Bookmark and Share  
အမျိုးသမီးအနေနှင့်နိုင်ငံ့အကြီးအကဲဖြစ်နိုင်/မဖြစ်နိုင်
အိလီးယပ်(စ်)(ကျောင်းသား)။    ။အမျိုးသမီးတစ်ယောက်မှ နိုင်ငံတော် အကြီးအကဲ ဖြစ်နိုင်ပါသလား။

ဒေါက်တာ ဇာကိရ်နိုက်(ခ်)။     ။ကျွန်ုပ် သိသလောက် ကျမ်းမြတ်ကုရ်အာန်၏ မည်သည့် နေရာတွင်မှ “အမျိုးသမီးတစ်ယောက်သည် နိုင်ငံတော်၏အကြီးအကဲ မဖြစ်နိုင်´´ဟု ဖော်ပြထားချက်မရှိပါ။ သို့သော်လည်း ဟဒီးဆ်တော်များတွင်ကား အမျိုးသမီးမှ နိုင်ငံတော်အကြီးအကဲ မဖြစ်သင့်ဟူသော သဘောရောက်သည့် ဖော်ပြချက်မျိုးများရှိသည်။ ဥပမာ-ဟဒီးဆ်တော်တစ်ခုတွင် “အမျိုးသမီးခေါင်းဆောင် ရှိသော လူ့အဖွဲ့အစည်းသည် အောင်မြင်လိမ့်မည်မဟုတ်။´´ အထက်ဖော်ပြပါ ဟဒီးဆ်တော်နှင့်ပတ်သက်၍ အချို့သောပညာရှင်များက ဆိုကြသည်မှာ အထက် ဖော်ပြပါဟဒီးဆ်တော်သည် ကာလတစ်ခု အချိန်တစ်ခုအတွက် ဆိုလိုခြင်းသာဖြစ်သည် ဟူ၏။ အထူးသဖြင့် ထိုကာလသည် ပါရှန်းအင်ပါယာ (ယခု အီရန်)တွင် အမျိုးသမီးဘုရင်မ ရှိခဲ့သောကာလဟု ဆိုလိုသည်။ ၎င်းင်းဟဒီးဆ်တော်သည် အချိန်ကာလ အားလုံးအတွက် မဆိုလိုပါဟူ၍လည်းပြောကြပြန်သည်။
ကျွန်ုပ်တို့အနေနှင့် အမျိုးသမီးတစ်ဦးသည် နိုင်ငံခေါင်းဆောင် ဖြစ်သင့် မဖြစ်သင့်ဟူသောအချက်နှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ကြပါစို့။ အကယ်၍ အမျိုးသမီးတစ်ဦးသည် အစ္စလာမ့်နိုင်ငံတော်တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်ဆိုကြပါစို့။ အစ္စလာမ်နိုင်ငံတွင် နိုင်ငံ့ခေါင်းဆောင်သည် ဖွရ်(သွ်)နာမားဇ် (မဖြစ်မနေ၀တ်ပြု တည်ဆောက်ရသောဆွလားသ်) ၀တ်ပြုခြင်းကို အီမာမ်အဖြစ် ဦးဆောင်ရန် လိုအပ်သည်။ အကယ်၍ အမျိုးသမီးတစ်ယောက်သည် ဖွရ်(သွ်)ဆွလာတ် တိုင်းကို ဦးဆောင်ရမည်ဆိုလျှင် သူမအနေနှင့် ဆွလာတ်အတွင်းရှိ ခန္ဓာကိုယ်၏ အမျိုးမျိုးသော အနေအထားများအတိုင်း ပြုမူလှုပ်ရှားရန် လိုအပ်သည်။ အစ္စလာမ်၏ ဆွလားသ်ဝတ်ပြုမှုတွင် ကိယာမ်ရပ်ခြင်း၊ ရူကူဦးညွတ်ခြင်း၊ စဂျိဒါဟ် ပျပ်ဝတ်ဦးချခြင်း တို့ကို ပြုလုပ်ရန် လိုအပ်ပါသည်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် အထက်ဖော်ပြပါ ဆွလာသ်အတွင်းရှိ လှုပ်ရှားမှုများကို ၀တ်ပြုသူ အမျိုးသားများ၏ရှေ့တွင် ပြုလုပ်မည်ဆိုပါက ထိုအမျိုးသားထုအတွက် အနှောင့်အယှက်ဖြစ်မည်ဟု ကျွန်ုပ်အသေအချာ ပြောရဲပါသည်။
အကယ်၍ အမျိုးသမီးတစ်ဦးသည် ယနေ့ ကျွန်ုပ်တို့ တွေ့ကြုံရင်ဆိုင်နေရသော ခေတ်သစ်လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဆိုပါစို့။ အားလုံးသိရှိပြီးသည့်အတိုင်း နိုင်ငံ့ခေါင်းဆောင်တစ်ဦးသည် အခြားသော နိုင်ငံ့ခေါင်းဆောင်များနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံနှုတ်ဆက်ရမည်ဖြစ်ပါသည်။ နိုင်ငံ့ခေါင်းဆောင်အများစုမှာ အမျိုးသားများဖြစ်ကြပါသည်။ ထို့ပြင် အကြိမ်ပေါင်းများစွာ တံခါးပိတ် ဆွေးနွေးပွဲများလည်း ပြုလုပ်ရမည်ဖြစ်ပါသည်။ ထိုအချိန်ခါမျိုးတွင် မည်သူတစ်ဦးတစ်ယောက်မှ ၀င်ခွင့်ပြုမည်မဟုတ်။ အစ္စလာမ်တွင် အမျိုးသမီးတစ်ဦးအား Non- Muharam ခေါ်  လက်ထပ်ခွင့်ရှိသောယောက်ျားများနှင့် နှစ်ယောက်တည်း နေထိုင်ရန် ခွင့်မပြု။ တစ်နည်းဆိုသော် အစ္စလာမ်တွင် ဖိုမ အတူတကွ ရောနှောနေထိုင်ခြင်း ကို ခွင့်မပြု။
ထို့ပြင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနှင့် ပြည်သူ လူထုနှင့်တွေ့ဆုံမှု၊ သွားလာမှုများနှင့် ပတ်သက်၍ အကြိမ်ပေါင်းများစွာ ဓါတ်ပုံ၊ ဗီဒီယိုစသည်တို့ဖြင့် မှတ်တမ်းတင်ခံရဖွယ် ရှိသည်။ ၎င်းင်းခေါင်းဆောင်အနေနှင့် မိမိနှင့် တွေ့ဆုံရသော နိုင်ငံခေါင်းဆောင်များနှင့် အခြားသော လူကြီးလူကောင်းများ၊  လူပုဂ္ဂိုလ်များနှင့် တွဲပြီးရိုက်ထားသော ဓါတ်ပုံများ၊ ဗီဒီယို တိတ်ခွေများကိုလည်း ထိန်းသိမ်းရပေမည်။ ဥပမာ- အမျိုးသမီး နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သော မာဂရက်သက်ချာ (ဗြိတိန် နိုင်ငံဝန်ကြီးချုပ်ဟောင်း)ကို ကြည့်ကြပါစို့။ သူမသည် များစွာသော ဓါတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများအတွင်း၌ အခြားသော နိုင်ငံ့ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များနှင့် လက်ဆွဲ နှုတ်ဆက်နေသည်ကို တွေ့ရပေမည်။ အစ္စလာမ်မှ အမျိုး သမီးတစ်ဦးအား သူစိမ်းယောက်ျားများနှင့် လက်ဆွဲ နှုတ်ဆက်ခွင့်မပြု။ သာမန်လူသားများ အနေနှင့်ပင် လူတစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် လက်ဆွဲနှုတ်ဆက်ဖို့လိုလျှင် နိုင်ငံ့ခေါင်းဆောင်အနေနှင့် ပို၍နှုတ်ဆက်ရပေမည်။ နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ အမျိုး သမီးအနေနှင့် သာမန်လူများနှင့်လည်း တွေ့ဆုံ၍ သူမ၏ ပြဿနာများကို ဖြေရှင်း ရပေလိမ့်မည်။
သိပ္ပံပညာရပ်မှ သိလာကြရသည့်အချက်မှာ အမျိုးသမီးများသည် အမျိုးသမီး သဘာဝဓမ္မတာလာကြသည့်အချိန် (မီးယပ်သွေးဆင်းသည့်ကာလ)တွင် ၎င်းင်းတို့၏ မဟော်မုန်းများ ထွက်မှုကြောင့် ၎င်းင်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ဥာဏ်ရည်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကြောင့် အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ် တတ်ကြသည်။ ထို့ကြောင့် ခေါင်းဆောင် အမျိုးသမီးတစ်ဦးအား ဓမ္မတာကာလတွင် ဖြစ်ပေါ်သည့် ပြောင်းလဲမှုများက သူမ၏နိုင်ငံနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်များ ချမှတ်မှု ပြုရာတွင် ရှုတ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ပြင် ယနေ့ သိပ္ပံပညာအရ ကျွန်ုပ်တို့သိရှိလာရသည်မှာ နှုတ်မှုရေးရာတွင် အမျိုးသမီးများက အမျိုးသားများ ထက်သာပါသည်။ သို့သော် အမျိုးသားများတွင် သာပိုင်ဆိုင်သော ထူးခြားသည့် အရည် အချင်းများမှာ အရာဝတ္ထုများနှင့်ပတ်သက်၍ တွေးတော မှန်းဆမှု၊ အနာဂါတ်ကို ကြိုတင်မျှော်မှန်းမှု၊ အနာဂါတ်တွင် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ကြိုတင် မှန်းဆမှုများတွင် ကောင်းမွန်စွာ တွေးတော ဆင်ခြင် ခန့်မှန်းနိုင်မှုများ ဖြစ်သည်။  ဤထူးခြားသည့် အရည်အသွေးများသည် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအတွက် အရေးကြီးပါသည်။
အမျိုးသားများထက် တပန်းသာသောအချက်မှာ အမျိုးသမီးများတွင် ချိုသာ ပျော့ပြောင်းစွာ ပြောဆိုနိုင်သည့် စွမ်းရည်ရှိခြင်းဖြစ်သည်။ ဤသည် သူမ၏ မိခင်ဖြစ်ခြင်းဟူသော အခြေအနေအတွက် အရေးကြီးသော အရည်အသွေးတစ်ရပ် ဖြစ်သည်။ အမျိုးသမီးသည် အိမ်ထောင်ရှင်ဖြစ်ပါက ပဋိသန္ဓေ ဆောင်ရမည်ဖြစ်၍ လအတန်ကြာ အနားယူရမည်ဖြစ်သည်။ ထိုလများအတွက် မည်သူက တိုင်းပြည်အတွက် တာဝန်ယူမည်နည်း။ အမျိုးသမီးသဘာဝ သားဖွားပြီး၍ မိခင်ဖြစ်လာသောကာလတွင် သူမ၏ မိခင်တာဝန်သည် အရေးကြီးလာပေမည်။ အမျိုးသမီးများသည် မိခင်တာဝန်နှင့်  နိုင်ငံ့တာဝန်ကို တစ်ပြိုင်တည်း ထမ်းဆောင်မှုတွင် မနိုင်မနင်းဖြစ်နိုင်သော်လည်း အမျိုးသားများမှာမူကား ဖခင်တာဝန်နှင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ခြင်းတွင် နိုင်နင်းနိုင်ယုံမျှမက ပို၍ လက်တွေ့ကြပေသည်။
ထို့ကြောင့် ကျွန်ုပ်အနေနှင့် အမျိုးသမီးသည် နိုင်ငံ့ခေါင်းဆောင် နေရာတွင် မယူသင့်၊ မရှိသင့်ဟူသော ဖော်ပြပါပညာရှင်များအယူအဆဘက်သို့ ပို၍ယိမ်းယိုင် သဘောကျပါသည်။ ဤသို့ဆိုစေကာမူ “အမျိုးသမီးမှ ဆုံးဖြတ်ချက်များ ချရာတွင် မပါဝင်ရ´´ဟု မဆိုလိုပါ။ ကျွန်ုပ်၏ တင်ပြမှုတွင် ပါဝင်ခဲ့ပြီးသည့်အတိုင်း၊ သူမတို့တွင် မဲပေးပိုင်ခွင့်၊ ဥပဒေပြုပိုင်ခွင့်များရှိပါသည်။ ဟူဒိုင်ဗီယာစာချုပ်ချုပ်စဉ်ကာလက မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတစ်ခုလုံး နှောင့်ယှက်ဖျက်စီးခြင်းခံရသော အချိန်တွင် အွမ္မေ့စလ်မာဟ်
(رضي الله تعالي عنها)မှ
တမန်တော်မြတ်ကြီး
(صلي الله عليه و سلم)အား ကူညီအားပေးမှုများ ပြုလုပ်ခဲ့သည်။ သင်သိပြီးသည့်အတိုင်း များစွာသောနိုင်ငံများတွင် နိုင်ငံတော်သမ္မတ(သို့) ၀န်ကြီးချုပ်များသည် နိုင်ငံ၏ အကြီးအကဲခေါင်းဆောင်များ ဖြစ်ကြ သော်လည်း ၎င်းတို့၏ P.A နှင့် အတွင်းရေးမှူးများကသာ ဆုံးဖြတ်ချက်ချသည်က များပါသည်။ ထို့ကြောင့် အမျိုးသမီးသည် နိုင်ငံ့အရေးကိစ္စများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များချရာတွင် ကူညီနိုင်ပေသည်။ ဤဖြေရှင်းချက်မှာ ညီနောင်မှ မေးသောမေးခွန်းအတွက် အဖြေဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com