Bookmark and Share  
အမျိုးသမီးများဗလီဝတ်ကျောင်းတော်တက်ရောက်ဝတ်ပြုခွင့်ရှိ/မရှိ

ဒေါက်တာ မုဟမ္မဒ်။    ။အမျိုးသမီးများအား ဗလီဝတ်ကျောင်းတော်တွင် တက်ရောက် ၀တ်ပြုခြင်းကို အဘယ်ကြောင့် ခွင့်မပြုရပါသနည်း

ဒေါက်တာဇာကိရ်။    ။ အခုမေးမြန်းသည့်မေးခွန်းမှာ အမျိုးသမီးများအား ဗလီဝတ်ကျောင်းတော်တွင် အဘယ်ကြောင့် တက်ရောက် ၀တ်ပြုခွင့် မပေးရပါသနည်း။ ဤမေးခွန်းကို အနှစ်ချုပ်တင်ပြရန်မှာ အလွန်ပင် ခဲယဉ်းပါဘိ။ ကျမ်းမြတ် ကုရ်အာန်(သို့) တိကျခိုင်မာသော ဆွဟီဟဒီးဆ်တော်များတွင် မည်သည့်နေရာ၌မျှ ဗလီ(သို့) ၀တ်ကျောင်းတော်သို့ အမျိုးသမီးများ ၀င်ရောက်ခြင်းကို မတားမြစ်ထားပေ။ အချို့သောလူများက တမန်တော်မြတ်(صلي الله عليه و سلم)မှ မိန့်တော်မူထားသည်မှာ- “အမျိုးသမီးများ အတွက် အိမ်၌ ဆွလားတ်ဝတ်ပြုခြင်းသည် ဗလီဝတ်ကျောင်းတော်၌ ၀တ်ပြုခြင်း ထက်ပို၍ ကောင်းလေသည်။ ထို့ပြင် အိမ်၌ ဆွလားတ်ဝတ်ပြုခြင်းထက် သူမ၏အိမ်ရှိ အတွင်းခန်း၌ ၀တ်ပြုခြင်းသည် ပိုမိုကောင်းမွန်လေသည်။”ဟူသော ဟဒီးဆ်တော်ကို ကိုးကားပြောဆိုကြပေသည်။ သူတို့သည် အရင်းအမြစ်တစ်ခုကိုသာ ဆွဲကိုင်ထား၍ အရင်းအမြစ်များအားလုံးကိုမူ လျစ်လျူရှု စွန့်လွတ်ထားကြလေသည်။

ဤဟဒီးဆ်၏ အခြေအနေကို အသင့်အနေနှင့် သဘောပေါက် နားလည်သင့်ပေသည်။ နဗီတမန်တော်မြတ်
မုဟမ္မဒ်(صلي الله عليه و سلم)က မိန့်တော်မူသည်မှာ “အသင့် အနေနှင့် ဗလီဝတ်ကျောင်းတော်၌ ဖရ်သ်ွဆွလားတ်ဝတ်ပြုခြင်းဖြင့် အကျိုး စ၀ါးဗ် (၂၇)ဆ ပိုရရှိလေသည်။ ထိုအခါ အမျိုးသမီးတစ်ဦးမှ နဗီတမန်တော်မြတ် မုဟမ္မဒ် (صلي الله عليه و سلم) အား လျှောက်ထားမေးမြန်းခဲ့သည်မှာ “ကျွန်မတို့တွင် နို့စို့ အရွယ်ကလေးများနှင့် အိမ်မှုကိစ္စမြောက်မြားစွာ ဆောင်ရွက်ရန်ရှိသောကြောင့် ကျွန်မတို့သည် ဗလီ ၀တ်ကျောင်းတော်သို့ အဘယ်ကဲ့သို့ သွားရောက်နိုင်ပါမည်နည်း။” ထို့ကြောင့် တမန်တော်မြတ်(صلي الله عليه و سلم)မှ ပြန်လည်၍ ဖြေကြားခဲ့သည်မှာ သို့ဖြစ်လျှင် အမျိုးသမီး တစ်ဦးသည် အိမ်၌ ဆွလားတ်ဝတ်ပြုခြင်းသည် ဗလီ၌ ဆွလားတ် ၀တ်ပြုခြင်းထက် ပိုကောင်းလေသည်။ အိမ်၌ ၀တ်ပြုခြင်းထက် မိမိ၏ ကိုယ်ပိုင်အခန်းအတွင်း ၀တ်ပြုခြင်းက သာပို၍ ကောင်းမြတ်လေသည်။ သူမ၌ နို့စို့အရွယ်ကလေးများ၊ ပြဿနာများရှိနေလျှင် တူညီသောအကျိုးစ၀ါးဗ်ရပေမည်။”

မြောက်များစွာသော ဟဒီးဆ်တော်များတွင် အမျိုးသမီးများအား ဗလီသို့ တက်ရောက်ခွင့်ပြုခြင်းကို တားမြစ်သောအရိပ်အရောင်ပင် မည်သည့်အခါမျှ မတွေ့ရပေ။ ဟဒီးဆ်တော်တစ်ခုတွင် “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဗန္နဟ် အမျိုးသမီးများအား ဗလီသို့ ၀င်ရောက်ခြင်းကို မတားမြစ်ကြကုန်လင့်။” အခြား ဟဒီးဆ်တော်တစ်ခုတွင် တမန်တော်မြတ် (صلي الله عليه و سلم)မှ ခင်ပွန်းသည် ယောက်ျားများအား မိန့်တော်မူသည်မှာ “အသင်တို့သည် မိမိတို့၏ ဇနီးမိန်းမများအား ဗလီ ၀တ်ကျောင်းတော်သို့ တက်ရောက်ဝတ်ပြုခြင်းမှ မတားမြစ်ကြကုန်လင့်။”

မြောက်မြားစွာသော ဟဒီးဆ်တော်များရှိနေသော်လည်း ကျွန်ုပ်အနေနှင့် အသေးစိတ် မတင်ပြတော့ချေ။ သို့သော် အစ္စလာမ်တွင် အမျိုးသမီးများအား ဗလီဝတ်ကျောင်းတော်အတွင်း တက်ရောက်ဝတ်ပြုခြင်းကို ခွင့်ပြုထားပေသည်။ သို့သော် အမျိုးသမီများအတွက် သီးခြား အဆောက်အအုံကို အမျိုသားများနှင့် တန်းတူဆောက်လုပ်ပေးသင့်ပေသည်။ ကျွန်ုပ်တို့အနေနှင့် လိင်မတူသူများ ရောနှော ဆက်ဆံခြင်းကိုမူကား လက်မခံချေ။ အဘယ်ကြောင့် ကျွန်ုပ်တို့ သဘောမတူ လက်မခံရပါသနည်း။ အကယ်၍ ကျွန်ုပ်တို့အနေနှင့် လိင်မတူသူများ ရောနှော ဆက်ဆံခြင်း လက်ခံပါက အခြားဘာသာတရားများနှင့် သက်ဆိုင်သောနေရာများတွင် ဖြစ်ပျက်နေမှုများကို အသင်တို့ သိရှိကြသည့်အတိုင်း ဖြစ်လာနိုင်သောကြောင့်ပင်။ လူများသည် ဆုတောင်းဝတ်ပြုခြင်းထက် အကြိုနောက်ပြောင်ခြင်းနှင့် ငှက်ကြည့်ခြင်း များတွင်သာ ပိုများလာကြသည်။ ထို့ကြောင့် အစ္စလာမ်တွင် လိင်မတူသူများအား ရောနှောဆက်ဆံခြင်းကို ခွင့်မပြုချေ။ အမျိုးသမီးနှင့် အမျိုးသားများအတွက် (ဗလီဝတ်ကျောင်းတော်များတွင်) သီးခြားဝင်ပေါက်နှင့် သီးခြား ၀ူဇူလုပ်ရန် နေရာများကို ပြုလုပ်ထားပေးရမည်။

အမျိုးသားနှင့် အမျိုးသမီးများသည် ဆွလားတ်ဝတ်ပြုသည့်အခါ သီးခြား ရပ်ကြရမည်။ အမျိုးသမီးများအနေနှင့် အမျိုးသားများ၏ ရှေ့တွင် မရပ်သင့်ပေ။ အကယ်၍ အမျိုးသမီးများသည် ရှေ့တန်းမှ ရပ်မည်ဆိုပါက သဘာဝအားဖြင့် နောက်တန်းမှ အမျိုးသားများတွင် စိတ်အနှောင့်အယှက်ပေးသလို ဖြစ်ပေလိမ့်မည်။ အစ္စလာမ်တွင် ကျွန်ုပ်တို့ ဆွလားသ်ဝတ်ပြုရာ၌ ပုခုံးကို ပုခုံးခြင်းထိ၍ ရပ်ကြရပေသည်။ ထို့ပြင် ဆေးပညာဆရာဝန်များက ကျွန်ုပ်တို့အား ပြောကြသည်မှာ “အမျိုးသမီး၏ အပူချိန်သည် (၁)ဒီဂရီပိုလေသည်။  အကယ်၍ အသင်၏ရှေ့တွင် အမျိုးသမီး တစ်ဦးရှိနေသည်ဆိုလျှင် အသင်သည် နွေးထွေးမှုနှင့် နူးညံ့မှုကို ရရှိပေလိမ့်မည်။ အလ္လာဟ်ဟုအရှင်မြတ်၏အပေါ်၌ အာရုံစူးစိုက်ထားရမည့်အစား မိန်းကလေး၏ အပေါ်၌သာ အာရုံစူးစိုက်မိပေလိမ့်မည်။ ဤအကြောင်းကြောင့်ပင် အစ္စလာမ်၌ အမျိုးသမီးများကို နောက်တန်းတွင် ရပ်စေရခြင်းဖြစ်သည်။

အသင်သည် ဆော်ဒီအာရေးဗီးယား၊ လန်ဒန်၊ အမေရိကန်တို့သို့ သွားရောက် ပါလျှင် အမျိုးသမီးများကို ဗလီဝတ်ကျောင်းတော်အတွင်း ၀င်ရောက်ဝတ်ပြုခြင်းကို တွေ့ရပေလိမ့်မည်။ အိန္ဒိယနိုင်ငံနှင့် ၎င်းင်း၏ ပတ်ဝန်းကျင်နိုင်ငံအချို့တွင်သာ အမျိုးသမီးများအား ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်ဝတ်ပြုခြင်းကို တားမြစ်ထားပေသည်။ အသင့်အနေနှင့် မက္ကာဟ်ရွှေမြို့တော်ရှိ မစ်ဂျေဒေ့  ဟရမ်ဝတ်ကျောင်းတော်နှင့် (မဒီနာဟ်ရွှေမြို့တော်ရှိ) မစ်ဂျိဒေ့နဗ၀ီဝတ်ကျောင်း တော်တို့တွင်လည်း အမျိုးသမီးများဝင်ရောက်ဝတ်ပြုခြင်းကို ခွင့်ပြုထားလေသည်။ သို့သော် အလ်ဟမ်းဒိုလိလ္လာဟ် (ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ် အရှင်မြတ်အဖို့သာတည်း) အိန္ဒိယနိုင်ငံရှိ အချို့သော ဗလီဝတ်ကျောင်းတော်များ တွင်လည်း အမျိုးသမီးများအား ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်ဝတ်ပြု ခြင်းကို စတင်၍ ခွင့်ပြုနေပေသည်။ ဘုံဘေမြို့တွင်တောင်မှ အမျိုးသမီးများ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ဝတ်ပြုခြင်းကို စတင်၍ခွင့်ပြုနေပေသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း



 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com