06 January 2010

မွတ်စလင်တွေဟာဘာကြောင့်ဂိုဏ်းဂဏတွေ၊ကျောင်းတော်ဝါဒအတွေးအခေါ်တွေ ကွဲပြားခြားနားနေကြရတာလဲ


အမေး

                အားလုံးသော မွတ်စလင်တွေဟာ တစ်ခုတည်းသော လမ်းစဉ်၊ တူညီတဲ့ ကုရ်အာန်ကို လိုက်နာနေကြပါလျှက်နဲ့ မွတ်စလင်တွေ အကြားမှာ ဘာကြောင့် ဂိုဏ်းဂဏ တွေ များနေရတာလဲ။ ကျောင်းတော်ဝါဒ ဒဿနတွေ ဘာလို့  ကွဲပြားခြားနားကြရတာလဲ။

အဖြေ   ။     ။ဒေါက်တာဇာကိရ်နိုက်(ခ်)
၁။ မွတ်စလင်များ ညီညွတ်သင့်သည်

                ဒီကနေ့ မွတ်စလင်တွေဟာ အချင်းချင်း အကြားမှာကို ကွဲပြား ကြေကွဲဖွယ်ရာ ဖြစ်နေတာကတော့ ဒီလို ကွဲလွဲမှုတွေဟာ အစ္စလာမ်က ထောက်ခံခဲ့လို့ ဖြစ်ခဲ့ရတာတော့ လုံးဝကိုမဟုတ်ပါဘူး။ အစ္စလာမ်က အယူဝင်တွေ အကြားမှာ ညီညွတ်ရေးကို အားပေးပါတယ်။ မြှင့်တင်ပေး ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်က အခုလို ဆိုထားပါတယ်။
"(အသင်တို့အတွက် ဆန့်ပေးထားသော) အလ္လာဟ်၏ကြိုးကို တစ်စည်းတစ်လုံးတည်း ဆုပ်ကိုင်ထားကြ။ အသင်တို့အချင်းချင်း ဝိဝါဒမကွဲကြနှင့်။"
[ ကုရ်အာန်    ၃း ၁၀၃ ]
                ဒီအာယတ်တော်ထဲမှာ ညွှန်းထားတဲ့ အလ္လာဟ်ရဲ့ကြိုး ဆိုတာ ဘယ်ကြိုးလဲ။ ကျမ်းတော် မြတ်ကုရ်အာန်ပဲ ဖြစ်ပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန်ကသာ အားလုံးသော မွတ်စလင်တွေ အတူတကွ ဆုပ်ကိုင် ထားသင့်တဲ့ အလ္လာဟ်ရဲ့ကြိုး ဖြစ်ပါတယ်။ ဒီပါဒတော်ထဲမှ အချက်နှစ် ခုကို လေးလေးနက်နက် အသားပေးထားချက် ရှိနေပါတယ်။ "အတူတကွ ဆုပ်ကိုင်ထားကြ" လို့ ပြောထားတဲ့ အပြင် ဝိဝါဒမကွဲကြနဲ့လို့လဲ ထပ်ပြီး ဆိုထားပါသေးတယ်။
                ကုရ်အာန်က ရှေ့ဆက်ပြီး ဆိုထားပါသေးတယ်။
"အလ္လာဟ်ရဲ့အမိန့်ကို နာခံ၊ တမန်တော်ရဲ့ အမိန့်ကိုနာခံ။" [ ကုရ်အာန်  ၄း ၅၉ ]
                အားလုံးသော မွတ်စလင်တွေဟာ ကုရ်အာန်နဲ့ ခိုင်လုံတဲ့ ဟဒီးဆ် တော်များကို လိုက်နာသွားသင့်တယ်။ အချင်းချင်း အကြားမှာ အကွဲကွဲ အပြဲပြဲ မရှိသင့်ကြပါဘူး။
၂။ အစ္စလာမ်တွင် ဂိုဏ်းဂဏများနှင့် ဝိဝါဒ ကွဲပြားမှုများကို တားမြစ် ပိတ်ပင်ထားသည်။
ကျမ်းတော်မြတ် ကုရ်အာန်မှာ ဆိုထားပါတယ်။
"ဘာသာတရားကို အစိတ်စိတ် ခွဲခဲ့ကြပြီး ဂိုဏ်းဂဏများစွာ ကွဲစေခဲ့သူတို့နှင့် အသင်ကား နည်းနည်းလေးသော်မှ မပတ်သက်ချေ။ ၄င်းတို့၏ ကိစ္စကို အလ္လာဟ့်ထံ လွှဲအပ်ထားပြီး ဖြစ်ချေသည်။ ထိုအရှင်က အဆုံး၌ သူတို့ပြုခဲ့သမျှ ခပ်သိမ်း၏ အမှန်တရားစင်စစ်ကို သူတို့တတွေအား မိန့်ကြားပြတော်မူမှာ ဖြစ်သတည်း။" [ ကုရ်အာန်  ၆း ၁၅၉ ]
                မွတ်စလင်တစ်ဦးကို "ခင်ဗျားက ဘာတုံးလို့" မေးလိုက်ရင် ယေဘူယျ ဖြေလာမဲ့အဖြေက ကျွန်တော်က စွန္နီပါ၊ ဒါမှ မဟုတ်ရင်လဲ "ကျုပ်က ရှီအာလေ"လို့ ဖြေလာမှာ များပါတယ်။ တချို့ကျတော့ သူတို့ ကိုယ်သူတို့ ဟန္နဖီ၊ ဒါမှမဟုတ် ရှာဖွီ ဒါမှမဟုတ် မာလိကီ ဒါမှမဟုတ် ဟန်ဗလီ ဆိုပြီး ခေါ်ဆိုကြတယ်။ တချို့ကကျတော့ "ကျုပ်က ဒီယိုဗန်ဒီဗျ" လို့ ဆိုတတ်သလို "ကျုပ်ကလား၊ ဗရေလဝီပေါ့ဗျာ" လို့ ဆိုကြတာမျိုးလဲ ရှိရဲ့။
၃။ ကျွန်ုပ်တို့ရဲ့ တမန်တော်မြတ်ကြီးက မွတ်စလင်သာ ဖြစ်တယ်
                အဲဒီလိုပြောကြတဲ့ မွတ်စလင်တွေကို "ကျွန်ုပ်တို့ရဲ့ အချစ်တော် တမန်တော်မြတ်ကြီး(صلي الله عليه و سلم)ကရော ဘာတုံး။" ကိုယ်တော်ရဲ့ မဇဟဗ်က "ဟန္နဖီလား၊ ရှာဖွီလား၊ မာလီကီလား ဒါမှမဟုတ် ဟန်ဗလီလား" လို့ မေးကြည့်ခဲ့မယ်ဆိုရင်တော့
" တမန်တော်မြတ်ကြီး (صلي الله عليه و سلم) ကလဲ သူ့အလျင်က ပွင့်သွား ခဲ့ကြတဲ့ အလ္လာဟ်ရဲ့ တမန်တော်များလိုပဲ မွတ်စလင်ပဲပေါ့ဗျာ"လို့ မုချ ဖြေကြမှာသာ ဖြစ်ပါတယ်။
                အလ် ကုရ်အာန် ကဏ္ဍ ၃၊ ပါဒ ၅၂ မှာ အီဆာနဗီ (عليه الصلاة و السلام) (ခရစ်တော်)ကို မွတ်စလင်ဆိုပြီး ဖော်ပြထားပါတယ်။ ရှေ့ဆက်ပြီး ကဏ္ဍ ၃၊ ပါဒ ၆၇ မှာကျတော့ အလ် ကုရ်အာန်က အီဗရာဟီမ် (عليه الصلاة و السلام)ဟာ ဂျူးလည်း မဟုတ်၊ ခရစ်ယာန်လဲ မဟုတ်၊ မွတ်စလင်တစ်ဦးသာ ဖြစ်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
၎။ ကုရ်အာန်က ကိုယ့်ကိုယ်ကို မွတ်စလင်လို့သာ ခေါ်ဆိုကြဖို့ ဆိုထားပါတယ်။
(က)       တကယ်လို့ မွတ်စလင် တစ်ဦးကို "ခင်ဗျားက ဘယ် သူတုံး" လို့များ အမေးခံလာခဲ့ရရင် သူ့အနေနဲ့ ကျွန်တော်က မွတ်စ လင်တစ်ဦးပါလို့သာ ဖြေဆိုသင့်ပါတယ်။ ကျွန်တော်က စွန္နီပါ။ ဒါမှမဟုတ် ကျွန်တော်က ရှီအာဟ်ပါ ဆိုတာမျိုး မဖြေဆိုသင့်ပါဘူး။ စူရာဟ် ဖုဆ်ဆီ လာသ် ကဏ္ဍ ၄၁၊ ပါဒ ၃၃ မှာ ဆိုထားတာက ဒီလိုပါ။
"(လူတို့အား) အလ္လာဟ့်ဘက်သို့ ဖိတ်ခေါ်ပြီး ကိုယ်ကိုယ်တိုင်လည်း ကောင်းမြတ်ရာကို ကျင့်ကြံသူထက် စကားအရာ၌ ပိုမိုကောင်းမွန်သူကား အဘယ်နည်း။ သူက ကျွန်ုပ်သည် အစ္စလာမ်ကို နာခံသူ (မွတ်စလင်) ဟုသာ ဆိုအံ့ရာတည်း။" [ ကုရ်အာန်   ၄၁း ၃၃ ]
                ကုရ်အာန်က "ကျွန်ုပ်သည် အစ္စလာမ်ကို နာခံသူထဲမှ တစ်ဦး ပါ"လို့ ပြောဆိုပြီး ဆိုထားပါတယ်။ တစ်နည်းပြောရရင်ဖြင့် "ကျွန်တော် က မွတ်စလင်တစ်ဦးပါ" ဆိုပြီးသာ ပြောခိုင်းတာ ဖြစ်ပါတယ်။
(ခ)          တမန်တော်မြတ်ကြီး (صلي الله عليه و سلم) က မွတ်စလင်မဟုတ်တဲ့ ဘုရင်မင်းများနဲ့ အုပ်ချုပ်မှု အကြီးအကဲများထံ သဝဏ်လွှာများ ပေးပို့ပြီး အစ္စလာမ်ကို လက်ခံကြဖို့ သူတို့ကို ဖိတ်ခေါ်ခဲ့တာရှိပါတယ်။
ဒီစာတွေထဲမှာ တမန်တော်မြတ်ကြီး(صلي الله عليه و سلم)ကကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် အာလေ့အင်မရာန်၊ ကဏ္ဍ ၃၊ ပါဒ ၆၄ ကို ဖော်ပြထားပါတယ်။
"ကျွန်ုပ်တို့သည် (အလ္လာဟ်၏ အလိုတော်ကို မုချ နာခံ ကျိုးနွံကြကုန်သော)  မွတ်စလင်များ ဖြစ်ကြသည်ကို အသင်တို့ သက်သေခံကြဟု ပြောကြားလေလော့။"[ ကုရ်အာန်  ၃း ၆၄ ]
၅။ အားလုံးသော အာလင်မ်ပညာရှင်ကြီးများကို လေးစားထိုက်ပါသည်
                အိမာမ် အဗူဟနီဖွာ၊ အိမာမ် ရှာဖွီ၊ အိမာမ် ဟမ်ဗလီနဲ့ အိမာမ် မာလိက်(رضي الله تعالي عنه)ဆိုတဲ့ အိမာမ်ကြီး လေးပါး အပါအဝင် အားလုံး သော အာလင်မ်ကြီးတွေကို ကျွန်ုပ်တို့အနေနဲ့ လေးစားကြရပါမယ်။ သူတို့ တတွေဟာ တကယ် ကြီးကဲတဲ့ ပညာရှိသုတေသီကြီးတွေ ဖြစ်ပါတယ်။ သူတို့ တွေရဲ့ သုတေသနပြုချက်နဲ့ အပတ်တကုတ် အားထုတ်လုပ်ဆောင်ချက် တို့ကို အလ္လာဟ်ရှင် ကောင်းကျိုးဆုလဒ် ချီးမြှင့်ပေးတော်မူပါစေသား။ တကယ်လို့ တစ်ဦးတစ်ယောက်က အိမာမ်ဟန္နဖီ သို့မဟုတ် အိမာမ်ရှာဖွီ စသူတို့ရဲ့ အမြင်များနဲ့ သုတေသန ပြုချက်တွေကို နှစ်ခြိုက်နေတယ်ထား၊ သူ့ကို ဘယ်သူကမှ မကန့်ကွက်နိုင်ပါဘူး။ ဒါပေမဲ့ "ခင်ဗျားက ဘယ်သူတုံး" လို့ အမေး ခံလာခဲ့ရ ရင်တော့ "ကျွန်ုပ်က မွတ်စလင်တစ်ဦး ဖြစ်ပါတယ်" ဆိုတဲ့ အဖြေကိုသာ ပေးသင့်ပါတယ်။
                တချို့က ဆုနန် အဗူဒါဝူးဒ်ကျမ်းလာ ဟဒီးဆ်အမှတ် ၄၅၇၉ ကို ကိုးကားပြီး စောဒက တက်ခဲ့ကြပါတယ်။ ဒီဟဒီးဆ်ထဲမှာ တမန်တော် မြတ်(صلي الله عليه و سلم)က "ငါရဲ့အမျိုးသားထုကြီးက ခုနှစ်ဆယ့် သုံးဂိုဏ်း ကွဲသွားလိမ့် မယ်" လို့ မိန့်တော်မူခဲ့တယ်လို့ ဆိုပါတယ်။
                ဒီဟဒီးဆ်မှာ တမန်တော်မြတ်ကြီး(صلي الله عليه و سلم)က ခုနှစ်ဆယ့် သုံးဂိုဏ်း ပေါ်လာမှာကို ကြိုတင် ဟောကိန်းထုတ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ မွတ်စလင် တွေဟာ အချင်းချင်း အကြား ဂိုဏ်း ခုနှစ်ဆယ့် သုံးဂိုဏ်း ကွဲသွားအောင် တက်ကြွ နှိုးကြားစွာနဲ့ လုပ်ဆောင်ကြလိမ့်မယ် ဆိုပြီး ဆိုထားတာတော့ မဟုတ်ပါဘူး။ ကုရ်အာန်က ဂိုဏ်းဂဏမဖန်တီးရလို့ ပညတ်ထားပါတယ်။ ကုရ်အာန်နဲ့ ဆွဟီးဟဒီးဆ်တွေကို လိုက်နာပြီး ဂိုဏ်းဂဏ မခွဲခြားသူတွေ ဟာ လမ်းမှန်ပေါ်မှာ ရှိသူတွေ ဖြစ်ကြပါတယ်။
                တီရ်မိဇီဟဒီးဆ်အမှတ် ၁၇၁ အရ တမန်တော်မြတ် (صلي الله عليه و سلم) က "ကျွန်ုပ်ရဲ့အမျိုးသားထုများက ခုနှစ်ဆယ့် သုံးဂိုဏ်း ကွဲသွားကြမှာ ဖြစ်အံ့။ တစ်ဂိုဏ်းမှလွဲလျှင် ကျန် ဂိုဏ်းအားလုံး ငရဲလားရအံ့"လို့ မိန့်တော်မူခဲ့ ပါတယ်။ ဒီအခါမှာ အဆွေတော်ကြီးတွေက တမန်တော်မြတ်(صلي الله عليه و سلم)ထံမှာ "ဘယ်အုပ်စုကလဲ" လို့ မေးလျှောက်ခဲ့ကြပါတယ်။ ကိုယ်တော်က "ကျွန်ုပ်နဲ့ ကျွန်ုပ်ရဲ့ အဆွေတော်များ ပါဝင်တဲ့ အုပ်စုပေါ့" လို့ ဖြေကြား တော်မူခဲ့တယ်။
                ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ပါဒတော် အများအပြားမှာပဲ "အလ္လာဟ်ကို နာခံ၊ အရှင်ရဲ့ တမန်တော်ကို နာခံ"ဆိုပြီး ဖော်ပြထား ပါတယ်။ စစ်မှန်တဲ့ မွတ်စလင်တစ်ဦးဟာ ကျမ်းမြတ် ကုရ်အာန်နဲ့ဆွဟီးဟ် ဟဒီးဆ်ကို လက်ခံရပါမယ်။ ဘယ်ပညာရှိများရဲ့အမြင်ကိုမဆို သူတို့ရဲ့ အဆိုက ကုရ်အာန်နဲ့ ဆွဟီးဟ် ဟဒီးဆ်နဲ့ ကိုက်ညီနေသရွေ့ သူ့အနေနဲ့ လက်ခံသွားနိုင်ပါတယ်။ ဒီလိုအမြင်များက အလ္လာဟ်ရဲ့ စကားနဲ့ရော တမန်တော်မြတ်(صلي الله عليه و سلم) ရဲ့ စွန္နသ်နဲ့ရော ဆန့်ကျင်နေတယ် ဆိုရင်တော့ ဒီပညာရှိကြီးတွေက ဘယ်လောက်ပဲ ပညာကြီးမားချင် ကြီးမားနေပါစေ သူတို့တတွေဟာ ဘာမှ အချိန် မစီးတော့ပါဘူး။
တကယ်လို့ အားလုံးသော မွတ်စလင်တွေဟာ ကုရ်အာန်ကို နားလည်စွာနဲ့ ဖတ်ကြမယ်။ ဆွဟီးဟ်ဟဒီးဆ်တွေကို ဆုပ်ကိုင်သွား ကြမယ် ဆိုရင်ဖြင့် အင်ရှာအလ္လာဟ် ဒီကွဲလွဲချက် အများစုကြီးကို ဖြေရှင်း သွားနိုင်ကြမှာဖြစ်သလို စုစည်းညီညွတ်နေတဲ့ မွတ်စလင်အွမ္မသ်ထု ကြီးတစ်ရပ်အနေနဲ့ ရှိနေကြမှာ ဖြစ်ပါတယ်။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | coupon codes