နိမ့်ကျသောဆန္ဒများကို ပြည့်ဝစေရန် အစဉ်ကြိုးစားစေတတ်သော သဘောရှိသည်။ အချိန်ကြာညောင်း လာသည်နှင့်အမျှ ဤဥာဉ်ဆိုးမှာ ဖွံဖြိုးကြီးထွားလာသကဲ့သို့ လူသားများ၏ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ဖောက်ပြန်ခြင်းတို့သည်လည်း ကြီးထွားလာခဲ့သည်။ ကျွန်ုပ်တို့သည် ခေတ်ရေစီးကြောင်းအရ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်ချီတက်သကဲ့သို့ လူသားတို့၏အကျင့်ပျက် ဖောက်ပြန်ခြင်းများကိုလည်း တိုက်ဖျက်ပစ်ရန် လိုပေသည်။
ပြုပြင်ရေးသမားများနှင့် ဖောက်ပြန်ရေးဝါဒီများ နှစ်မျိုးစလုံးပင် ခေတ်ကာလကို ဆန့်ကျင်တိုက်ခိုက် ကြသည်။ ၎င်းင်းအုပ်စုနှစ်ခု၏ ကွဲပြားခြားနားချက်မှာ ပြုပြင်ရေးသမားများက ကပြောင်းကပြန်ပြုမှုကို ဦးတည်ကြပြီး၊ ဖောက်ပြန်ရေးသမားများကမူ ခေတ်ကာလ၏တိုးတက်မှုကို တိုက်ခိုက်ကြခြင်းသာဖြစ်သည်။ အကယ်၍ ခေတ်နှင့်၎င်းင်း၏ပြောင်းလဲမှုများကို ၎င်းင်းခေတ်၏အားလုံးသော ကောင်းခြင်း၊ မကောင်းခြင်းများ အတွက် စံနှုန်းအဖြစ်သတ်မှတ်ပါက ခေတ်ကို ဆုံးဖြတ်တိုင်းတာရမည့်စံနှုန်းမှာ အဘယ်နည်း။ အကယ်၍ အရာရာတိုင်းသည် ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်ရမည်ဆိုလျှင် ခေတ်သည်ဘယ်အရာနှင့် လိုက်လျော ညီထွေဖြစ်သင့်သနည်း။ အကယ်၍ လူသားသည် ခေတ်ကာလနှင့် ၎င်းင်း၏ပြောင်းလဲမှုများကို လက်ပိုက် ကြည့်နေပါက လူသား၏အပြုသဘော ပြုပြင်တီထွင်လိုမှုအပေါ်တွင် မည်သို့သောအကျိုးသက်ရောက်မှု ရှိနိုင်ပါသနည်း။ လူသည် အမြဲတစေ ရွေ့လျားနေသောအချိန်ဟူသောယာဉ်ကို “မောင်းနှင်စီးနင်းသူ´´  ဖြစ်သည်။ ထို့ကြောင့် သူ၏ယာဉ်ကို လမ်းညွှန်ရန်၊ ထိန်းချုပ်ရန်ကိစ္စကို လျစ်လျူ မရှုသင့်ပေ။ သို့မဟုတ် ပါက လူသားသည် မြင်း၏ ကျောကုန်းပေါ်တွင်ထိုင်လျှက်၊ မြင်းသွားရာ စေစားလိုက်ပါသူနှင့်မခြား ဖြစ်ပေမည်။

ညှိယူခြင်းလား၊ ပယ်ဖျက်ခြင်းလား
ဒုတိယအနေနှင့်တင်ပြမည့်အချက်မှာ အချို့သောသူများ၏ အစ္စလာမ်၏ ခက်ခဲနက်နဲသော ပြဿနာ ပုစ္ဆာများကို ခေတ်ကာလလိုအပ်ချက်နှင့်အညီ ရိုးရှင်းစွာ ဖြေရှင်းနည်းပင်ဖြစ်သည်။ ၎င်းင်းတို့က အစ္စလာမ်သည် အမြဲတည်တံ့ရှင်သန်နေသောဘာသာတရား ဖြစ်သည်။ ခေတ်တိုင်း၊ ကာလတိုင်းအတွက် ညှိယူနိုင်သော ဘာသာ တရားဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဤညှိယူမှုမျိုးကို မည်သို့ ပြုလုပ်မည်နည်း။ ညှိယူမှု၏ဖော်မြူလာမှာ အဘယ်နည်းဟု မေးမြန်းသောအခါတွင်မူ ၎င်းင်းတို့က ချက်ချင်းတုန့်ပြန်ကြသည်မှာ “အခြေအနေများ ပြောင်းလဲ သောအခါ လက်ရှိတည်ဆဲဥပဒေများကို အခြားသော ဥပဒေသစ်များနှင့် အစားထိုးပြုပြင် လိုက်ကြခြင်းပင်ဖြစ်သည်´´ ဟူ၍ဖြစ်သည်။ ၎င်းင်းတို့ကငြင်းခုံကြသည်မှာ ဘာသာတရားတစ်ခု၏ ယာယီဥပဒေများသည် အလျှော့ အတင်း ပြုလုပ်နိုင်ပြီး အသိပညာ၊ သိပ္ပံပညာရပ်များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုများနှင့် လိုက်လျော ညီထွေဖြစ်နိုင်သော ဥပဒေသများ ဖြစ်ရမည်။ ထိုသူတို့၏အယူအဆအရ၊ ဤအလျှော့အတင်း ပြုလုပ်နိုင်ခြင်းနှင့် ညှိယူခြင်းများသည် ခေတ်၏လိုအပ်ချက်နှင့်ကိုက်ညီသကဲ့သို့ အစ္စလာမ်၏အနှစ်သာရနှင့်လည်းကိုက်ညီပြီး ယင်း၏သင်ကြားမှုများနှင့်လည်း ဆန့်ကျင်မှုမရှိပါ။ ခေတ်ကာလ၏ လိုအပ်ချက်များသည် အမြဲပြောင်းလဲနေပြီး၊ ခေတ်တိုင်းကာလတိုင်းသည် ဥပဒေသစ်များကို အမြဲတမ်းတောင်းဆိုနေလေ့ရှိသည်ဟု ယူဆကြသည်။
၎င်းတို့အနေနှင့်အစ္စလာမ်၏တရားမဥပဒေနှင့် လူမှုဥပဒေများသည် အစ္စလာမ်မတိုင်မီ အာရပ်များ၏ ဓလေ့ထုံးစံများ၊ သုံးစွဲမှုများနှင့် ရိုးစင်းသောဘ၀တည်ဆောက်မှု အခြေအနေများနှင့်သာ လိုက်လျောညီထွေ သည်ဟု ယူဆကြသည်။ ဤဥပဒေသများသည် လက်ရှိခေတ်နှင့် သဟဇာတမဖြစ်ကြသောကြောင့်၊ ဥပဒေသစ်များ အစားထိုးပြုပြင်ရန် လိုအပ်ပေသည်ဟု ယူဆကြသည်။
အထက်ပါအယူအဆများကို လက်ကိုင်ထားသူများအား မေးမြန်းသင့်သည့်မေးခွန်းများမှာ ညှိယူနိုင် ခြင်းသည် ဥပဒေတစ်ရပ်ကို ရုပ်သိမ်းနိုင်ခြင်းဟု ဆိုလိုပါက၊ မည်သည့်ဥပဒေကမှ ညှိမယူနိုင်သော မရုပ်သိမ်း နိုင်သော ဥပဒေဖြစ်သနည်း။ ရုပ်သိမ်းနိုင်ခြင်း ရှု့ထောင့်မှကြည့်သော် ခေတ်နှင့်သဟဇာတ မဖြစ်နိုင်သော ဥပဒေဟူသည် ရှိပါသေးသလား။ ခေတ်အားလုံးတွင် အလျှော့အတင်းပြုလုပ် ညှိယူခြင်းနှင့် လက်တွေ့ အသုံးပြုခြင်းအတွက် အကောင်းဆုံး အဓိပ္ပါယ် ကောက်ယူချက်သည် စာအုပ်များနှင့် စာကြည့်တိုက်များကို ဘ၀၏အကောင်းဆုံး မွေ့လျော် ကြည်နူးဖွယ်ရာများအဖြစ်ရှုမြင်ပြီး စာအုပ်ဖတ်ခြင်းသည်လည်း အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်အနေနှင့် စာအုပ်စာတမ်းများ၏အကျိုးအား ခံစားလိုပါက၊ ထိုစာအုပ်များကိုရောင်းချပြီး ရရှိသောငွေများဖြင့် မိမိ၏လိုအင်ဆန္ဒများ အားရကျေနပ်စေနိုင်ခြင်း ကြောင့်ဖြစ်သည်။
ကျော်ကြားသော စာရေးဆရာတဦးက တင်ပြသည်မှာ အစ္စလာမ်၏ သင်ကြားမှုများကို (၃)ပိုင်းခွဲ၍ လေ့လာနိုင်သည်။ ပထမပိုင်းတွင် အခြေခံသြ၀ါဒများ၊ ဥပမာ-သောင်ဟီးဒ်ခေါ် ကိုးကွယ်ရာအရှင်တစ်ပါးတည်း တည်ရှိခြင်း၊ နဗီတမန်တော်များအကြောင်း၊ သေပြီးတဖန်ရှင်ပြန်ထမြောက်ခြင်းအကြောင်းများ ပါဝင်သည်။ ဒုတိယပိုင်းအနေနှင့် ခ၀ပ်ကိုးကွယ်ခြင်းဆိုင်ရာကဏ္ဍများဖြစ်သော ဆွလားသ်၊ ဆွိယာမ်၊ ၀ူဒူပြုခြင်း၊ အစ္စလာမ်တရားတော်နှင့်အညီ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်း၊ ဟာဂ်ျပြုခြင်းစသည်တို့ပါဝင်သည်။ တတိယ အပိုင်းမှာမူ လူသားများဘ၀တည်ဆောက်မှုဆိုင်ရာ ဥပဒေသ စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်။
ထိုပညာရှင်၏ အယူအဆအရ၊ အစ္စလာမ့်သင်ကြားမှု၏ ပထမပိုင်းနှင့် ဒုတိယပိုင်းတို့မှာ တစ်သားတည်းဖြစ်ပြီး အမြဲတမ်းထိန်းသိမ်း လိုက်နာသင့်သည်။ ပြီးပြည့်စုံသောသင်ကြားမှုများလည်းဖြစ်သည်။ တတိယပိုင်းမှာမှု ဘာသာတရားနှင့် တစ်သားတည်းဖြစ်သော အပိုင်းမဟုတ်ပေ။ ဘာသာ၊ သာသနာဟူသည်မှာ လူသားများ၏ ဘ၀တည်ဆောက်မှုနှင့် သက်ဆိုင်မှုမရှိတတ်ကြပေ။ ကျွန်ုပ်တို့၏ နှစ်ဘ၀သခင်ကျေးဇူးရှင် မဟာတမန်တော်မြတ် ကိုယ်တော်တိုင်က သူ၏ဘ၀ တည်ဆောက်မှုဆိုင်ရာ စည်းမျဉ်းဥပဒေများအားလုံးသည် ၎င်းင်း၏တမန်တော်အဖြစ် လာရောက်ခြင်းနှင့်မပတ်သက်သောကြောင့် သူ၏ ဘ၀တည်ဆောက်မှုပုံစံများကို ဘာသာရေး၏ဥပဒေများအဖြစ် မသတ်မှတ်ခဲ့ပေ။ ကံအားလျော်စွာ တမန်တော်မြတ်အနေနှင့် နိုင်ငံတော်၏အကြီးအကဲဥသျှောင်ဖြစ်ခဲ့ သောကြောင့် သူကိုယ်တိုင်က ဥပဒေသများကို ချမှတ်နိုင်ခဲ့ပေသည်။ သို့မဟုတ်ပါက ဘာသာရေးသည် လူသား များ၏ လောကီဘ၀တည်ဆောက်ရေးနှင့်မည်သို့မျှ သက်ဆိုင်မည်မဟုတ်။
မွတ်စလင်မ်နိုင်ငံတစ်ခုတွင်နေထိုင်သော လူပုဂ္ဂိုလ်တစ်ဦးအနေနှင့် အစ္စလာမ်ဘာသာဆိုင်ရာ ကျင့်ဝတ် သီလများကို လျစ်လျူရှုသည်ဆိုသည်မှာ ယုံကြည်ရန် အလွန်ခက်ခဲသော ကိစ္စတစ်ရပ်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်တွင် နဗီတမန်တော်များ၊ ရစူလ်တမန်တော်များ စေလွှတ်ရခြင်း၏ရည်ရွယ်ချက်များကို ဖော်ပြ မထား၍လား။ ကျမ်းမြတ်ကုရ်အာန်တွင် ရစူလ်တမန်တော်များ စေလွှတ်မှုနှင့် ပတ်သက်၍ အတိအလင်း ဖော်ပြထားသည်မှာ-
“ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မိမိ၏ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေလက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန် တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏  . . . . .´´ (ကုရ်အာန် ၅၇း၂၅)။
ထိုကြောင့် ကျမ်းမြတ်ကုရ်အာန်မှ ဖော်ပြနေသည်မှာ ရစူလ်တမန်တော်များစေလွှတ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူမှုရေးတရားမျှတမှုအတွက်ဖြစ်ကြောင်း ထင်ရှားပေသည်။ အသင်သည် ကုရ်အာန်၏သင်ကြားမှုအပေါ် မလိုက်နာလိုပါက မလိုက်နာဘဲနေနိုင်ပါသည်။ သို့သော် အဘယ်ကြောင့် အစ္စလာမ်နှင့်ကျမ်းမြတ်ကုရ်အာန်ကို ဆန့်ကျင် အသရေဖျက်သည့် အကုသိုလ်အမှုကို ကျူးလွန် နေရပါသနည်း။ ကျွန်ုပ်တို့၏ မကောင်းမှုကံကြမ္မာဆိုးများသည် ကျွန်ုပ်တို့၏အကျင့်သီလ ပျက်ယွင်းခြင်းနှင့် အထူးသဖြင့် ဘာသာတရား၏ဥပဒေများကို ၎င်းတို့၏ရင်းမြစ်အား လျှော့နည်းဆုံးပါးစေခြင်းနှင့် စွမ်းအား လျှော့နည်းလာခြင်းများကြောင့်သာ ဖြစ်သည်။
(၂၀)ရာစုနှစ်၏အလယ်ပိုင်းခန့်ကပင် ထွက်ပေါ်လာသည့်အသံတစ်ခုမှာ အစ္စလာမ်သည်ကောင်းသောဘာသာဖြစ်သည်။ ထို့ကြောင့် ၎င်းကို ၀တ်ပြုကိုးကွယ်သောနေရာများအတွင်း ဥပမာ(ဗလီဝတ်ကျောင်းတော်)၌ သာ ဘောင်ခတ်ကန့်သတ်ထားသင့်သည်။ လူ့ဘောင်အဖွဲ့အစည်းနှင့်တော့ မည်သို့မျှ သက်ဆိုင် ပတ်သက်စရာအကြောင်းမရှိဟူသော နှိုးဆော်သံများကြားလာခဲ့ရ ပါသည်။ ဤလှုံ့ဆော်ချက်သည် မွတ်စလင်မ်နိုင်ငံများ၏ နယ်စပ်များကို ဖြတ်ကျော်ပြီး မွတ်စလင်မ် ကမ္ဘာတစ်ခုလုံးတွင် ၀ါဒပျံ့ခဲ့သည်။
အထက်ပါ နှိုးဆော်သံ၏ရည်ရွယ်ချက်မှာ ပို၍ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာကြည့်ပါက ၎င်းနှိုးဆော်သံ၏ နောက်ကွယ်တွင် အစ္စလာမ်သည် ကွန်မြူနစ်ဝါဒ ပျံ့နှံ့လာမှုကို တောင့်ခံနိုင်ရန်ဟူသော သဘောတရားကို တွေ့ရသည်။ သို့သော်လည်း ထိုအယူအဆသည် အနောက်တိုင်း၏အကျိုးဖြစ်ထွန်းမှုနှင့်ဆန့်ကျင်ပါက ၎င်းင်းသည် ပျက်သုန်းရပေမည်။ အနောက်တိုင်းမှကြည့်သော် အစ္စလာမ်၏ဘာသာရေးဆိုင်ရာ ထုံးတမ်းဓလေ့များသည် မွတ်စလင်များရှိနေသ၍ ဆက်လက်ရှင်သန် တည်ရှိနေပြီး ကွန်မြူနစ်ဝါဒ၏ဘုရားမဲ့ဝါဒနှင့် ဆန့်ကျင်နေသော ကြောင့် အစ္စလာမ်သည် ကွန်မြူနစ်ဝါဒနှင့်ရောထွေးနိုင်မည် မဟုတ်ပေ။ သို့သော် အစ္စလာမ်၏ လူမှုဥပဒေများ သည် မွတ်စလင်မ်များအား ဘ၀တည်ဆောက်မှုဆိုင်ရာ ဒဿနများ ဖြည့်စွမ်းပေးနေမှုကြောင့် အစဉ်အမြဲရှင်သန်နေမည်ဖြစ်သည်။ ထိုလူမှုစည်းမျဉ်း ဥပဒေများက မွတ်စလင်ထုအား လွတ်လပ်မှုတစ်သားတည်း ရှိမှုများဖြစ်စေမှာ ဖြစ်သည်။ လောဘကြီးသော အနောက်တိုင်း၏အတွေးအခေါ်ဖြင့် ၀ါးမြိုမှုမှ ကင်းဝေးစေ  မည်ဖြစ်သည်။
အစ္စလာမ်သည် နေ့စဉ်ဘ၀တည်ဆောက်မှုနှင့် မပတ်သက်ကြောင်း ညွှန်းဆိုရေးသားထားသည့်ကျမ်းကို ထောက်ခံအားပေးသူများက အစ္စလာမ်၏ တိကျ၍အခြေခံကျသည့်အချက်များကို လျစ်လျူရှုထားကြသည်။ ပထမဦးဆုံးအနေဖြင့်တင်ပြရသော် လွန်ခဲ့သောနှစ်ပေါင်း (၁၄၀၀) ကျော်ကတည်းက ပေါ်ပေါက်ခဲ့သော အစ္စလာမ်ကို “ကျွန်ုပ်တို့သည် အစ္စလာမ်၏ သင်ကြားချက်၊ လမ်းညွှန်ချက်များထဲမှ တိကျသေချာသော သင်ကြားမှုများ ကိုသာ လိုက်နာလက်ခံပြီး အချို့ကိုမူ ပယ်ပါသည်´´ဟု ဆိုခြင်းဖြင့် အစ္စလာမ့် မူလသဘောတရား၏ တန်ဖိုးကိုလျော့ကျစေခဲ့သည်။ ထို့ပြင် အစ္စလာမ်၏စည်းမျဉ်း၊ စည်းကမ်းများသည် နဂိုအတိုင်းပြန်မဖြစ်နိုင်ကြောင်း ကိုလည်း ထုတ်ဖော်ကြေငြာခဲ့သည်။
ဒုတိယအနေဖြင့်တင်ပြလိုသည်မှာ ခေတ်ကာလပြောင်းလဲလာခဲ့ပြီးဖြစ်၍ နောင်တွင်လည်း ပြောင်းလဲ သည့်အချိန်များ ရောက်လာမည်ဖြစ်သောကြောင့် မွတ်စလင်မ်များအနေနှင့် အထက်ပါ လှုံ့ဆော်ချက်များ၏ လှည့်စားမှုကို မခံယူသင့်ပါ။ လူထု၏ ဆန်းစစ်ဝေဖန်တတ်သောအရည်အသွေးမှာ ယခုအခါ အနည်းနှင့်အများ နိုးထ တိုးတက်လာပြီဖြစ်သောကြောင့် မွတ်စလင်(မ်)လူထုမှာ တဖြည်းဖြည်းနှင့် တိုးတက်လာပြီဖြစ်သည်။ မွတ်စလင်(မ်)လူထုအနေနှင့် သိပ္ပံပညာနှင့် ဥာဏ်ပညာကြောင့်ရရှိလာသော တိုးတက်ဖွံ့ဖြိုးမှု အသီးအပွင့်များ၏  သရုပ်သဏ္ဍာန်နှင့် အနောက်တိုင်း၏အကျင့်ပျက်ခြစားမှု၊ ဖောက်ပြန်မှုများ၏ သရုပ်သဏ္ဍာန် ခွဲခြမ်းစိတ်ဖြာ နိုင်လာကြပြီဖြစ်သည်။
မွတ်စလင်(မ်)ကမ္ဘာရှိ လူထုအနေနှင့် ယခုအခါ အစ္စလာမ်၏ သွန်သင် ညွှန်ကြားချက်များ၏ တန်ဖိုးကို ပို၍ သတိပြုနားလည်လာကြသည့်အပြင် ထိုသွန်သင်ချက်များကို လိုက်နာခြင်းအားဖြင့် လွတ်လပ်သော ဘ၀တည်ဆောက်မှုကို ဦးဆောင်နိုင်ကြောင်းကိုလည်း သဘောပေါက်လာကြပေသည်။ ထို့ကြောင့် မွတ်စလင်မ် လူထုအနေနှင့် အစ္စလာမ့်သွန်သင်ချက်များကို မည်သည့်တန်ဖိုးနှင့်မျှ လဲလှယ်စွန့်လွှတ်ကြမည်မဟုတ်။ နိုးနိုးကြားကြားရှိသော မွတ်စလင်မ်များအနေနှင့် အစ္စလာမ့်ဥပဒေကို ဆန့်ကျင်၍ထွက်ပေါ်လာသော ၀ါဒဖြန့်မှုများအားလုံးသည် နယ်ချဲ့လက်သုံး လိမ်လည်လှည့်ဖျားမှုများသာဖြစ်ကြောင်းကို သတိပြုမိကြပေသည်။
တတိယအချက်အနေနှင့် တင်ပြလိုသည်မှာ ဤကျမ်းကိုထောက်ခံ အားပေးကြသူများအနေနှင့် သတိပြု သင့်သည့်အချက်မှာ အစ္စလာမ်ဘာသာသည် စွမ်းအားနှင့်ပြည့်စုံသောကြောင့် ဘုရားမဲ့ဝါဒ၊ ဘုရားရှိ မည်သည့်ဝါဒကိုမဆို ကြံ့ကြံ့ခံနိုင်သည်ဟူသောအချက်ဖြစ်သည်။ အစ္စလာမ်သည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ဘ၀တည်ဆောက်မှုလမ်းစဉ်အဖြစ် လွှမ်းမိုးလိုပေရကား ၀တ်ပြုတည်ဆောက်ရာ ဗလီဝတ်ကျောင်းတော်နှင့် အခြားခ၀ပ်ကိုးကွယ်ရာနေရာများအတွက်သာ နယ်နိမိတ်ကန့်သတ်ထားရန်မလိုပေ။ အကယ်၍ အစ္စလာမ်ကို ၀တ်ပြုကျောင်းထဲ၌သာ ဘောင်ကန့်ထားမည်ဆိုပါမူ အနောက်တိုင်း၏ အတွေးအခေါ် အယူအဆများကိုသာမက အနောက်တိုင်းဆန့်ကျင်ရေးအယူအဆနှင့် ၀ါဒသဘောတရားများအားလုံးကိုပါ ထုတ်ဖယ်လိုက်သလို ဖြစ်ပေ သည်။ အနောက်တိုင်းမှပေးနေသောဒုက္ခကို မွတ်စလင်မ်နိုင်ငံများ ဖိခံနေရခြင်းမှာကား အထက်ဖော်ပြပါ အခြင်းအရာများကို သတိမပြုမိကြသော ကြောင့်ဖြစ်ပေသည်။

အစ္စလာမ်နှင့် ခေတ်သစ်ဘ၀ (၂)
လူမှုရေးဘ၀ကိုသာ ဦးဆောင်သည့် သက်ရှိသတ္တ၀ါမှာ လူသားတစ်မျိုးတည်းသာမဟုတ်။ များစွာသော တိရစ္ဆာန်များ အထူးသဖြင့် အင်းဆက်များသည် အုပ်ဖွဲ့၍အသင်းအဖွဲ့နှင့်နေတတ်သော သက်ရှိများဖြစ်ကြသည်။ ၎င်းင်းတို့သည် အာရုံခံအင်္ဂါများဖြင့် ခံစားနားလည်တတ်ကြသည်။ ၎င်းင်းတို့သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်အားခွဲဝေခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ အမိန့်ပေးခြင်း၊ အမိန့်နာခံခြင်းတို့ကို ဆောင်ရွက်နိုင်ပေသည်။ ပျားများ၊ အချို့သောပုရွတ်ဆိတ်မျိုးစိတ်များနှင့် ခြမျိုးစိတ်များသည် ဤသို့ ထိပ်တန်းကျသောစနစ်ကို လိုက်နာနိုင်ကြသည်။ မိမိကိုယ်ကို ဖန်ဆင်းခြင်း၏ အိမ်ရှေ့မင်းသားအဖြစ်ခံယူထားသော လူသားများအနေနှင့် ၎င်းင်းသက်ရှိ များကဲ့သို့ အဆင့်မြင့်သောစနစ်မျိုးကို ရယူကျင့်သုံးနိုင်ရန်မှာ နှစ်ပေါင်းများစွာ၊ ရာစုနှစ်များနှင့်ပင်ချီ၍ အချိန်ယူကြိုးစားခဲ့ရသည်။
သတ္တ၀ါများ၏ယဉ်ကျေးမှုတွင် လူသားများ၏ယဉ်ကျေးမှုနှင့် ဆန့်ကျင် လျက် သစ်တောများအတွင်း နေထိုင်သောခေတ်၊ ကျောက်ခေတ်၊ အနုမြူခေတ် စသည်တို့ကို ဖြတ်ကျော်ခဲ့ခြင်းမရှိပေ။ သတ္တ၀ါများ၏ ယဉ်ကျေးပြောင်းလဲမှုများမှာ သမိုင်းအစနှင့် ယခုခေတ် မည်သို့မျှခြားနားခြင်းမရှိဘဲ တူညီသောယဉ်ကျေးမှု စနစ်သာဖြစ်သည်ကို တွေ့ရ၏။ လူသားသည် ၎င်းင်း၏ဘ၀ကို ခက်ထရော်မှု၊ အားအင်ချည့်နဲ့မှုနှင့် စတင်ခဲ့သည်။ ဤသည်ကို ကျမ်းမြတ်ကုရ်အာန်၊ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၂၈) တွင် အောက်ပါအတိုင်းဖော်ပြထားသည်။
“စင်စစ်တမူကား လူသားတို့သည် အားအင်ချည့်နဲ့သူများအဖြစ် ဖန်ဆင်းခြင်း ခံခဲ့ကြရလေသည်။´´(ကုရ်အာန်၊ ၄း ၂၈)
လူသားသည် ဤသို့ချည့်နဲ့ရာမှနေပြီး ဆုံးစမဲ့ ဖွံ့ဖြိုးတိုးတက်မှုများသို့ဦးတည်၍ မရပ်မနား ချီတက် လှမ်းလင့်နေကြပေသည်။ သတ္တ၀ါများအတွက် ဘ၀ရပ်တည်ရေးလိုအပ်ချက်များသည် မပြောင်းလဲဘဲ အမြဲတစေ တူညီနေ ပေသည်။ ၎င်းင်းတို့အတွက် ခေတ်မီခြင်းနှင့် ဖက်ရှင်အသစ်များသည် မည်သည့်အဓိပ္ပါယ်မှမဆောင်။ ၎င်းင်းတို့ အတွက် ရှေးခေတ်ကမ္ဘာ၊ ခေတ်သစ်ကမ္ဘာဟူ၍ မရှိပါ။ ထို့အတွက်ကြောင့် သိပ္ပံပညာနှင့်ပတ်သက်စရာ မရှိသလို၊ နေ့စဉ်နှင့်အမျှ ရှာဖွေမှုအသစ်များကိုလည်း ပြုလုပ်စရာမလိုပေ။ အပေါ့စားနှင့် အလေးစား စက်မှုလုပ်ငန်းများမှ နောက်ဆုံးထုတ်ကုန်ပစ္စည်းများ ၎င်းင်းတို့၏ဈေးကွက်သို့ ရောက်လာစရာလည်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းင်းတို့သည် ဗီဇအားဖြင့်သာ သက်ရှင်နေပြီး ကျိုးကြောင်းဆင်ခြင်တတ်သောအသိဥာဏ်ဖြင့် သက်ရှင်နေမှု မရှိသောကြောင့်ဖြစ်သည်။
သို့သော် လူသား၏လူမှုဘ၀ အခြေအနေများမှာကား အမြဲတမ်း ပြောင်းလဲစရာလိုနေသော အကြောင်းအရာများသာ ဖြစ်နေသည်။ ရာစုနှစ်တိုင်းတွင် ကမ္ဘာကြီးသည် ပြောင်းလဲနေ၏။ ဤ ပြောင်းလဲမှုများတွင် ခေတ်ကာလတိုင်းအတွက် ပြိုင်ဘက်ကင်းအောင်တော်သူအဖြစ် ရပ်တည်နိုင်စေသည့် လူသား၏ လျှို့ဝှက်ချက်ရှိသည်။ လူသားသည် သဘာဝတရား၏ ရင့်ကျက်၍ <ကယ်ဝသော ကလေးငယ် ဖြစ်သည်။ လူသားသည် ဗီဇခေါ်လျှို့ဝှက်ဆန်းကြယ်လှသော တွန်းအား၏ တိုက်ရိုက်လမ်းညွှန်မှုကို မလိုအပ်သောအဆင့်သို့ရောက်ရှိခဲ့သည်။
သဘာဝတရားက လူသားအားရင့်ကျက်သည်ဟု အသိအမှတ်ပြုထားသကဲ့သို့ ဤသည်ပင်လျှင် ၎င်းင်းအား လွတ်လပ်စွာ ရွေးချယ်ခွင့်ရရှိစေသော အကြောင်းအရင်းဖြစ်သည်။ သတ္တ၀ါများက ၎င်းင်းတို့၏ ဗီဇအရ သဘာဝဥပဒေသများကို မချိုးဖောက်ဘဲ လိုက်နာနေရသည်ဟုဆိုလျှင် လူသားများအနေနှင့်လည်း အသိÓာဏ်ပညာနှင့် အမြဲရှင်သန်နေသောဥပဒေများကို လိုက်နာသင့်ပေသည်။ လူသားသည် သူ၏ဘ၀ကြမ္မာကို (အတိုင်းအတာတစ်ခုအထိ) သူ့ဘာသာ သူဖန်တီးနိုင်သောသခင် ဖြစ်သော်လည်း တိုးတက်မှုလမ်းကြောင်းမှ အမြဲတစေ သွေဖည်နိုင်သည့်အပြင် တိုးတက်မှုလမ်းကြောင်း အတွင်း၌ပင် သူ၏ချွတ်ချော်မှု၊ ဆုတ်ဆိုင်းမှု၊ သတိလစ်ဟင်းမှု၊ ကျဆုံးမှုများဖြစ်စေသောလျှို့ဝှက်ချက် သည်လည်း ရှိနေပေသည်။ လူသားအတွက် ဖွံ့ဖြိုးမှု၊ တိုးတက်မှုလမ်းကြောင်းများ ပွင့်နေသကဲ့သို့ပင် စာရိတ္တပျက်စီးခြင်း၊ ဖောက်ပြန်ခြင်းနှင့် မအောင်မြင်ခြင်း၊ ကျရှုံးခြင်းများသည်လည်း ပိတ်မနေပါ။
ဤသို့ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ရောက်ရှိနေသောကြောင့် လူသား၏အရည်အချင်းနှင့် ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်တွင် အောက်ပါအတိုင်း ဖော်ပြထားပေသည်။ လူသားများသည် ကောင်းကင်များ၊ ကမ္ဘာမြေကြီးနှင့် တောင်များက မထမ်းဆောင်နိုင်သောတာဝန်ကို ပခုံးထမ်းတာဝန်ယူနိုင်သော၊ “အမာနသ်´´ ယုံကြည်လွှဲအပ်ခြင်းခံရသောသူများသာ ဖြစ်သည်။ တစ်နည်းဆိုသော် လူသားသည် လွတ်လပ်သော  ဘ၀တည်ဆောက်မှုလမ်းစဉ်ကို ဦးဆောင်နိုင်သကဲ့သို့ တရားဝင် ဥပဒေသများကို လက်ခံနိုင်သော၊  သက်မွေးဝမ်းကြောင်းမှုဆိုင်ရာနှင့် အခြားသောတာဝန်များကိုလည်း ထမ်းဆောင်နိုင်သော၊ အရည် အသွေးရှိသူများဖြစ်သည်။ ဤသည်မှာ လူသားအနေနှင့် အမှားကျူးလွန်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မသိနားမလည်ခြင်း၊ တရားမမျှတခြင်းစသည့် သဘောတရားများနှင့် ခံနိုင်ရည်မရှိသော အကြောင်းအရင်း ဖြစ်သည်။
ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင် လူသား၏အံ့သြဖွယ်စွမ်းရည်များကို ရည်ညွှန်းပြသကဲ့သို့ လူသားအား “မတရားသောသူ၊ ပညာမဲ့သောသူ´´ ဟူ၍လည်း ဖော်ပြထားခြင်းဖြစ်သည်။ ဆင့်ကဲ့ပြောင်းလဲဖြစ်ပေါ်ခြင်းနှင့် သွေဖည်ခြင်းဟူသော လူသား၏ စွမ်းရည်နှစ်ရပ်သည် တစ်ခုနှင့်တစ်ခု ခွဲခြား၍မရနိုင်ပေ။ သတ္တ၀ါ၏လူမှုရေးဘ၀မှာ ရှေ့သို့တိုးတက်မှုမရှိသကဲ့သို့ နောက်ဆုတ်ခြင်းလည်း မရှိပေ။ ထို့အတူ ညာဘက်သို့ မချိုးသလို ဘယ်ဘက်သို့လည်း မကွေ့တတ်သောသဘောလည်းရှိ၏။ လူသားမှာကား သတ္တ၀ါများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူသား၏ဘ၀တွင်ကား တစ်ခါတစ်ရံရှေ့သို့ဦးတည်၍ တိုးတက်မှုရှိ သကဲ့သို့ နောက်သို့ ပြန်ဆုတ်သည့်အခါလည်း ရှိတတ်သည်။ လူ့လောကတွင် တိုးတက်မှုနှင့်ဆင့်ကဲ ပြောင်းလဲမှုများရှိသောကြောင့်လည်း အကျင့်ပျက်ခြစားမှုများနှင့် ဖောက်ပြန်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ တရားမျှတမှုနှင့် သစ္စာတရားရှိနေသောကြောင့် မတရားမှု၊ ကျူးကျော်ရန်စမှုများ လည်း ရှိနိုင်ပေသည်။ အသိပညာနှင့် အမြော်အမြင်ရှိခြင်း၏သရုပ်သဏ္ဍာန်ရှိသကဲ့သို့ မသိနားမလည်ခြင်းနှင့် အခြေခံဆန္ဒများအပေါ် အလေးပေးခြင်း၏ သရုပ်သဏ္ဍာန်များလည်းရှိပေသည်။ ပြောင်းလဲမှုများ နေရာယူလာသည်နှင့်အမျှ အကြောင်းချင်းရာ အသစ်အသစ်များ အစားထိုးနေရာယူလာပြီး အမျိုးအစားအသစ်များ ပေါ်ပေါက်လာပေမည်။

တစ်ယူသန်ခြင်းနှင့် မသိနားမလည်ခြင်း
လူသား၏စရိုက်လက္ခဏာတစ်မျိုးမှာ တစ်ခါတစ်ရံတွင် လိုသည်ထက်ပို လုပ်တတ်ခြင်းနှင့် တစ်ခါတစ်ရံ တွင် လိုသလောက်မလုပ်တတ်ခြင်းပင် ဖြစ်သည်။ အကယ်၍ လူသားအနေနှင့် အလယ်အလတ်လမ်းစဉ်ကို ပြုကျင့်ပါက ၎င်းအနေနှင့် မှန်ကန်သောပြောင်းလဲမှု အမျိုးအစားနှင့် မှားယွင်းသောပြောင်းလဲမှု အမျိုးအစား ကို ခွဲခြမ်းစိတ်ဖြာနိုင်သော အရည်အသွေးရရှိလာပေမည်။ ၎င်းင်းအနေနှင့် သူ့ကိုယ်ပိုင်အသိပညာနှင့် ဖန်တီးမှုစွမ်းအားဖြင့် ရှေ့သို့တက်လှမ်းနိုင်ရန် ကြိုးစားနိုင်စွမ်းရှိသကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု၏သရုပ်သဏ္ဍာန်ကို နားလည်နိုင်ပြီး သူ့ကိုယ်သူလည်း ခွဲခြားသိမြင်နိုင်စွမ်းလည်းရှိပေသည်။ သို့မှသာ ဖောက်ပြန်မှုကို ထိန်းချုပ်နိုင်ပြီး သူကိုယ်တိုင်လည်း မဖောက်ပြန်တတ်သောသူဖြစ်အောင် ပြုမူကျင့်ကြံနိုင်မည်ဖြစ်သည်။
ဝမ်းနည်းဖွယ်ရာအချက်မှာ လူသားသည် အထက်ဖော်ပြပါနည်းလမ်းကို အမြဲတစေကျင့်သုံးနိုင်မှု မရှိခြင်းပင် ဖြစ်သည်။ သူ့အား အလွန်အန္တရာယ်ကြီးမားလှသော တစ်ယူသန်ခြင်းနှင့် မသိနားမလည်ခြင်းဟူသည့် ရောဂါဆိုးကြီးနှစ်ခု၏ ဖိစီးနှိပ်စက်မှုခံရခြင်းကြောင့်ပင် ဖြစ်သည်။ တစ်ယူသန်ခြင်းကြောင့် တိုးတက်မှုကို ဆိတ်သုဉ်း စေ၍ ဖွံ့ဖြိုးမှုမှ ကင်းဝေးစေပြီး ဒုတိယရောဂါဆိုးဖြစ်သည့် မသိနားမလည်ခြင်းကြောင့် ဖောက်ပြန်ခြင်း၊ ပျက်စီးခြင်းကို ဖြစ်စေသည်။ တစ်ယူသန်မှုသည် အသစ်အဆန်းတိုင်းကိုမကြိုက်၊ ငြင်းပယ်တတ်သော သဘောရှိခြင်းကြောင့် အဟောင်းမှလွဲ၍ မည်သည့်အရာကိုမျှ စေ့စပ်ညှိနှိုင်း လက်ခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ အခြားတစ်ဖက်တွင်မူ မသိနားမလည်ခြင်းကြောင့် အသစ်အဆန်းဟူသမျှကို ခေတ်မီသည်၊ တိုးတက်သည်ဟုယူဆပြီး အချိန်ကာလ ၏လိုအပ်ချက်ဟုလည်း ခံယူခြင်းပင်ဖြစ်သည်။ တစ်ယူသန်သူအတွက် တိုးတက်မှုဟူဟူသမျှအကျင့်ပျက်ခြစားခြင်း၊ ဖောက်ပြန်ခြင်းဟုယူဆနေပြီး မသိနားမလည်သူအတွက်မူ ဖွံ့ဖြိုးတိုးတက်မှုဟူသမျှကို ခွဲခြားစီစစ်မှုမရှိဘဲ အသိပညာတိုးတက်ခြင်း၊ ယဉ်ကျေးမှုကြီးထွားခြင်းဟု ခံယူခြင်းဖြစ်သည်။
တစ်ယူသန်ခြင်းသည် အနှစ်သာရနှင့် အပေါ်ယံလွှာကိုခွဲခြားခြင်း မပြုနိုင်သလိုနည်းလမ်းနှင့် နိဂုံး ရလဒ်ကိုလည်း ခွဲခြားနိုင်မှုမရှိ။ တစ်ယူသန်အယူအဆကို ဆွဲကိုင်ထားသူအတွက် ဘာသာရေးဟူသည် ခေတ်မမီ၊ အသုံးမ၀င်တော့သော ရှေးကအယူအဆများကို မပျောက်ပျက်အောင် ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်ဟု ယူဆထားသည်။ သူ့အနေနှင့် ကျမ်းမြတ်ကုရ်အာန်သည် အချိန်တိုင်းအတွက် တစ်သမတ်တည်း ကျင့်သုံးနိုင် အောင် ချပေးခြင်းဖြစ်၍ ကမ္ဘာအခြေအနေအရပ်ရပ်တွင် အချိန်အခါမရွေး တစ်သမတ်တည်းစွဲမြဲအောင် ပြုလုပ်ရမည်ဟု လက်ခံယုံကြည်နေခြင်း ဖြစ်သည်။
အထက်ပါရှုထောင့်မှ ကြည့်မည်ဆိုလျှင် ခေတ်မမီသောရှေးဟောင်း ဓလေ့ထုံးစံများဖြစ်သည့် “ကျမ်းမြတ်ကုရ်အာန်ကို အဆုံးပိုင်းမှစတင်၍ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊ ကျူရိုးကလောင်တံဖြင့်စာရေးခြင်း၊ ကတ်ထူဖြင့် ပြုလုပ်ထား သော မင်တောင့်ကိုအသုံးပြုခြင်း၊ ချွေးပေါင်းအိမ် (ဇဂုံး)များကို ဆေးကြောခြင်း၊ လက်ဖြင့် အစားအစာများ စားသောက်ခြင်း၊ ဆီမီးအိမ်ထွန်းခြင်း၊ စာမတတ်အောင်နေခြင်း´´စသည်တို့သည် ထိန်းသိမ်း ထားသင့်သောဘာသာရေးဓလေ့ထုံးစံများဖြစ်ပေမည်။ ဆန့်ကျင်ဘက်အားဖြင့်ဆိုသော် “မှားယွင်းသောသတင်းများကို ရရှိထားသူ၊ မသိနားမလည်သူများအနေနှင့် အနောက်ကမ္ဘာ၏အပြောင်းအလဲများပေါ်တွင် မျက်ခြေမပြတ်၊ အာရုံစိုက်ထားပြီး ပေါ်လာသမျှသော ဖက်ရှင်အသစ်၊ ဓလေ့ထုံးစံအသစ်များကို လိုက်အတုခိုးနေမည်ဖြစ်သည်။´´
ဟောင်းနွမ်းသောဓလေ့ထုံးစံများနှင့် ရှေးကျသောအသုံးအနှုန်းများကို ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်း စဉ်လာများဖြစ်သည်ဟုယူဆပြီး တစ်ယူသန်သမားများက အားလုံးသောဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက် ထိန်းသိမ်းလိုကြပြီး တစ်ချိန်တည်းမှာ သတင်းမှားများရရှိထားသူ၊ မသိနားမလည်သူများကမူ ဘာသာရေးဟူသည် တိုးတက်မှုဆိတ်သုဉ်းစေသော ဖင့်နှေးစေသောအကြောင်းတရားသာဖြစ်သည်ဟု ယူဆနေကြခြင်းပင်ဖြစ်သည်။
လွန်ခဲ့သောရာစုနှစ်အနည်းငယ်အတွင်း ဘာသာရေးနှင့် သိပ္ပံပညာဆိုင်ရာ `၀ိရောဓိ´နှင့်ပတ်သက်၍ အနောက်တိုင်းသားများအကြားတွင် အချေအတင် စကားစစ်ထိုးပွဲများ များစွာဖြစ်ပေါ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ၀ိရောဓိသည် တိုးတက်ဖွံ့ဖြိုးမှုနှစ်ခုအသွင်ဖြင့် ပေါ်ထွန်းခဲ့သည်။ ပထမတိုးတက်မှုမှာ ခရစ်ယာန်ကျောင်းတော်က အချို့သော ရှေးကျ၍ဒဿနဆန်သော သိပ္ပံဆိုင်ရာ သိနားလည်မှုများကို ဘာသာရေးယုံကြည်ချက်များအဖြစ် လက်ခံခြင်းဖြစ်ပြီး တစ်ဖက်တွင် သိပ္ပံပညာက ၎င်းင်းတို့၏ယုံကြည်မှုများ မှားယွင်းမှုကို သက်သေပြခဲ့ခြင်းဖြစ်သည်။ ဒုတိယတိုးတက်မှုမှာကား သိပ္ပံပညာသည် လူ့ဘ၀၏ပုံသဏ္ဍာန်နှင့် အခြေအနေများကို ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။
တစ်ယူသန်သော တရားသေ၀ါဒသမားများက (ဘာသာရေးကိုင်းရှိုင်း သယောင်ရှိသော်လည်း) ရုပ်ပိုင်း ဆိုင်ရာအခြေအနေ၏ ပြင်ပအသွင်အပြင်ကို ဘာသာရေး၏အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်လိုကြသောကြောင့် အချို့သော ဒဿနဆိုင်ရာပြဿနာများကို မလိုအပ်ဘဲ ဘာသာရေးအရောင်ဆိုးလာခဲ့ကြသည်။
မသိနားမလည်ကြသူများ (သတင်းမှားများကိုရရှိထားကြသူများ) မှာကား`ဘာသာရေးသည် ရုပ်ပိုင်း ဘ၀၏တိကျသောအသွင်သဏ္ဍာန်တစ်ခုသာဖြစ်ပြီး သိပ္ပံပညာက ဤအသွင်သဏ္ဍာန်ပြောင်းလဲရန် အမိန့်ချမှတ်ပေးသဖြင့် ဘာသာရေးကို ဖျက်သိမ်းပစ်သင့်သည်´´ ဟူသောယူဆချက်နှင့်ဘ၀ကို ရှင်သန်လိုကြသည်။ အုပ်စုတစ်ခု၏ `တစ်ယူသန်မှု (၀ါ) တရားသေစွဲမှု´ အခြားအုပ်စုတစ်ခု၏ `ဂရုမမူလျစ်လျူရှုမှုများ´က သိပ္ပံပညာနှင့် ဘာသာရေးနယ်ပယ်နှစ်ခု၏အကြား စိတ်ကူးယဉ်တီထွင်ဖန်တီးထားသောဝိရောဓိများကို ယူဆောင် လာပါသည်။

ကျမ်းမြတ်ကုရ်အာန်၏ စာရိတ္တဆိုင်ရာသွန်သင်ချက်များ
အစ္စလာမ်ဘာသာသည် တိုးတက်သောဘာသာဖြစ်သကဲ့သို့ ၎င်းင်း၏နောက်လိုက် အစ္စလာမ်ဘာသာဝင် များအားလည်း တိုးတက်စေလိုပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် စာရိတ္တဆိုင်ရာသင်ခန်းစာများကို မွတ်စလင်မ် အများ အစ္စလာမ့်အလင်းရောင်အောက်တွင် ရှေ့သို့အမြဲချီတက်စေရန် တိုက်တွန်းအားပေးသည်။ ကုရ်အာန်တွင် တမန်တော်မြတ်မုဟမ္မဒ်(صلي الله عليه و سلم)၏နောက်လိုက် အွမ်မသ်သားများတစ်ဦးချင်းသည် မြေဆီလွှာအတွင်း မြှုပ်နှံပျိုးလိုက်  သော သစ်စေ့တစ်စေ့နှင့်တူသည်ဟု ဥပမာဆောင်တင်ပြထားသည်။ ပထမဆုံးအနေနှင့် ၎င်းသစ်စေ့သည် နုနယ်သော ရွက်စေ့အဖြစ်ပေါ်ထွက်လာပြီး တဖြည်းဖြည်းကြီးထွားလာသောအခါ ညှာတံ၊ အရိုးတံအဖြစ် ပေါ်ထွက်လာပုံကို တင်ပြထားပေသည်။ ၎င်းင်းသစ်စေ့သည် အလွန်လျှင်မြန်စွာ ကြီးထွားလာခြင်းကြောင့် လယ်သမားတောင်သူဦးကြီးများအား ကြီးမားသောအံ့သြမှုကို ပေးဆောင်နိုင်ပေသည်။
ဤသည်မှာ ကျမ်းမြတ်ကုရ်အာန်က လိုလားဖော်ဆောင်စေလိုသော နှိုင်းယှဉ်ဆင်ခြင်ခြင်း သဘောတရား ပင် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏လိုလားချက်မှာ ကြီးထွားတိုးတက်မှုပင်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်က ချမှတ်ပေးလိုသော လူ့အဖွဲ့အစည်းမှာ အမြဲတစေကြီးထွားနေသော၊ တိုးတက်ဖွံ့ဖြိုးနေသော၊ အမြဲတစေ တိုးချဲ့နေသောလူ့အဖွဲ့အစည်းမျိုးပင် ဖြစ်သည်။
ဝေးလ်ဒူရန့်က ထောက်ပြသည်မှာ `အစ္စလာမ်မှလွဲ၍ အခြားသော မည်သည့်ဘာသာတရားမျှ ၎င်းတို့၏ ဘာသာဝင်များအား စွမ်းအား မပေးနိုင်။ အစ္စလာမ့်ခေတ်ဦးသမိုင်းကြောင်းက ဖော်ပြနေသည်မှာ အစ္စလာမ်သည် လူ့အဖွဲ့အစည်းကို ပြန်လည်တည်ထောင်ရန်နှင့် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရန်အလို့ငှာ မည်မျှစွမ်းအားများနှင့် ပြည့်စုံကြောင်း တွန်းအားပေးနိုင်ကြောင်း´´ ဖော်ပြသည်။
အစ္စလာမ်သည် `တစ်ယူသန်မှုနှင့် လျစ်လျူရှုမှု´ နှစ်ခုစလုံးကို ဆန့်ကျင်ပေသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းအစွန်းတရားနှစ်မျိုးစလုံးမှာ အန္တရာယ်ကြီးမားလှသောကြောင့် ဖြစ်သည်။ တစ်ယူသန်သမား များ၏ အသိဥာဏ်တုံးခြင်းနှင့် ဓလေ့ထုံးစံဟောင်းများအပေါ်တွင် အတင်းဖက်တွယ်ထားမှုကြောင့် တရားသေ၀ါဒသမားများသည် အစ္စလာမ်နှင့်သက်ဆိုင်မှုမရှိပေ။ ဤတရားသေ၀ါဒီများကပင် မသိနားမလည်ကြကုန်သူများအား အစ္စလာမ်သည် ခေတ်မီခြင်းနှင့် ဆန့်ကျင်သည်ဟူသော အယူအဆကြီး ရရှိလာအောင် မူမမှန်သောအကြောင်းပြချက်များကို သတ်မှတ်ပေးသည်။ အခြားတစ်ဖက်တွင်မူ မသိ နားမလည်ဘဲ အနောက်တိုင်း၏ အသစ်တီထွင်မှုများနှင့်နည်းလမ်းများကို အားပေးနေကြသောသူများ အနေနှင့် အရှေ့တိုင်းသားများ၏ ပြည့်စုံကြွယ်ဝချမ်းသာမှုများသည် အနောက်တိုင်းဆန်ခြင်းပေါ်၌ မှီတည်နေသည်ဟုယုံကြည်ခြင်း၊ အနောက်တိုင်းသားများ၏အလေ့စရိုက်များကို ရုပ်ပိုင်းအရလည်းကောင်း၊ နာမ်ပိုင်းအရလည်းကောင်း လက်ခံကျင့်သုံးခြင်း၊ အနောက်တိုင်းသားများ၏ အပြုအမူများနှင့် ရှေးရိုး အစဉ်အလာများကို မျက်စိမှိတ်ကျင့်သုံးခြင်း၊ ၎င်းင်းတို့၏တရားမမှုနှင့် လူမှုရေးဆိုင်ရာဥပဒေများကို အနောက်တိုင်း၏ ဥပဒေများနှင့် အတင်းညှိယူပြောင်းလဲပစ်ခြင်းများ ပြုလုပ်လာကြသည်။ ဤသို့ ပြုမူကျင့်သုံးမှုများက တရားသေ၀ါဒီသမားများအား အသစ်အဆန်းတိုင်းကို သံသယမျက်စေ့ဖြင့် ကြည့် တတ်လာအောင် သစ်ဆန်းမှုများကပင် ဘာသာရေးကို ခြိမ်းခြောက်သည်ဟု ထင်မြင်လာအောင် လှုံ့ဆော် ပေးသကဲ့သို့ ၎င်းင်းတို့တစ်ဦးချင်း၏ လွတ်လပ်မှု၊ တဖန် ၎င်းင်းတို့၏ လူ့အဖွဲ့အစည်းအတွင်း လူမှုရေးဆိုင်ရာ အရည်အသွေးများက အစ္စလာမ်ကို တရားသေ၀ါဒအသွင်ဖြင့် ကျင့်သုံးလာအောင် အားပေးသကဲ့သို့ ဖြစ်သည်။
ဤသို့တရားသေ၀ါဒီများနှင့် မသိနားမလည်၍ ခေတ်နောက်လိုက်ကြသောသူများက မိမိတို့မှန်သည် ထင်၍ ပြုမှုနေချိန်တွင် အစ္စလာမ်အနေနှင့် အုပ်စုနှစ်ခုစလုံးအတွက် ပင်နယ်လ်တီ (ကန့်သတ်မှုဘောင်) သတ်မှတ်ပေးရန် လိုအပ်ပေသည်။ တရားသေ၀ါဒီများ၏ တင်းမာမှုများက မသိနားမလည်ကြသောသူများအတွက် ဘာသာရေးလောက တစ်ခုလုံးကို ဗြောင်းဆန်သွားအောင် ကဗြောင်းကဗြန်ဖြစ်စေသော အကြောင်းတရားဖြစ်စေသည်။ ထို နားမလည်ကြကုန်သောသူများ၏ ဘာသာရေးအပေါ်တွင် အလေးမထားလျစ်လျူရှုမှုများဖြစ်စေသကဲ့သို့ တရားသေ၀ါဒီများအတွက်လည်း ၎င်းင်းတို့၏ယုံကြည်မှုတွင် ပို၍တင်းကျပ်မှု၊ ဇွတ်တရွတ်နိုင်မှုဖြစ်စေသည်။ အံ့သြစရာကောင်းသောအချက်မှာကား ယဉ်ကျေးပါသည်ဟုဆိုသော၊ အမှန်စင်စစ်တွင် ဂရုမမူ လျစ်လျူရှုတတ်သောလူများအတွက် အချိန်ကာလဟူသည် အမှားယွင်းကင်းသော ကျိန်းသေပေါက်ဖြစ်သောအရာဟု ယုံကြည်နေကြခြင်းပင်ဖြစ်သည်။ အမှန်မှာအားလုံးသော ပြောင်းလဲမှုများကိုလူသားက ယူဆောင် လာခြင်းဖြစ်ပြီး လူသားဟူသည် အချိန်တိုင်းတွင် မမှားယွင်းနိုင်သော၊ အမှားကင်းသောသဘောမရှိပါ။ ထို့ကြောင့် ခေတ်ကာလ၏အပြောင်းအလဲဟူသည် အမှားအယွင်းမှကင်းသည်ဟူသောယူဆချက်မှာ အဘယ်မှာလျှင် မှန်ကန်နိုင်အံ့နည်း။
လူသားတွင် “သိပ္ပံနည်းကျဆန်းစစ်တတ်သော၊ အလှရသခံစားတတ်သော၊ သိက္ခာစောင့်ထိန်းတတ်သော၊ ဘာသာရေးကိုင်းရှိုင်းတတ်သော အထုံဝါသနာရှိသကဲ့သို့ လူသားသဘာဝအကျိုး ဖြစ်ထွန်းစေမည့်အရာများကို အမြဲတစေရှာဖွေလိုသောသဘော´´လည်း ရှိသည်။ ဤသို့`အကောင်းဘက်သို့ ကိုင်းညွတ်တတ်သောသဘောတရား´ ရှိသကဲ့သို့ `အဖျက်သဘော ကိုင်းညွတ်လိုမှုများရှိသည်´မှာလည်း အသေအချာဖြစ်သည်။ လူသား၌ `တစ်ကိုယ် ကောင်းဆန်တတ်သော၊ အာဏာမက်သော၊ အပျော်အပါးမက်တတ်သော သဘာဝလည်းရှိပေသည်။ သူသည် ငွေမက်သကဲ့သို့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကိုလည်း နှစ်သက်တတ်ပေသည်။ လူသားသည် ရှာဖွေမှုအသစ်များ ပြုလုပ်နိုင်သကဲ့သို့ အခြေအနေ၊ အကြောင်းအရာကိစ္စများအား ပိုမိုကောင်းသောနည်းလမ်းဖြင့် ပြုပြင် ဖန်တီးတတ်သောသဘော´လည်းရှိသည်။ တဖန် `အမှားပြုလုပ်မိပါက အမှားဝန်ခံတတ်သောသဘာဝ´လည်း ရှိပေသည်။ သို့သော် လမ်းညွှန်မှုမခံရသော၊ မသိနားမလည်သူများအနေနှင့် ဤသဘောတရားများကို နားလည် နိုင်စွမ်း မရှိပေ။ ၎င်းတို့အနေဖြင့် ခေတ်သစ်ဆိုတာ ဒီလိုပဲ၊ ဟိုလိုပဲဟူသော အကြောင်းအရာများကိုသာ ထပ်တလဲလဲ ပြောနေတတ်ကြပေသည်။
ပို၍စိတ်ဝင်စားစရာကောင်းသောအချက်မှာ ထိုမသိနားမလည်ကြသောသူများက ၎င်းတို့၏ဘ၀ တည်ဆောက်မှုဆိုင်ရာ အခြေခံသဘောတရားများကို ရှူးဘိနပ်၊ ကက်(ပ်)ဦးထုပ်၊ ၀တ်စုံများနှင့် နှိုင်းယှဉ် ကြည့်တတ်ကြခြင်းပင်ဖြစ်သည်။ ဤကဲ့သို့သော လူ့အသုံးအဆောင်ပစ္စည်းများကို အသစ်အဆန်းကို ရှာဖွေ တတ်ကြသကဲ့သို့ ဟောင်းနွမ်းစုတ်ပြတ်သွားသောအခါမျိုးတွင်လည်း လွှင့်ပစ်တတ်ကြသည်မှာ ၎င်းင်းတို့အတွက် အားလုံးနှင့်ဆိုင်သော အမှန်တရားတစ်ခုလိုဖြစ်နေပေသည်။ ထိုကဲ့သို့သော သတင်းမှားများ ရရှိထားသည့် မသိ နားမလည်ကြသူများအတွက်မှာကား “ကောင်းခြင်း၊ ဆိုးခြင်း´´ဟူသောသဘောက “သစ်ခြင်း၊ ဟောင်းနွမ်းခြင်း´´ လောက်ပို၍အဓိပ္ပါယ်မရှိပေ။ ပဒေသရာဇ်စနစ်သည် ခေတ်မမီတော့ခြင်းကြောင့်၊ ဟောင်းနွမ်းလာသော ဖက်ရှင်ဖြစ်ခြင်းကြောင့်သာ ဆိုးဝါးသွားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းင်းဝါဒကို ကမ္ဘာပေါ်တွင် စတင် မိတ်ဆက်စကာလတွင်မူ အတော်အတန် ကောင်းမွန်သောဝါဒဖြစ်ခဲ့သည်။
အလားတူအမျိုးသမီးများအား ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းသည် ခေတ်သစ်က မကြိုက်နှစ်သက် သောကြောင့်သာ ဆိုးဝါးလာခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤအမျိုးသမီးအခွင့်အရေး တောင်းဆိုသူများ သည်ပင်လျှင် အမျိုးသမီးများအား အမွေဆက်ခံခွင့်ပေးကြမည် မဟုတ်ပေ။ ၎င်းတို့သည် သူမတို့၏ ပိုင်ဆိုင်မှု အခွင့်အရေးများကိုသာမက သူမတို့၏ဆန္ဒ၊ အမြင်၊ သဘောထား များကိုလည်း လျစ်လျူရှုကြမည်သာဖြစ်သည်။
ထိုပုဂ္ဂိုလ်များ၏အယူအဆအရ လက်ရှိခေတ်သည် (အာကသခေတ်) ဖြစ်သည့်အလျောက် လားစီးရန် မဖြစ်သင့်တော့ဘဲ လေယာဉ်ပျံကိုစီးရမည်။ ရေနံဆီနှင့်ထွန်းသည့် မီးအိမ်ကိုထား၍ လျှပ်စစ်စွမ်းအားကိုသုံးရမည်။ လက်ဖြင့် လှည့်သောလွန်း၊ လက်ဖြင့်ရေးခြင်းတို့အစား အလွန်ကြီးမားလှသော ပုံနှိပ်စက်ကြီးများ မသုံးလျှင် မဖြစ်တော့။ ထို့ပြင် သူတို့အနေနှင့် `ကပွဲများသို့လည်းကောင်း၊ ရေကူးဝတ်စုံနှင့်ကျင်းပလေ့ရှိသော ပါတီများ၊ ဘာဘီကျူး ညစာစားပွဲများသို့လည်းကောင်း၊ ပျော်စရာရွှင်စရာပွဲများသို့ သွားခြင်းသည်လည်းကောင်း၊ ပိုကာဆွဲခြင်းသည်လည်းကောင်း၊ မီနီစကတ်ဝတ်ခြင်းသည်လည်းကောင်း၊ မလုပ်လျှင်မဖြစ်တော့သော လက်ရှိ ရာစုနှစ်၏အကြောင်းအရာများ´ဟု ယုံကြည်မိသွားကြသည်။ အကယ်၍သာ ထိုပုဂ္ဂိုလ်များအနေနှင့် အထက်ပါလုပ်ရပ်များကိုမမွေ့လျော်ရပါက သူတို့သည် လားစီး၍သွားသောခေတ်သို့ပြန်၍ ခေတ်နောက်ပြန်ဆွဲ  ရောက်ရှိသွားမည်ဟု ထင်မြင်ကြောက်ရွံ့နေတတ်ကြသည်။
၎င်းတို့က အခိုင်အမာပြောဆိုကြသည်မှာ ဤခေတ်သည် အနုမြူခေတ်၊ သိပ္ပံခေတ်၊ လအတု လုပ်လို့ရသောခေတ်၊ မိဆိုင်းလ်ဒုံးကျည်ခေတ်ဖြစ်သည်။ ဤအရာများ တိုးတက်ဖြစ်ပေါ်ခြင်းမှာ အလွန် ကောင်းမွန်ပါသည်။ ကျွန်ုပ်တို့အနေနှင့် ထာဝရရှင်အလ္လာဟ်(سبحانه و تعالي)အား ဤခေတ်ဤအခါမျိုးတွင် လူသားဖြစ်ခွင့်ပေးထားသည့်အတွက်လည်း ကျေးဇူးတင်သင့်ပါသည်။ ထို့ပြင် သိပ္ပံနှင့်စက်မှုပညာ၏ အကျိုးအမြတ်ကို အကောင်းဆုံး၊ အမြင့်မားဆုံး အကျိုးခံစားခွင့်ရရှိအောင်လည်း ဆန္ဒပြုဆုတောင်းသင့်ပါသည်။ (သို့သော် အားလုံးသောကာလများအတွက် နွေကူးဥတုခံစားရပြီး ယခုခေတ်သိပ္ပံပညာကြောင့် ခြောက်သွေ့မှုလျော့ပါးခြင်းကို ဖြစ်စေသလား။) လက်ရှိရာစုနှစ်၏ ကြောင်းချင်းရာများအားလုံးသည် ခေတ်သစ်သိပ္ပံပညာ၏ ရလဒ်များဖြစ်ပါ သလား။ သိပ္ပံပညာအနေနှင့် သဘာဝတရားကို ပြီးပြည့်စုံစွာ ချုပ်ကိုင်နိုင်ပြီဟု ဆိုနိုင်ပါသလား။
သိပ္ပံပညာအနေနှင့် သဘာဝတရားကို လုံးဝလွှမ်းမိုးခြယ်လှယ်နိုင်ပြီဆိုသော ဖွင့်ဟဝေဖန်ချက်မျိုး ပြုလုပ်ခြင်း မရှိသေးပါ။ လက်ရှိရာစုနှစ်၏ ကံဆိုး မိုးမှောင်ကျခြင်းမှာကား သိပ္ပံပညာရှင်တစ်စုက ကောင်းသော ရည်ရွယ်ချက်များဖြင့် သိပ္ပံပညာကိုသုံး၍ ရှာဖွေမှုအသစ်များ ပြုလုပ်ခဲ့ကြသော်လည်း အတ္တကြီးသော၊ တစ်ကိုယ်ကောင်းဆန်သော၊ အာဏာမက်သော အခွင့်အရေးယူတတ်သော၊ ငွေမက်သော သိပ္ပံပညာရှင်တစ်စုက သိပ္ပံပညာရှင်အများစု၏ အားထုတ်မှု အသီးအပွင့်များနှင့် သိပ္ပံပညာရှင်များ၏လုပ်အားကို လွဲမှားစွာအသုံးချပြီး ၎င်းင်းတို့၏ သံသယဖြစ်ဖွယ် ရည်မှန်းချက်များ ရရှိအောင် အားထုတ်လာခဲ့ကြသည်။ အမြဲတစေ မပြောင်းလဲဘဲ သိပ္ပံပညာက ငြီးတွားနေသည်မှာ ၎င်းင်းသည် လူသား၏ ဇွတ်တရွတ်နိုင်သောသဘာဝတရားဖြင့် လွဲမှားစွာ အသုံးပြုခံနေရပြီး ဤအချက်သည်ပင်လျှင် ကျွန်ုပ်တို့ခေတ် အခါသမယ၏ ကံကြမ္မာဆိုးပင်ဖြစ်သည်။
သိပ္ပံပညာသည် ရူပဗေဒပညာရပ်တွင်တိုးတက်လျှက်ရှိပြီး အလင်း၏ နိယာမများနှင့် ရောင်ပြန်ခြင်း သဘောတရားကို ရှာဖွေတွေ့ရှိခဲ့လေရာ အခွင့်အရေးသမားတစ်စုက ၎င်းအလင်း၏ဂုဏ်သတ္တိများကို အသုံးပြု၍ ရန်လိုသော၊ အဖျက်ဖက်သို့ ဦးတည်နေသောသဘော သဘာဝကို ဖော်ပြသည့် အပြာရုပ်ရှင်များကို ပြုလုပ်လာသည်လည်းရှိ၏။ ဓါတုဗေဒပညာရပ်သည် များပြားလှစွာသော တိုးတက်မှုများဖြစ်စေနိုင်ပြီး အမျိုးမျိုးသော ဒြပ်ဝတ္ထုများနှင့် ဒြပ်ပေါင်းများ၏ ဂုဏ်သတ္တိများကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ဤသို့သော ဓါတုဗေဒပညာရပ်၏ ရှာဖွေတွေ့ရှိမှုများ နောက်တွင် အချို့သောပုဂ္ဂိုလ်များက ၎င်းင်းရှာဖွေတွေ့ရှိမှုကို အပြည့်အ၀အသုံးချ၍ လူသား မျိုးနွယ်တစ်ရပ်လုံးကို ကျိန်စာသင့်စေသည့် ဟီးရိုးအင်း(ခ)ဘိန်းဖြူထုတ်လုပ်လာကြလေသည်။ သိပ္ပံပညာအနေနှင့် အက်တမ်၏အတွင်းပိုင်းကိုဖြိုခွဲခြင်းဖြင့် အလွန်အံ့သြဖွယ်ကောင်းသော စွမ်းအင်ရင်းမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းစွမ်းအင်ကိုချုပ်ကိုင် ထိန်းချုပ်နိုင်စွမ်းကိုလည်း ပြုနိုင်ပေသည်။ ထိုစွမ်းအင်ကို လူသားမျိုးနွယ် တစ်ခုလုံးအတွက် အသုံးမပြုနိုင်သေးခင်မှာပင် အာဏာမက်သူတစ်စုကအလျှင်စလိုနှင့် အက်တမ်ဗုံးများပြုလုပ်ခဲ့ပြီး စစ်နှင့် မပတ်သက်သည့် အပြစ်မဲ့သူများအပေါ်တွင် ကျဲချခဲ့လေသည်။
(၂၀) ရာစုသိပ္ပံပညာရှင်များအနက် အကြီးကျယ်ဆုံးပညာရှင်ကြီးတစ်ဦးဖြစ်သည့် အိုင်းစတိုင်းအား ဂုဏ်ပြုသည့် ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုတွင် အိုင်းစတိုင်းက စကားပြောစင်မြင့်ပေါ်သို့ တက်သွားပြီးလျှင် `အသင်တို့သည် အက်တမ်ဗုံးပြုလုပ်ရေးအတွက် အခရာဖြစ်သောသူကို ဂုဏ်ပြုမှာလား´ ဟူသော မေးခွန်း ထုတ်ခဲ့ပါသည်။
အိုင်းစတိုင်းသည် မိမိကိုယ်တိုင်က အက်တမ်ဗုံးပြုလုပ်ရေးအတွက် ဘယ်သောအခါမှ ရှာဖွေလေ့လာ စူးစမ်းခြင်းမပြုခဲ့ပါ။ အခြားသော သိပ္ပံပညာရှင်များကသာ သူ၏ရှာဖွေတွေ့ရှိချက်ကို အက်တမ်ဗုံးလုပ်ရန် ရည်ရွယ် ချက်ဖြင့် ထိန်းချုပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဟီးရိုးအင်းထုတ်လုပ်မှုတွင်အသုံးပြုမှု၊ အက်တမ်ဗုံးနှင့်အပြာကားများအတွက် အသုံးပြုမှုများကသာ ဤရာစုနှစ်၏ ထင်ရှားသောသိပ္ပံ၏ရလဒ်များဟူ၍ မဆိုနိုင်ပါ။ ၎င်းင်းတို့ သည် ဤရာစုနှစ်၏ မြောက်မြားလှစွာသော ကြောင်းချင်းရာများအနက်မှ အချို့သာဖြစ်သည်။
ဗုံးပြုလုပ်သူများ၏ နောက်ဆုံးပေါ်ဗုံးများအနက် အကောင်းဆုံးဗုံးများကို အခြားနိုင်ငံတစ်ခု၏ လူထု အပေါ်တွင် ကျဲချရန်အလို့ငှာ ပညာအတတ်ဆုံးသူများကို ဤဗုံးကျဲမှုအလုပ်ကို ပြုလုပ်ရန်အသုံးပြုသည် ဆိုလျှင်ခေတ်မီခြင်း၊ ခေတ်သစ်သို့ဆန်းသစ်လာခြင်းသည် လူသားတို့၏ရှိရင်းစွဲ ရိုင်းစိုင်းမှုကို လျော့ပါး သွားစေ နိုင်ပါဦးမည်လော။

အစ္စလာမ်နှင့် ခေတ်သစ်ဘ၀ (၃)
မိသားစုအခွင့်အရေးနှင့်ပတ်သက်၍ အနောက်တိုင်းပုံစံနှင့် သွားသင့်သည်ဟု ငြင်းခုံသောသူများ၏ အဓိကအကြောင်းပြချက်မှာ ခေတ်ကာလ ပြောင်းလဲသွားမှုကြောင့် တစ်နည်းဆိုသော် (၂၀)ရာစု ခေတ်ကာလ၏ လိုအပ်ချက်များကြောင့်သာ ထိုသို့ပြုသင့်သည်ဟု ယူဆနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ဤရှုထောင့် (ခေတ်၏ တောင်းဆိုချက်ကြောင့် ကျွန်ုပ်တို့၏ အတွေးအခေါ်ကို ပြောင်းလဲသင့်သည်ဟူသောကိစ္စ)ကို ရှင်းလင်းစွာ ရှုမြင်သင့်ပါသည်။ ဤသို့ အမြင်မရှင်းလင်းပါက အခြားသောအချက်များ မပြည်စုံဖြစ်နေပေမည်။ နေရာ၏ ကန့်သတ်ချက် အကြောင်းတရားကြောင့် ဤပြဿနာကို ဒဿနဆိုင်ရာ၊ တရားဝင်မှု၊ မ၀င်မှု၊ လူမှုရေးနှင့် ကိုယ်ကျင့်သိက္ခာစသော ရှုထောင့်များအားလုံးမှ ဆွေးနွေးရန်ကား မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့ ဆွေးနွေးနေသော ရည်ရွယ်ချက်အရဆိုလျှင် အဓိကရှုထောင့်နှစ်ခုကိုသာ ရှင်းလင်းအောင်ပြုလုပ်ရပေမည်။
ပထမရှုထောင့်မှာ “အချိန်ကာလ၏ပြောင်းလဲမှုနှင့် ကိုက်ညီအောင် ပြုလုပ်ခြင်းဟူသည် မသိ နားမလည်ကြကုန်သောသူများက ယူဆနေသလို ရိုးရှင်းလှသော ပြဿနာတစ်ခုမဟုတ်ပါ။ ခေတ်ကာလ ပြောင်းလဲမှုကြောင့် အပြောင်းအလဲလုပ်ရသည်ဟူသောအချက်မှာ တစ်ခါတစ်ရံ တိုးတက်သော၊ ခေတ်ရှေ့ ပြေးသော သဘောဆောင်သကဲ့သို့ တစ်ခါတစ်ရံတွင် ခေတ်နောက်ပြန်ဆွဲသောသဘောလည်း ဆောင်ပေသည်။´´ ကျွန်ုပ်တို့အနေနှင့် ခေတ်ကို ချီတက်ရာ၌ကောင်းသော တိုးတက်ခြင်းဖြစ်စေချင်သည်။ ပြောင်းလဲမှုနှင့်သာ ချီတက်သင့်ပြီး ခေတ်နောက်ပြန်ဆွဲလိုသော ယိမ်းယိုင်မှုများကို တိုက်ထုတ်ပစ်ရန် လိုအပ်ပေသည်။ ပြောင်းလဲမှု နှစ်မျိုးကို ခွဲခြားရန်နှင့် ၎င်းပြောင်းလဲမှုများ၏ သဘောသဘာဝကို ဆုံးဖြတ်နိုင်ရန်မှာ ဖွံ့ဖြိုးတိုးတက်မှု အသစ်တိုင်း၏ အကြောင်းခံ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ပြီး ၎င်းတို့၏ လမ်းကြောင်းကိုလည်း ရှာဖွေဆန်းစစ်ရန် လိုပေသည်။ ကျွန်ုပ်တို့အနေနှင့် မည်သို့သောလူသား၏ ဖြစ်လိုခြင်းဆန္ဒကြောင့် လက်ရှိ အခြေအနေများ ဖြစ်ပေါ်တည်ရှိလာသည် ဟူသော အကြောင်းတရားနှင့် ၎င်းင်း၏နောက်ကွယ်တွင် မည်သို့သော လူ့အလွှာအတန်းအစားက ရှိနေသည်ကို ဆန်းစစ်ရပေမည်။ ထိုဖြစ်တည်မှုများသည် လူသား၏မြင့်မားသော လိုအင်ဆန္ဒ၊ ကိုင်းညွှတ်မှုများကြောင့်လား (သို့မဟုတ်) နိမ့်ကျသောတိရစ္ဆာန်ဗီဇအရ ပိုင်ဆိုင်လိုမှုများကြောင့်လား၊ တဖန် ထိုဖြစ်တည်မှုများသည် အသိဥာဏ်ရှိသောပညာရှင်များ၏အတ္တမဲ့ ကြိုးစားအားထုတ်မှု၏ ရလဒ် ကြောင့်လား (၀ါ) မိမိအတွက်မိမိ ကြိုးစားလိုသော ကိုယ်ကျိုးရှာသူများ၏ ဆန္ဒကြောင့်ပေါ်ထွက်လာသော ဖောက်ပြန်ရေးလိုအပ်ချက်များကို ဖော်ပြသည့်ရလဒ်များလားဆိုသည်ကို ရှုမြင်သုံးသပ်ရန်လိုပေသည်။

အစ္စလာမ်တရားဥပဒေများ၏ လှေနံဓါးထစ်မကျသော ညှိယူနိုင်မှု
ဒုတိယအနေနှင့် ရှင်းလင်းရမည့်အချက်မှာ မွတ်စလင်မ်အတွေးအခေါ် ပညာရှင်များအနေနှင့် အစ္စလာမ်တွင် တိကျသေချာသော စွမ်းရည်စွမ်းအားရှိသည်ဟု ယုံကြည်ကြသည်။ ထိုစွမ်းရည်အားဖြင့် အစ္စလာမ် ကို ခေတ်ကာလတိုင်းအတွက် ကျင့်သုံးနိုင်အောင် ပြုလုပ်နိုင်သည်။ ဤသို့ယူဆကြသော အတွေးအခေါ်ပညာရှင်  များ၏ အယူအဆအရဆိုလျှင် အစ္စလာမ်၏သင်ကြားချက်များသည် အချိန်ကာလ၏ တိုးတက်နေမှုနှင့် လည်းကောင်း၊ ယဉ်ကျေးမှုများ ဆက်လက်ကြီးထွားနေခြင်းနှင့်လည်းကောင်း၊ ၎င်းင်းတို့ကြောင့်ထွက်ပေါ်လာသော ရလဒ်များနှင့်သော်လည်းကောင်း ကိုက်ညီနေသည်ဟုဆိုနိုင်သည်။ အစ္စလာမ်၏ စွမ်းရည် စွမ်းအားများ၏ သဘောသဘာဝကို လေ့လာကြည့်ကြပါစို့။ တစ်နည်းအားဖြင့်ဆိုသော် အစ္စလာမ်ဘာသာ၏ ဖွဲ့စည်း တည်ဆောက်မှုအရ မည်သို့သော နည်းပရိယာယ်များ ထည့်သွင်းတည်ဆောက်ထားသနည်း။ ဤနည်းလမ်း ပရိယာယ်များ၏ အခြင်းအရာများသည် ပြောင်းလဲနေသော ခေတ်တိုင်းအချိန်တိုင်းနှင့် ကိုက်ညီနေပါသလား။ ထိုနည်းပရိယာယ်များ၏ သင်ကြားမှုများအနက် တစ်စုံတစ်ခုကို စွန့်လွှတ်ပစ်ရန်လိုမလို၊ အစ္စလာမ်၏ သင်ကြားမှုများသည် အချိန်တိုင်း၊ အခြေအနေတိုင်းမှာ တိုးချဲ့ထွက်ပေါ်လာနိုင်သည့် အသိပညာရပ်များ၊ ယဉ်ကျေးမှုများကြားတွင် ပဋိပက္ခရှိနိုင်မရှိနိုင်ဆိုသည်အချက်များကို လေ့လာ ဆန်းစစ်ကြည့်ကြပါစို့။
အစ္စလာမ်တွင် အထက်ဖော်ပြပါ ပြဿနာရပ်များကို ဖြေရှင်းပေးနိုင်စွမ်းရှိသည် ဟူသောအချက်ကို သံသယ၀င်နေသောသူများ၏သံသယ၊ ၎င်းတို့နားလည်မှု လွဲမှားနေခြင်းများကို ချေဖျက်ရန်အလို့ငှာ ကျွန်ုပ်တို့အနေနှင့် တိကျရှင်းလင်းစွာ ဖြေရှင်းရန်မှာ အမှန်တကယ် လိုအပ်သောကိစ္စတစ်ခုဖြစ်ပါသည်။
အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ဆက်လက်လေ့လာလိုသူများအနေနှင့် တမ်ဗီဟုလ် အွမ္မက်နှင့် မရ်ဂျိုင်ယသ်ဝ အီမာမသ်၏  ဟူသော စာအုပ်များကို ဖတ်သင့်ပါသည်။ စာအုပ်နှစ်အုပ်စလုံးမှာ ပါရှန်ဘာသာစကားနှင့် ရေးသားထားပါသည်။
အထက်ဖော်ပြပါစာအုပ်များတွင် လက်ရှိအသိပညာများ တိုးချဲ့များပြားလာခြင်းနှင့် ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်လာခြင်းဆိုင်ရာ အစ္စလာမ်၏လျှို့ဝှက်ချက်များ၊ ယင်း၏ခိုင်မာ၍ တည်ငြိမ်သောဥပဒေသများ၏ အသုံးဝင်မှု၊ ဘ၀၏ ပြောင်းလဲနေသောအခြေအနေအရပ်ရပ်နှင့် ထိုဥပဒေသများ၏ လိုက်လျောညီထွေမှုဆိုင်ရာ အချက်အလက်များစွာ ပါဝင်သည်။ ဤနေရာတွင် အချို့သော အချက်အလက်များကိုသာ ဖော်ပြသွားမည် ဖြစ်သည်။

အလေးထားသင့်သောစိတ်ဓါတ်နှင့် အသွင်သဏ္ဍာန်အပေါ် ဂရုမဲ့မှု
အစ္စလာမ်သည် လူသား၏အသိပညာတိုးတက်ဖွံ့ဖြိုးမှု၏ အဆင့်အတန်းပေါ်တွင် မှီတည်နေတတ်သော လူ့ဘ၀အပေါ်ယံလွှာနှင့်သာပတ်သက်သည့် ဘာသာတစ်ခုမဟုတ်ပါ။ “အစ္စလာမ်၏သင်ကြားမှုများမှာ ဘ၀ တည်ဆောက်မှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်၊ ထားရှိရမည့်စိတ်ဓါတ်များနှင့်ပတ်သက်သည်သာမက ထို ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိစေနိုင်မည့် အကောင်းဆုံးလမ်းကြောင်းကိုလည်း ဆုံးဖြတ်ညွှန်ကြားပေးသည်။ သိပ္ပံပညာအနေနှင့် ဘ၀၏ရည်မှန်းချက်ပန်းတိုင်နှင့်စိတ်ဓါတ်ကို ပြောင်းလဲနိုင်မှုမရှိသကဲ့သို့ ထိုရည်မှန်းချက်များသို့ ရောက်ရှိရေးအတွက် ပို၍ကောင်းမွန်သော၊ ပို၍ တိုတောင်းသော၊ ပို၍စိတ်ချလုံခြုံသော လမ်းကြောင်းအား ညွှန်ပြပေးနိုင်ခြင်းလည်း မရှိ။ သိပ္ပံပညာမှ အထက်ပါရည်ရွယ်ချက်ပန်းတိုင်များသို့ ချီတက်ရာတွင် ကန့်လန့်ဖြတ်တက်နိုင်သည့် နည်းလမ်းများ(ဖြတ်လမ်းနည်း)နှင့် ပံ့ပိုးမှုများကိုသာပြုလုပ်ပေးနိုင်သည်။´´
အစ္စလာမ်သည် ၎င်းင်း၏နယ်ပယ်အတွင်းရှိ ရည်မှန်းချက်ပန်းတိုင်များကို ထိန်းသိမ်းလျက် သိပ္ပံနှင့် နည်းပညာနယ်ပယ်အတွက် နည်းလမ်းနှင့်ပုံသဏ္ဍာန်ကိုသာ ချန်ထားခဲ့သောကြောင့် အစ္စလာမ်အနေနှင့် ယဉ်ကျေးမှုတစ်ခုချင်း၊ တစ်ဖန် လူ့ဖွံ့ဖြိုးတိုးတက်မှုအဆင့် တစ်ဆင့်အတွင်း မည်သို့သောပဋိပက္ခကိုမဆို ရှောင်ရှား နိုင်ခဲ့သည်။ ဤသို့ပဋိပက္ခများ၊ ၀ိရောဓိများကို ရှောင်ရှားနိုင်ရုံမက ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေခြင်း အထူးသဖြင့် အသိပညာရပ်များကို တိုးချဲ့ထွန်းကားစေခြင်း၊ လွတ်လပ်ခြင်း၊ သနားကြင်နာခြင်း၊ လိုအင်ဆန္ဒများခိုင်မာလာစေ ခြင်း၊ သတ္တိတိုးပွားစေခြင်း၊ ထိန်းသိမ်းစောင့်တည်စေခြင်းတို့ဖြင့် ယဉ်ကျေးမှုကြီးများ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက် လာစေသောအဓိကအကြောင်းတရားကြီးအဖြစ် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့လေသည်။
အစ္စလာမ်အနေနှင့် လူ့သမိုင်းတစ်လျှောက် လူသား၏ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် ထင်ရှားသော သမိုင်းမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်။ အခြား တစ်ဖက်တွင်မူ ထိုသမိုင်းမှတ်တိုင်များက ဖွံ့ဖြိုးတိုးတက်ခဲ့သည့် လမ်းကြောင်းများ ပန်းတိုင်များကိုလည်း ညွှန်ပြပေးသည်သာမက မထင်မှတ်ဘဲကျရောက်နိုင်သော ဘေးအန္တရာယ် များကို သတိပေး ညွှန်ပြပေးပါသည်။ အစ္စလာမ်ဥပဒေများသည် ပထမအမျိုးအစားဖြစ်စေ၊ ဒုတိယအမျိုးအစား ဖြစ်စေ အားလုံးသည် ပန်းဝင်ရာ မှတ်တိုင်များသာဖြစ်သည်။
ခေတ်တိုင်း၊ ကာလတိုင်း၏ဘ၀တည်ဆောက်မှုနည်းလမ်းများသည် လူသား၏အသိပညာ၊ ဗဟုသုတ၏ အဆင့် အတန်းမြင့်မားမှုနှင့်ပမာဏအပေါ် တွင် တည်မှီနေပေသည်။ လူသား၏အသိပညာ ဗဟုသုတများပို၍ပို၍ ကျယ်ပြန့် တိုးပွားလာသည်နှင့်အမျှ ပို၍ပြည့်စုံသော ဘ၀တည်ဆောက်မှု နည်းလမ်းသစ်များ ပေါ်ထွန်းလာပြီး ယခင်က ရှိခဲ့သောဘ၀တည်ဆောက်မှုလမ်းစဉ်များကို အလိုအလျှောက်အစားထိုးဝင်ရောက်လာပေသည်။ အစ္စလာမ်ဘာသာအတွက် ထိုရုပ် ပိုင်းဆိုင်ရာ အပြင်ပန်းဘ၀တည်ဆောက်မှုနည်းလမ်းများမှာ မွန်မြတ်သန့်စင်မှု မရှိသောကြောင့် မွတ်စလင်မ်များအနေနှင့် ထိုဘ၀တည်ဆောက်မှုနည်းလမ်းများကို အမြဲတွယ်ကပ် ထိန်းသိမ်း နေရန် မလိုပေ။
အစ္စလာမ်အနေနှင့် အပ်ချုပ်ခြင်း၊ ယက္ကန်းရက်လုပ်ခြင်း၊ ထွန်ယက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စစ်ပွဲများ နှင့် အခြားသောလုပ်ငန်းများအတွက်အသုံးပြုရန် ကိရိယာတန်ဆာပလာများကို မသုံးဆွဲရ ဟူ၍မဆိုလိုပါ။ လူသားများအသုံးပြုနေကြသော ကိရိယာတန်ဆာပလာနှင့်ပတ်သက်၍ အစ္စလာမ်နှင့် သိပ္ပံပညာအကြားတွင် ပြဿနာတစ်စုံတစ်ရာမရှိပါ။ ယင်းတို့အကြားတွင် ပြဿနာများ ဖန်တီး အကောင်အထည်ဖော်နေပါကလည်း မည်သို့မျှ အကျိုးရှိမည်၊ အသုံးဝင်မည်မဟုတ်။ အစ္စလာမ်အနေနှင့် မည်သည့်ပုံစံရှိသော ရှူးဘိနပ်များ၊ ၀တ်စုံများကို ၀တ်ဆင်ရမည်။ အဆောက်အဦးများတည်ဆောက်ရန်အတွက် ဤသို့သော အဆောက်အဦး ဆောက်သင့်သည်ဟူ၍ ပြဋ္ဌာန်းသတ်မှတ်မပေးပါ။ အလားတူပင် အစ္စလာမ်သည် မည်သည့်တိကျသော ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုဆိုင်ရာနည်းလမ်းများကိုမျှ တောင်းဆိုမှုမရှိပါ။ အစ္စလာမ်၏ လက္ခဏာသွင်ပြင်များအနက် ခေတ်ကာလ၏ ဖွံ့ဖြိုးတိုးတက်မှုများ အားလုံးအတွက် အချိန်တိုင်းတွင် အသုံးချနိုင်မှုမှာ ယင်း၏ထူးခြားသည့် သွင်ပြင်လက္ခဏာ တစ်ရပ်ဖြစ်ပေသည်။

တည်ငြိမ်သောလိုအပ်ချက်များအတွက် တည်ငြိမ်သောဥပဒေသများနှင့်
ပြောင်းလဲနေသော လိုအပ်ချက်များအတွက် ပြောင်းလဲနိုင်သော ဥပဒေသများ
အစ္စလာမ်၏အလွန့်အလွန်အရေးပါသည့် အချင်းအရာတစ်ရပ်မှာ လူသား၏ တည်ငြိမ်သော လိုအပ်ချက်များအတွက် တည်ငြိမ်သောဥပဒေသများကို  အမြော်အမြင်၊ ဆင်ခြင်တုံတရားအပြည့် တွေးခေါ်ပြီး ချမှတ်ထားခြင်းနှင့် ပြောင်းလဲနေသော လိုအပ်ချက်များအတွက် ပြောင်းလဲနိုင်သောဥပဒေသများကို ချမှတ်ထား ခြင်းဖြစ်သည်။ လူတစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ လူသား၏လိုအပ်ချက်မှာ မပြောင်းလဲတတ်သော သဘောဘဘာဝရှိသည်။ ထိုကဲ့သို့သောလိုအပ်မှုမျိုးမှာ ခေတ်ကာလ ပြောင်းလဲမှု ရှိသော်လည်း လိုက်၍ ပြောင်းလဲမည်မဟုတ်ပေ။ လူသား၏ ဗီဇသဘာဝနှင့် လူမှုဆိုင်ရာ ဆက်နွယ်မှုစနစ်များနှင့် ပတ်သက်သည့် သဘောတရားများမှာ အမြဲတစေ တစ်ပုံစံတည်းဖြစ်နေမည်ဖြစ်သည်။
ကျွန်ုပ်တို့အနေနှင့် ၎င်းတို့ကို အားပေးထောက်ခံသူများ၏ အယူအဆများဖြစ်သည့် “ကိုယ်ကျင့်တရား ဆိုင်ရာ အနှိုင်းရသီအိုရီ´´ နှင့် “တရားမျှတမှုဆိုင်ရာ အနှိုင်းရသီအိုရီများ´´ကို သိရှိနားလည်ပြီးဖြစ်၍ ယင်းသီအိုရီ များနှင့် ပတ်သက်သော ကျွန်ုပ်တို့၏ အယူအဆများကို နောက်ပိုင်းတွင် တင်ပြသွားပါမည်။ လူသား၏အခြားသော လိုအပ်ချက်တစ်ရပ်မှာ ပြောင်းလဲနေသောသဘာဝနှင့် ကိုက်ညီသည့် လိုအပ်ချက်ဖြစ်ပြီး ယင်းလိုအပ်ချက်များက ပြောင်းလဲနိုင်သော(၀ါ) ပြောင်းလဲနေသော ဥပဒေသများကို တောင်းဆို လာခြင်းဖြစ်သည်။ အစ္စလာမ်သည် ဤကဲ့သို့သော လိုအပ်ချက်များကို ရှေးမဆွကပင် တွေးမြင်ခဲ့ပြီးဖြစ်၍ ယင်း လိုအပ်ချက်များနှင့် တိကျသောသဘောတရားများကို ဆက်စပ်ပြီး ပြောင်းလဲဖြစ်ပေါ်ခဲ့ပြီးသော အခြေအနေတိုင်း အတွက် ထပ်ဆင့်ဥပဒေသများ သတ်မှတ်ပြဋ္ဌာန်းပေးပြီး ဖြစ်သည်။ ဤအချက်ကို ရှင်းလင်းစေရန် အလို့ငှာ ကျွန်ုပ်သည် ဥပမာအချို့ကိုပေး၍ တင်ပြပါမည်။
ကျမ်းမြတ်ကုရ်အာန်တွင် အစ္စလာမ်ကချမှတ်ထားသည့် လူမှုရေးရာ သဘောတရားများကို ဖွင့်ဆို ရှင်းလင်းထားပြီး ဖြစ်သည်။ စူရာဟ်အယ်လ်-အန်ဖါလ် (၈း၆၀)တွင်
“အသင်တို့သည်ရန်သူကိုရင်ဆိုင်နိုင်ရေးငှာအတတ်စွမ်း နိုင်စွမ်းအင်အားကို တောင့်တင်းအောင်ပြု
ထားကြ´´
ဟုဆိုထားပေသည်။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့၏ တမန်တော်မြတ်မုဟမ္မဒ်(صلي الله عليه و سلم)က ကျွန်ုပ်တို့အတွက် ချမှတ်ခဲ့သော ထုံးတမ်းစဉ်လာများကို အစ္စလာမ့် တရားဥပဒေစာအုပ်များအနက်  မြင်းစီးကျွမ်းကျင်မှုနှင့် လေးအတတ်ဆိုင်ရာ ဥပဒေဟူသော ခေါင်းစဉ်အောက် တွင် တွေ့မြင်နိုင်သည်။ ထိုဥပဒေသများအရ မြတ်တမန်တော်မှ ကျွန်ုပ်တို့ မွတ်စလင်မ်များအား လမ်းညွှန် ထားသည်မှာ ကျွန်ုပ်တို့အနေနှင့် မြင်းစီးခြင်းနှင့် လေးအတတ်ပညာကို သင်ယူကြရန်နှင့် ကျွန်ုပ်တို့၏ ကလေးများကို သင်ကြားပေးရန်လည်း လမ်းညွှန်ထားပေသည်။ ဤအတတ်ပညာများသည် ရှေးခေတ်ကာလ၏ စစ်ရေးဆိုင်ရာ သိပ္ပံပညာရပ်များ၏ အစိတ်အပိုင်းများဖြစ်ခဲ့သည်။ ဤဥပဒေတွင် ထင်ရှားသည့်အချက်မှာ တမန်တော်မြတ်၏ အခြေခံအမိန့်မှာ`အားဖြည့်ထားရန်´ ဖြစ်သည်။ ဤအမိန့်တွင် လေးနှင့် မြား၊ ဓါး၊ အဲမောင်း (၀ါ)လှံရှည်၊ လား၊ မြင်း စသည်တို့သည် အရေးမကြီးပါ။ အရေးကြီးသည့်အချက်မှာ ရန်သူအားဆန့်ကျင် တွန်းလှန်ရန်အလို့ငှာ စစ်အင်အား ရရှိအောင်လုပ်ထားရန်မှာ အရေးကြီးပေသည်။ မြင်းအတတ်နှင့် လေးအတတ် ကို ကျွမ်းကျင်နိုင်နင်းခြင်း၏ရည်ရွယ်ချက်မှာ အင်အားတောင့်တင်းရန်သာဖြစ်ပြီး၊ စစ်အင်အားဖြည့်တင်းရေး အတွက် အခြေခံအမိန့်ကို အကောင်အထည်ဖော်သည့် နည်းလမ်းလည်းဖြစ်သည်။ မိမိတို့၏ စစ်အင်အား အပါအ၀င် မည်သည့်အင်အားကိုမဆိုအချိန် မရွေးဖြည့်တင်းရန်မှာ ထာဝရလိုအပ်ချက်ကို ဖြည့်စွက်ရန်ဟူသော သဘောတရားမှ ပေါက်ဖွားလာသည့် ဥပဒေပင်ဖြစ်သည်။
သို့ဖြစ်စေကာမှု မြင်းစီးအတတ်နှင့် လေးပစ်ခြင်းအတတ်ပညာနှင့် ပတ်သက်သော ကျွမ်းကျင်မှုသည် ယာယီလိုအပ်ချက်မျှသာဖြစ်ပြီး ခေတ်ကာလ ပြောင်းလဲမှုနှင့်လိုက်၍ ပြောင်းလဲတတ်သော သဘောရှိသည်။ အခြေအနေများ ပြောင်းလဲမှုများနှင့်အတူ လက်နက်၊ ခဲယမ်း မီးကျောက် အတတ်ပညာကျွမ်းကျင်မှုသည် လေးမြှား အတတ်ပညာအစား ၀င်ရောက်လာခဲ့သည်။
အခြားထင်ရှားသော ဥပမာတစ်ခုမှာ ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြထားသည့် ကြွယ်ဝချမ်းသာမှုနှင့် ပြောင်းလဲခြင်းဆိုင်ရာ လူမှုရေးသဘောတရား ဖြစ်သည်။ အစ္စလာမ်တွင် လူတစ်ဦးတစ်ယောက်ချင်း၏ ကြွယ်ဝချမ်းသာမှုကို အသိအမှတ်ပြုသည်။ သို့သော် ဥစ္စာပစ္စည်းပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ခံယူချက်မှာ “အရင်းရှင်ကမ္ဘာက လက်ခံထားသည့် ပိုင်ဆိုင်မှုနှင့်ကားမတူပေ။´´ အစ္စလာမ်မှ လက်ခံထားသည့် တစ်ဦးချင်းပိုင်ဆိုင်မှု၏ လက္ခဏာ တစ်ရပ်မှာ `လဲလှယ်ခြင်း´ ဟူသော သဘောတရားဖြစ်သည်။
ဤကိစ္စနှင့်ဆက်စပ်၍ အစ္စလာမ်မှ တိကျရေရာသော စည်းကမ်းဥပဒေသများကို ချမှတ်ထားသည်။ ၎င်းဥပဒေသများအနက်တစ်ခုကို ကျမ်းမြတ်ကုရ်အာန် စူရာဟ်အလ်-ဘကရာ (၂း၁၈၈)တွင်
“အသင်တို့သည် မိမိတို့အတွင်းတွင် တစ်ဦး၏ပစ္စည်းကိုတစ်ဦးက မတရားသောနည်းဖြင့် မစားသုံးကြကုန်လင့်´´ ဟု ရှင်းလင်း ပြတ်သားစွာ ဖော်ထုတ်ထားပေသည်။
တစ်နည်းအားဖြင့်ဆိုသော် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တန်ဖိုးအဖြစ် သတ်မှတ်ထားသော တရားဝင်လဲလှယ်မှုကြောင့်ရရှိလာသော တုန့်ပြန်မှုမှလွဲ၍ ငွေသည်တစ်လက်မှ အခြားတစ်လက်သို့ ပြောင်းလဲခွင့်မရှိပေ။ အစ္စလာမ်တွင် ပိုင်ဆိုင်မှုသည် အကြွင်းမဲ့အာဏာရှင်ဖြစ်သည်ဟူသော အချက်ကို လက်မခံပါ။ အစ္စလာမ့်ဥပဒေအရ အထူးပြုတားမြစ်ထားသည်မှာ အထိုထိုသော ပစ္စည်းများကို ၀ယ်ယူခြင်း၊ ရောင်းချခြင်းမျိုး မပြုရ။ ဤပစ္စည်းများတွင် လူသား၏ သွေးနှင့်အညစ်အကြေးများပါဝင်သည်။ တားမြစ်ရသော အကြောင်းရင်းမှာကား ထိုပစ္စည်းများသည် လူသား၏ကောင်းကျိုးချမ်းသာအတွက် တန်ဘိုးတစ်စုံတစ်ရာ မရှိနိုင်သောကြောင့်ဖြစ်သည်။ အထက်ဖော်ပြပါအာယသ်တွင် ညွှန်ပြထားသည့်အတိုင်း ၎င်းင်းတို့ကိုတားမြစ်ရသည့် (မြှုပ်ထားသော) သဘောတရားမှာ အတူတူပင် ဖြစ်သည်။ လူသား၏သွေးနှင့် အညစ်အကြေးများကို အရောင်းအ၀ယ်ပြုလုပ်ခြင်း၏ တရားမ၀င်မှုမှာ အထက်ပါသဘောတရားကို အသုံးပြုခြင်း၏ သာဓကတစ်ရပ်သာ ဖြစ်သည်။ အလဲအလှယ်မပါဝင်သောနေရာ၌ပင်လျှင် တစ်စုံတစ်ယောက်၏ငွေ (၀ါ) ပိုင်ဆိုင်မှုကို အကြောင်းမဲ့ အပိုင်စီးခြင်း (၀ါ) အပြတ်ရှင်းပစ်ခြင်းမျိုးကို ခွင့်မပြုနိုင်ပေ။
အခြားသူတစ်ဦး၏ ပိုင်ဆိုင်မှုကို အကြောင်းမဲ့အပိုင်စီးခြင်းကို တားမြစ်သည့်ဥပဒေသည် အချိန်တိုင်း ခေတ်တိုင်းတွင် အသုံးပြုနိုင်သော သဘောတရားတစ်ရပ်ဖြစ်ပြီး လူမှုရေးဆိုင်ရာ ထာဝရလိုအပ်ချက်တစ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့ပြီး ဖြစ်သည်။ သို့သော် လူ၏သွေးနှင့်အညစ်အကြေးများကိုမူ ကောင်းသောအရာဟု မမှတ်ယူ နိုင်ပေ။ ခေတ်ကာလအလိုက်သော်လည်းကောင်း၊ လူ့ယဉ်ကျေးမှု တိုးတက်ပြောင်းလဲမှု အဆင့်အတန်းပေါ် မူတည်၍သော်လည်းကောင်း ထိုပစ္စည်းများကို ရောင်းဝယ်စရာပစ္စည်းများဟု မမှတ်ယူနိုင်ချေ။ ဤစည်းမျဉ်း ဥပဒေသသည် ပြောင်းလဲနေသော အခြေအနေကိုလိုက်၍ ပြုပြင်မွမ်းမံနိုင်သော အကြောင်းအရာဖြစ်ပြီး သိပ္ပံနှင့်စက်မှုအတတ် ဖွံ့ဖြိုးလာမှုသည် ဤကိစ္စကြောင်းချင်းရာများကို မှန်ကန်၍အသုံးဝင်သော အသုံးပြုနိုင်သည့် ဖြစ်နိုင်ချေသို့ ပြောင်းလဲပေးရန်ဖြစ်သည်။
အခြားသော ဥပမာတစ်ရပ်မှာ စတုတ္ထသမ္မတကြီးအလီ (رضي الله تعالي عنه)သည် သူ၏သက်တမ်းနှောင်းပိုင်းအချိန်တွင် ဆံပင်များ မီးခိုးရောင်ပေါက်လာသော်လည်း သူသည် တစ်ခါမျှဆံပင်ကို အရောင်မဆိုးခဲ့ပါ။ တစ်နေ့တွင် လူတစ်ယောက်က သူ့အား မေးမြန်းသည်။ “တမန်တော်(صلي الله عليه و سلم)က အမိန့်မပေးခဲ့ဘူးလား၊ မီးခိုးရောင်သန်းနေသော ဆံပင်များကို ဆိုးဆေး ဆိုးပြီး ဖုံးအုပ်ပစ်ဖို့ကို မညွှန်ကြားဘူးလား´´ အလီသခင် (رضي الله تعالي عنه)က ပြန်ပြောသည်မှာ “ဟုတ်ကဲ့၊ တမန်တော်(صلي الله عليه و سلم)က ညွှန်ကြားခဲ့ ဖူးပါတယ်။ ထိုသူက ဒါဆိုလျှင် ခင်ဗျားကဘာဖြစ်လို့ဆံပင်မဆိုးတာလဲ။ အလီသခင်(رضي الله تعالي عنه)က မိန့်ဆိုသည်မှာ တမန်တော်မြတ်ကြီး(صلي الله عليه و سلم)ရှိစဉ်က ဤညွှန်ကြားမှုကိုပြုခဲ့သည့်အကြောင်းမှာ ထိုအခါက မွတ်စလင်မ်လူဦးရေမှာ အလွန်နည်းပါးခဲ့ပြီး ၎င်းတို့အနက်မှ များစွာသောသူအိုများသည် စစ်ပွဲများတွင် ပါဝင်နေခဲ့ရခြင်းကြောင့်ဖြစ်သည်ဟုရှင်းပြခဲ့ပါသည်။ တမန်တော်(صلي الله عليه و سلم)က ဤသို့အမိန့်ပေးရသည့် အကြောင်းရင်းမှာ ထိုသူအိုများအနေနှင့် ၎င်းတို့၏ဆံပင်ကို ဆေးဆိုးခြင်းဖြင့် အသက်အရွယ်မှန်ကို ကွယ်ဝှက်ထားရန်ဖြစ်ပြီး အကယ်၍ ရန်သူများအနေနှင့် သူတို့သည် အဖိုးအိုအုပ်စုနှင့် ရင်ဆိုင်တိုက်ပွဲ ၀င်နေရပါကလားဟူသော အသိရလာလျှင် ၎င်းတို့၏ စိတ်ဓါတ်များ တက်ကြွလာမည်ကိုမလိုလားပေ။ အစ္စလာမ်သည် ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့ ရောက်ရှိလာသည့် ယခုအချိန်ဝယ် အခြေအနေမှာ ပြောင်းလဲသွားပြီးဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်းသည် သူ၏ဆံပင်ကိုအရောင်ဆိုးခြင်း မဆိုးခြင်းမှာ သူ၏လွတ်လပ်ခွင့်သာဖြစ်သည်။
အလီသခင်(رضي الله تعالي عنه)၏ထင်မြင်ယူဆချက်မှာ ဆံပင်ဆေးဆိုးခြင်းနှင့်ပတ်သက်သည့် တမန်တော်(صلي الله عليه و سلم)၏ လမ်းညွှန်ချက်မှာ ထာဝရလိုအပ်သောအခြေခံဥပဒေ မဟုတ်ပေ။ ယင်းသည် ထိုဥပဒေသကို အကောင်အထည် ဖော်သည့် နည်းလမ်းမျှသာ ဖြစ်သည်။ ]ယင်းဥပဒေက ဆိုလိုရင်းသဘောမှာ ရန်သူစိတ်ဓါတ်တက်ကြွလာစေ နိုင်သော မည်သည့်အပြုအမူမျိုးမဆို မလုပ်သင့် ဟူသောအချက်သာဖြစ်သည်။ အစ္စလာမ်၏ ဆက်နွယ်ပတ်သက်မှုမှာ ပြင်ပန်းအသွင်ပြင် လက္ခဏာသာမက အတွင်းပိုင်းစိတ်ဓါတ်နှင့်ပါ သက်ဆိုင်ပေသည်။ သို့သော် အစ္စလာမ်က လိုလားသည်မှာ အခွံမှာအနှစ်သာရအတွက်ဖြစ်ပြီး သတ်မှတ်ဝတ်စုံမှာ ကိုယ်ခန္ဓာ လုံခြုံမှုအတွက်ဖြစ်သည်။

အက္ခရာပြောင်းလဲရေးနှင့် သက်ဆိုင်သော ပြဿနာ
မကြာသေးမီကာလကပင် အစ္စလာမ်နိုင်ငံကြီးတစ်ခုတွင်  အက္ခရာအရေးအသားပြောင်းလဲရေးနှင့် ပတ်သက်သော အငြင်းပွားမှုတစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ဤပြဿနာသည် အစ္စလာမ် သဘောတရားရှုထောင့် နှစ်ခု၊ ပုံစံနှစ်မျိုးနှင့် စဉ်းစားနိုင်သည်။ ပထမရှုထောင့်မှာ အစ္စလာမ်သည် မည်သည့်အက္ခရာမျိုးကိုမဆို လက်ခံ ပါသလား (၀ါ) အခြားသော အက္ခရာများအပေါ် ခွဲခြားမှုရှိပါသလား။ အစ္စလာမ်သည် ယခုအာရဗီဟု ကြော်ကြားသည့် အက္ခရာစာပေတစ်ခုတည်းနှင့် သက်ဆိုင်ပါသလား။ အာရဗီကဲ့သို့ပင် ကိုယ်ပိုင်ဘာသာစကား ဖြစ်သော လက်တင်ဘာသာ (နိုင်ငံခြားအက္ခရာများ)နှင့်ပါ သက်ဆိုင်မှုရှိပါသလား။ အများနှင့်ဆိုင်သော အစ္စလာမ်သည် ကမ္ဘာ့ဘာသာစကား၊ အက္ခရာများအားလုံးကို အာရဗီနှင့် အတူတူပင်ဖြစ်သည်ဟု ယူဆပါသလား။
ဒုတိယအမျိုးအစားပြဿနာမှာ အက္ခရာစာပေပြောင်းလဲမှုက မွတ်စလင်မ်နိုင်ငံများ၏ လူများနှင့် ယဉ်ကျေးမှု ပေါင်းစည်းခြင်းကို မည်မျှ ဦးဆောင်ပေါင်းစပ်ပေးနိုင်မည်နည်း၊ ဤသို့ပြောင်းလဲမှုမှ သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှုကို မည်မျှအကျိုးသက်ရောက်မှု ရှိနိုင်မည်နည်း။ ဤသို့သောငြင်းခုံမှုများ ပေါ်ပေါက်ပြီးသည့်နောက်တွင် လွန်ခဲ့သောရာစုနှစ်ပေါင်း(၁၄)ခုအတွင်း တီထွင်ပြုလုပ်ခဲ့သည့် လက်ရှိ အက္ခရာအဖြစ် မှတ်တမ်းပြုထားသည့် ထိုနိုင်ငံ၏ အစ္စလာမ်နှင့် သိပ္ပံနည်းကျသောအက္ခရာကိုသာ အတည်ပြုသတ်မှတ်ခဲ့သည်။ အက္ခရာပြောင်းလဲမှုက ဤစာပေကို ဆက်လက်ထိန်းသိမ်းမှုအားလုံးအတွက် အားလုံးသောကိစ္စများနှင့် ဆက်စပ်မှုရှိပါသလား။ အခြားသောမေးခွန်းတစ်ခုမှာ ဤပြောင်းလဲမှုပြုရန် အဆိုပြုသူများမှာ မည်သူများနည်း။ မည်သူတို့က ဤပြောင်းလဲမှုကို လက်တွေ့ အကောင်အထည် ဖော်ကြပါမည်နည်း။ ဤအမေး ပုစ္ဆာများသည် အားလုံးမေးသင့် မေးထိုက်သော မေးခွန်းဖြစ်ပါသည်။

ဥရောပဦးထုပ်ကို တားမြစ်ထားခြင်းမဟုတ်။
အခြားသူများအပေါ်  (အကြောင်းမဲ့) မှီခိုနေရခြင်းကိုသာ တားမြစ်ခြင်း။
ကျွန်ုပ်ကဲ့သို့သောသူများအနေဖြင့် မကြာခဏရင်ဆိုင်ရသော ပြဿနာများမှာ မတ်တပ်ရပ်လျှက် အစားအသောက် စားခြင်းအပေါ် အစ္စလာမ့်ဥပဒေက မည်သို့ သတ်မှတ်ထားပါသနည်း။ အစားအစာကို ဇွန်းနှင့် ခက်ရင်းနှင့် စားလျှင် မည်သို့ ဖြစ်သွားပါမည်နည်း။ ဥရောပ စတိုင်လ်ဦးထုပ်ဆောင်းလျှင်ဘာဖြစ်သလဲ။ နိုင်ငံခြား ဘာသာစကားပြောတာကို အစ္စလာမ်ကတားမြစ်သလားစသည်ဖြင့် အထင်သေးငေါ့တော့တော့နိုင်သော မေးခွန်းများဖြစ်သည်။
အထက်ပါမေးခွန်းများ ချေပရာတွင် ကျွန်ုပ်တို့က ပေးသည့်အဖြေမှာ ဤကိစ္စရပ်များနှင့် ပတ်သက်၍ အစ္စလာမ်မှတိကျသည့် လမ်းညွှန်သင်ကြားမှုမျိုး ပေးမထားပါ။ အစ္စလာမ်အနေနှင့် အစ္စလာမ်ဘာသာဝင်များအား အစာစားရာတွင် လက်နှင့်စားပါ (၀ါ) ဇွန်းနှင့်စားပါဟူ၍ လမ်းညွှန်မထားပါ။ အစ္စလာမ်ကလည်း ညွှန်ထားသည်မှာ သန့်ရှင်းစင်ကြယ်မှုကို အလေးထားရန်သာဖြစ်သည်။ အစ္စလာမ်မှ မည်သည့်ရှုးဖိနပ်ပုံစံ၊ ဦးထုပ်ပုံစံနှင့် ၀တ်စုံပုံစံကိုမျှ အသေးစိတ် လမ်းညွှန်သတ်မှတ် ပေးခြင်းမရှိပါ။ အစ္စလာမ့်ရှုထောင့်မှကြည့်လျှင် အင်္ဂလိပ်ဘာသာစကားသည်လည်းကောင်း၊ ဂျပန်ဘာသာစကားသည်လည်းကောင်း၊  ပါရှန်ဘာသာစကား (ဖါရစီ)သည်လည်းကောင်း တူညီသောအဆင့်အတန်းရှိပါသည်။
သို့စေကာမူ အစ္စလာမ်သည် အချို့သောအရေးကိစ္စများအတွက်ကား အထူးလမ်းညွှန်မှုများရှိပေသည်။ မိမိ၏ကိုယ်ပိုင် လက္ခဏာပျောက်စေခြင်းအား တားမြစ်သည်။ အခြားသူများအား မလိုအပ်ဘဲ အလွန်အမင်း ကြောက်ရွံ့ခြင်းကိုတားမြစ်သည်။ တုပ၍ဖြေဖျော်မှု (ဥပမာ-အသံတုခြင်း၊ အမူအရာ ဟန်ပန်တုခြင်း) များကို တားမြစ်သည်။ အခြားသောသူများနှင့် ရောနှောခြင်းကို တားမြစ်သည်။ ယုန်ကို မြွေနှင့်ထောင်ဖမ်းသကဲ့သို့ တစ်ပါးသူများအား ညှို့ငင် မြူဆွယ်ခြင်းကိုတားမြစ်သည်။ အခြားသော နေရာဒေသတစ်ခုမှ မြည်းသေ တစ်ကောင်ကို လားဟုယူဆခြင်းကိုတားမြစ်သည်။ (၂၀)ရာစု၏ အကြောင်းချင်းရာများဟု အမည်တပ်၍ အခြားလူများ၏ဖောက်ပြန်မှုများ၊ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုများကို တားမြစ်သည်။ မွတ်စလင်များအနေနှင့် အတွင်းပိုင်း၊ အပြင်ပိုင်းနှစ်ခုစလုံး အနောက်တိုင်းဆန်ခြင်း၊ ရုပ်ပိုင်းရောနာမ်ပိုင်းဘ၀ အနောက်တိုင်းဆန်ခြင်း ပြုရန်လိုသည်ဟူသောယုံကြည်ချက်ကို တားမြစ်သည်။ အနောက်နိုင်ငံတစ်နိုင်ငံသို့ ရက်အနည်းငယ်သွားရောက်ပြီး ပြန်လာသောအခါတွင် မိမိတို့၏သက်ဆိုင်ရာဘာသာစကားများကို အနောက်တိုင်းအသံထွက်၍ ပြောဆိုခြင်းများ ကို ပိတ်ပင်တားမြစ်သည်။

အရေးကြီးခြင်း၊ ပို၍ အရေးကြီးခြင်း
ခေတ်ကာလ၏လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်စေသော အစ္စလာမ်၏ အခြားသောကဏ္ဍတစ်ခုမှာ ၎င်းင်း၏လမ်းညွှန်သင်ကြားမှုများသည် ကြောင်းကျိုး ဆင်ခြင်ရန် ခိုင်လုံကိုက်ညီခြင်းပင်ဖြစ်သည်။ အစ္စလာမ် ထုတ်ဖော် ကြေငြာထားသည့်အတိုင်း ယင်း၏ဥပဒေသများသည် ပို၍မြင့်မားသောကိစ္စရပ်များအပေါ်မျှော်မှန်း၍ ကြိုတင် စဉ်းစားဆင်ခြင်ထားပြီးဖြစ်သည့်အကြောင်းအရင်းများတွင် အခြေခံထားပေသည်။ တစ်ချိန်တည်းမှာပင် ယင်းအကြောင်းချင်းရာများ၏ အရေးပါမှု အဆင့်အတန်းကိုလည်း အစ္စလာမ်ကပင် ထုတ်ပြန်ကြော်ငြာပေးသည်။ ဤသို့ ဆောင်ရွက်ပေးမှုများက အဆိုပါနယ်ပယ်များနှင့် ပတ်သက်သော အစ္စလာမ့်ဥပဒေကျွမ်းကျင်သူများ အတွက် တစ်ခုနှင့်တစ်ခုမတူရာကို နှိုင်းယှဉ်စရာ အမျိုးမျိုးသောအကြောင်းအရာများ ပေါ်လာစေသည်။
ဤသို့သောအခြေအနေများနှင့် ကြုံကြိုက်လာပါက အစ္စလာမ့်ဥပဒေ ကျွမ်းကျင်သူများအနေနှင့် အမျိုးမျိုးသောအကြောင်းအရာများ၏ အရေးပါမှုကို ချိန်ဆရန် အစ္စလာမ်ကခွင့်ပြုထားပြီးဖြစ်သည်။ ဤသို့ ချိန်ဆရာတွင်လည်း အစ္စလာမ်က ညွှန်ပြထားသော လမ်းညွှန်ချက်များကိုအခြေခံ၍ ပို၍အရေးကြီးသောကိစ္စ အချင်းအရာများကို ဆုံးဖြတ်ကြရန်ဖြစ်သည်။ အစ္စလာမ့်ဥပဒေအတတ်ပညာတွင် ဤစည်းမျဉ်းမျိုးကို “အရေးကြီးသောနှင့် ပို၍အရေးကြီးသောပြဿနာ´´ဟု ခေါ်သည်။ ဤစည်းမျဉ်းဥပဒေသကိုသုံး၍ စဉ်းစားရသော မြင့်၍ပို၍မြင့်သော ကြောင်းချင်းရာများနှင့် ဆိုင်သည့်ဥပမာများ များစွာရှိပါသည်။ သို့သော် ကျမ်းလေးမည်ဆို၍ ဤဥပဒေများကိုချန်လှပ်ပြီး ဆက်လက် တင်ပြသွားပါမည်။

ဗီတိုအာဏာဖြင့် တားဆီးပိတ်ပင်ခွင့်ရှိသောဥပဒေများ
အစ္စလာမ်သာသနာအား ပြောင်းလဲနေသောအခြေအနေများနှင့်အညီ ပြောင်းလဲနိုင်သော၊ လက်တွေ့ အသုံးပြုနိုင်စေသော အရည်အသွေးမှာလည်း အစ္စလာမ်၏ထူးခြားသော မျက်နှာစာတစ်ခုဖြစ်သည်။ ဤထူးခြားသော အရည်အသွေးကြောင့်ပင် အစ္စလာမ်သည် အမြဲရှင်သန်နေသော၊ ထာဝရတည်တံ့နေသော ဘာသာတရားတစ်ခုဖြစ်စေသည့် အကြောင်းရင်းပင်ဖြစ်သည်။ အစ္စလာမ်တွင် အခြားသောဥပဒေသများကို မွမ်းမံပြုပြင်၊ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် တရားဥပဒေတရားကိုယ်သဘောရှိနေခြင်းကြောင့် ဖြစ်သည်။ ယင်းတရားဥပဒေသများကို ဥပဒေသပညာရှင်များက “စိုးမိုးချုပ်ကိုင်နေသည့် စည်းမျဉ်းစည်းကမ်းများ´´ ဟု ခေါ်ဆို ကြသည်။
“မထိခိုက်၊ မနစ်နာ၊ မဆုံးရှုံးစေရ´´ဟူသော ဥပဒေသအရ ဥပဒေသည် အပြစ်မဲ့သူတစ်ဦးဦး၏ အကျိုး  စီးပွားကို ထိခိုက်နစ်နာဆုံးရှုံးစေမည့် မည်သည့် ကိစ္စမျိုးကိုမျှ ခွင့်ပြုမည်မဟုတ်။ ဤဥပဒေ၏တရားကိုယ်သဘောသည် တရားဝင်ဖြစ်သော ဥပဒေဆိုင်ရာ စနစ်ကြီးတစ်ခုလုံးအတွက် အကျိုးသက်ရောက်စေမည်။ ဤတရားကိုယ် သဘောတရား၏ရည်ရွယ်ချက်မှာ အခြားသောဥပဒေသများကို ပြုပြင်မွမ်းမံရန် (၀ါ) လွှမ်းမိုးချုပ် ကိုင်ရန် ဖြစ်သည်။ အမှန်တကယ်တွင် အစ္စလာမ်က အခြားသောစည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲရန် ဤစည်းမျဉ်းစည်းကမ်းများအပေါ်တွင် ဗီတိုအာဏာပေးထားပြီးဖြစ်သည်။

အုပ်ချုပ်သူများ၏အာဏာ
ထပ်မံ၍ အဆုံးသတ်အနေနှင့် အစ္စလာမ်ဘာသာတရားအား အပြီးသတ် အရည်အသွေးများပေးခဲ့သည့် ကြည့်ရှုလေ့လာစစ်ဆေးမှုများနှင့် ချိန်ခွင်လျှာညှိမှု သဘောများတရားကို ဆက်လက်တင်ပြသွားပါမည်။ ဤကိစ္စနှင့် ပတ်သက်၍ အကျင့်သီလ မွန်မြတ်သန့်စင်မှန်ကန်သော အစိုးရများကို ကိုယ်စားပြုသည့် အာဏာအကြောင်းကို အရေးပေးတင်ပြသွားပါမည်။

အိဂ်ျတိဟါဒ် ဟူသောသဘောတရား
ပါကစ္စတန်လူမျိုး အတွေးအခေါ်ပညာရှင်တစ်ဖြစ်လဲ ကဗျာဆရာ အစ် (က)ဘားလ်က အိဂ်ျတိဟါဒ် (ဥပဒေသများကို ၎င်းင်းတို့၏မူလအရင်းအမြစ်မှ ထုတ်ယူခြင်း)သည် အစ္စလာမ်၏ အရင်းခံတွန်းအားပေးသည့် အင်အားများဖြစ်သည်ဟု ဆိုထားသည်။ ဤသို့ဆိုလိုခြင်းမှာ မှန်ပါသည်။ သို့သော်ပို၍ အရေးကြီးသောအချက် မှာ အစ္စလာမ်တွင် အိဂ်ျတေ့ဟါဒ်ကို လိုလိုလားလား လက်ခံတတ်သော အထူးအရည်အသွေး ရှိနေသော အချက်ဖြစ်သည်။ အခြားမည်သည့် ဘာသာတရားတွင်မျှ ဤအချင်းအရာနှင့်ပတ်သက်၍ ဤသို့ထူးခြားသည့် အရည်အသွေးကို ပိုင်ဆိုင်ထားမှုမရှိပါ။ အစ္စလာမ့်အနှစ်သာရ အတွင်းပိုင်း တည်ဆောက်ထားပုံမှာ အထက်ပါ အတိုင်း ပုံစံချမှတ်ထားပြီး ဖြစ်သောကြောင့် အိဂ်ျတိဟါဒ့်၏အကူအညီဖြင့် ယင်းသည် အမြဲတမ်းပြောင်းလဲတတ် သော ဘ၀၏လိုအပ်ချက်များနှင့်အညီ လိုက်လျောညီထွေကျင့်သုံးနိုင်ခြင်းဖြစ်သည်။
အဘူအလီဆီနာ (အဗီစီနာ) က သူ၏စာအုပ်တွင် အမြဲပြောင်းလဲနေသော လိုအပ်ချက်တိုင်းအတွက် အိဂ်ျတိဟါဒ် ပြုလုပ်ရန်လိုအပ်ကြောင်းကို အခြေပြုတင်ပြထားသည်။ သူ၏စာအုပ်တွင် အဘူအလီဆီနာက ပြောသည်မှာ ဘ၀၏အခြေအနေများသည် အမြဲတစေပြောင်းလဲနေသည်။ ပြဿနာသစ်များသည် အသစ် အသစ်ထပ်မံ၍ အကြိမ်ကြိမ်မွေးဖွားလာသော်လည်း အစ္စလာမ်၏ အခြေခံသဘောတရားများသည် အမြဲတစေ ပုံသေဖြစ်နေပြီး၊ ပြောင်းလဲ၍မရနိုင်ပါ။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဥပဒေရေးရာတွင် ဗဟုသုတရှိကြသူများနှင့် ကျင့်ဝတ်သီလရှိကြသောလူများအဖို့ ခေတ်တစ်ခေတ်မှ တစ်ခေတ် ပြောင်းလဲ၍ ပေါ်ထွက်လာနိုင်သော ပြဿနာများကို ဖြေရှင်းနိုင်မည်သာမက လူသားများ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် ပြဿနာများကို အဖြေရှာပေးနိုင်ပေလိမ့်မည်။
အစ္စလာမ်နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မွတ်ဂ်ျတဟစ်ဒ် (အိဂ်ျတိဟါဒ့်ကို လက်တွေ့ ကျင့်သုံးနေသည်ဟု) ကျော်ကြားသော သာသနာရေး ပညာရှင်များ ငါးဦးထက်မနည်းသော အဖွဲ့အစည်းတစ်ခုကို ပြုလုပ်ဖွဲ့စည်းသင့်ပြီး ၎င်းင်းပညာရှင်များက အချိန်ကာလအလိုက် နိုင်ငံတော်များက ထုတ်ပြန်နေသောဥပဒေသများ ပေါ်တွင် အစဉ်တစိုက်လေ့လာ စောင့်ကြပ်နေရန်လည်း တာဝန်ပေးထားသင့်ပါသည်။
ဤနေရာတွင် ဆိုလိုသည့်သဘောမှာ စည်းကမ်းတင်းကျပ်သည့် လှေနံဓါးထစ် တစ်ယူသန်သမားများ၊ ခေတ်မီတိုးတက်ဖွံ့ဖြိုးမှုကို ဆန့်ကျင်သူများ၊ မသိနားမလည်ကြသော သတင်းမှားများ လက်ခံထားရှိကြသူများ၊ ဘာမသိညာမသိဘဲ အများနောက်လိုက်နေကြသူများ မည်သူမဆိုနိုင်ငံသားအားလုံးသည် နိုင်ငံတော်၏ဥပဒေပြုမှု များကို အမြဲမပြတ် စောင့်ကြည့်လေ့လာရမည်။ ဝေဖန်သုံးသပ်ရမည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
အိဂ်ျတိဟါဒ့်၏ အမှန်တကယ်ဆိုလိုရင်းသဘောမှာ အထူးပြုချက်များဖြစ်ပြီး အိဂ်ျတိဟါဒ့်ပြုသူများ အနေနှင့် အစ္စလာမ်အခြေခံအနှစ်သာရကိုလည်းကောင်း၊ အစ္စလာမ်တရားဥပဒေဆိုင်ရာ ဥပဒေအတတ်ပညာကို အတွင်းကျကျ လေ့လာရန်လိုသည်။ သို့မှသာ အစ္စလာမ်အကယ်ဒမီကျောင်းတော်များမှ ထွက်လာသောသူများ သည် ပြစ်တင်ဝေဖန်ခြင်းကို မခံရမှာဖြစ်သည်။
အစ္စလာမ်က ချမှတ်ထားသောသဘောတရားများ၊ ကျင့်ဝတ်သီလများကို ဝေဖန်ဆန်းစစ်ရန်မှာ မွတ်စလင်မ်တစ်ဦးအတွက် ဘ၀တည်ဆောက်မှု အလုပ်တစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ဤသို့ ပြုလုပ်နိုင်ရန်မှာ အလ္လာဟ်အရှင်ထံမှအကူအညီအပြင်၊ ထိုလုပ်ငန်းတွင် အရသာတွေ့သော၊ စွမ်းရည်ပြောင် မြောက်သောအထုံဝါသနာရှိသောသူတစ်ဦးဖြစ်ရန်မှာ အသေအချာဖြစ်သည်။
အိဂ်ျတိဟါဒ့်ကျင့်သုံးမှုနှင့် အထူးပြုချက်များမှ ဖယ်ခွာ၍ အချို့သော ပုဂ္ဂိုလ်များသည် ၎င်းင်းတို့၏အမြင် သည် ယုံကြည်လောက်ဖွယ်ရှိသော ခိုင်လုံသည့် အသိပညာ ဗဟုသုတများရရှိလာသူများလည်းရှိကြပါသည်။ ထိုသူတို့ အနေနှင့် ပို၍ဘာသာတရားကိုင်းရှိုင်းပြီး အတတ်နိုင်ဆုံး အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခံ့ငြားရန် လိုအပ်ပါသည်။ အစ္စလာမ့်၏ သမိုင်းကဖော်ပြသည်မှာ ထိုပုဂ္ဂိုလ်များ အထူးသဖြင့် အသိပညာ အမြောက်အမြားရှိသူ၊ ကျင့်ဝတ်သီလမြင့်မားသူများသည် ဥပဒေဆိုင်ရာ ၎င်းတို့ထင်မြင်ယူဆချက်များကို ဖော်ထုတ်ရာတွင်ကြီးစွာသောသတိကိုပြုကြသည် ဟူသော အချက်ပင်ဖြစ်သည်။
မြန်မာမွတ်စလင်မ်များ အစ္စလာမ့်ဘ၀တည်ဆောက်မှုအတွက် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ် နိုင်ကြပါစေ။
ဆရာမကြီးဒေါက်တာလှလှဝင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | coupon codes