Bookmark and Share  
မယားပြိုင်ဝါဒ

ရှီလာဟ်။    ။ အစ္စလာမ်ဘာသာသည် ယောက်ျားတစ်ယောက်အား မိန်းမအများ နှင့်လက်ထက်ခွင့်  “Polygamy” ကို အဘယ်ကြောင့်  ခွင့်ပြုရပါသနည်း။

ဒေါက်တာဇာကိရ်။    ။အမှန်စင်စစ်  “Polygamy” ဆိုသည်မှာ လူပုဂ္ဂိုလ် တစ်ယောက်တွင် တစ်ယောက်ထက်ပိုသော ကြင်ဖော်များရှိခြင်းဖြစ်သည်။  ဤကိစ္စတွင် အမျိုးအစားနှစ်မျိုးခွဲခြားနိုင်သည်။  “Polygeny” ခေါ် မယားပြိုင်ထားခြင်း (အမျိုးသားတစ်ယောက်တွင် ဇနီးမယားတစ်ယောက်ထက် ပို၍ရှိခြင်း)နှင့်  “Polyendry”ခေါ် လင်ပြိုင်ထားခြင်း (အမျိုးသမီးတစ်ယောက်တွင် လင်ယောက်ျား တစ်ယောက်ထက် ပို၍ရှိခြင်း) ဟူ၍ဖြစ်သည်။ များစွာသော လူပုဂ္ဂိုလ်များမှ  ‘Polygamy’ ဟူသောစကားရပ်အတွက် `ယောက်ျားတစ်ယောက်မှ ဇနီးမယား တစ်ဦးထက်ပို၍ လက်ထပ်နိုင်ခြင်း (၀ါ)မယားပြိုင်ထားခြင်းဟူ၍ ထင်မြင်နေကြသည်။ အမှန်စင်စစ် ထိုသဘောသာမက အမျိုးသမီးတစ်ဦးတွင် တစ်ဦးထက်ပိုသော လင်ယောက်ျား ကြင်ဖော်များရှိခြင်းသည်လည်း အကျုံးဝင်၏။
ယောက်ျားတစ်ဦးသည် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ထိမ်းမြားခြင်းကို  “Polygeny” ဟုခေါ်ပြီး မိန်းမတစ်ဦးတွင် ခင်ပွန်းတစ်ဦးထက်ပို၍ လက်ထပ်ထိမ်းမြားခြင်းကို  “Polyendry” ဟု ခေါ်သည်။ ညီမတော်မှ မေးသောမေးခွန်းမှာ အဓိကအားဖြင့် `ယောက်ျားတစ်ယောက်ကို အဘယ်ကြောင့် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်ပြု ရပါသနည်း။´ တစ်နည်းဆိုသော် မယားပြိုင်ထားခြင်း (Polygeny)ကို ဘာကြောင့် အစ္စလာမ်မှ ခွင့်ပြုထားရပါသနည်းဟူသော အမေးဖြစ်သည်။ ကျွန်ုပ်မှ ဤမေးခွန်းကို ဖြေပါမည်။
ကျမ်းမြတ်ကုရ်အာန်သည် ကမ္ဘာမြေပေါ်ရှိ ဘာသာရေး ကျမ်းဂန်များအနက် `ဇနီးတစ်ဦးတည်းသာ လက်ထပ်ပါ´ဟု ဖော်ပြထားသော တစ်အုပ်တည်းသော စာအုပ်ဖြစ်ပါသည်။ သင်သည် ဂီတကျမ်း၊ ဝေဒကျမ်း၊ ရာမယနကျမ်း၊ မဟာဘာရတကျမ်း၊ သမ္မာကျမ်းအားလုံးကို ဖတ်ကြည့်ပါ။ `တစ်ဦးတည်းကိုသာ လက်ထပ်ပါ´ဟူ၍ ဖော်ပြထားသော နေရာတစ်နေရာမျှမရှိပါ။ ကုရ်အာန် ကျမ်းတစ်အုပ်တည်းတွင်သာ `တစ်ဦးတည်းကိုသာ လက်ထပ်ပါ´ဟု ဖော်ပြထားသည်ကို တွေ့နိုင်သည်။
အမှန်စင်စစ် သင်သည် ဟိန္ဒူကျမ်းဂန်များကို ဖတ်ရှုလေ့လာပါက များစွာသောဘုရင်များတွင် ဇနီးအများရှိသည်ကို တွေ့နိုင်သည်။ ဥပမာ- ဘုရင်ဒါရှရတ်တွင် ဇနီးတစ်ဦးထက်ပို၍ရှိသည်။ ခရစ်ရှနာတွင်လည်း ဇနီးတစ်ဦးထက် ပို၍ရှိသည်။ သင်သည် ဂျူးကျမ်းဂန်များကို ဖတ်ရှုကြည့်ပါက ဂျူးဥပဒေ၏ (၁၁)ရာစုတွင်  Polygeny ခေါ် ဇနီးတစ်ဦးထက် ပို၍လက်ထပ်ထိမ်းမြားခွင့်ပြုထားကြောင်း တွေ့ရပေမည်။ ရာဘီဂါတ်ဒ်ရွှန်(မ်) ဘင်ဂျာဟူဒါ (Gurdshom Benjahuda)မှ Signordအား တင်ပြပြီး ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခြင်းခွင့်မပြုသင့်ကြောင်း တင်ပြခဲ့သည်။ သို့တိုင်အောင် မွတ်စ်လင်မ် နိုင်ငံများတွင်ရှိသော စက်(ပ်)ထရာနစ် ဂျူးလူ့အဖွဲ့အစည်း (Septranic Jewish Community)တွင် (၁၉၅၀)တိုင်အောင် ကျင့်သုံးမှုရှိခဲ့သည်။ အစ္စရေးနိုင်ငံ၏ အကြီးအကဲဖြစ်သူမှ ဤသို့ကျင့်သုံးမှုအပေါ် တားမြစ်ပိတ်ပင် ခဲ့သည်။
ခရစ်ယာန်လူ့အဖွဲ့အစည်းများတွင်လည်း လွန်ခဲ့သော နှစ်ရာစုခန့်ထိ (၁၈ ရာစု) Polygeny ခေါ် `မယားပြိုင်ထားခြင်း´ကို ခွင့်ပြုကြောင်း သမ္မာကျမ်းတွင် တွေ့နိုင်သည်။ ထိုရာစုနောက်ပိုင်းတွင် `ခရစ်ယာန်အသင်းတော်´မှ တားမြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တရားရေး (ဥပဒေရေးရာ)ကို လေ့လာပါက အိန္ဒိယနိုင်ငံ၏ တရားဥပဒေသည်  ဟိန္ဒူအမျိုးသားများအား ဇနီးတစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြား ခွင့်ပြုထားကြောင်းတွေ့ရသည်။ (၁၉၅၄)ခုနှစ်တွင်မှ ဟိန္ဒူလက်ထပ်ထိမ်းမြားမှု အက်ဥပဒေပြဋ္ဌာန်းခဲ့ပြီး၊ ၎င်းတွင် စည်းကမ်းသတ်မှတ်ချက်တစ်ခု ပါဝင်သည်။ ယင်းမှာ ဟိန္ဒူယောက်ျားများသည် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်မပြုဟူသောအချက် ဖြစ်သည်။
“အစ္စလာမ်တွင်ရှိသော အမျိုးသမီးများ၏ အဆင့်အတန်း´´နှင့် ပတ်သက်၍ တင်ပြသောကော်မတီ၏ (၁၉၇၅) ခုနှစ် စာရင်းဇယားအရ၊ စာမျက်နှာ (၆၆၊ ၆၇)တွင် ဇနီး တစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြားသော ရာခိုင်နှုန်းကို တင်ပြထားသည်။ ယင်းထုတ်ပြန်ထားသော စာရင်း၊ ဇယားအရ၊ ဟိန္ဒူဘာသာဝင်များအတွင်း တစ်ဦး ထက်ပိုသော လက်ထပ်ထိမ်းမြားမှုရာခိုင်နှုန်းမှာ (၅.၀၆)ဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင် များအတွင်း ရာခိုင်နှုန်းမှာ(၄.၃၁)ဖြစ်သည်။ ဤစာရင်းဇယားများကိုထားပြီး ကျွန်ုပ်တို့၏ အဓိကအချက်ဖြစ်သော “အစ္စလာမ်မှ  ဇနီးတစ်ဦးထက်ပိုသော လက်ထပ်ထိမ်းမြားခြင်း (၀ါ) မယားပြိုင်ထားခြင်းကို အဘယ်ကြောင့် ခွင့်ပြုထားရပါသနည်း´´ဟူသောအချက်  ကို ဆွေးနွေးကြပါစို့။
ကျွန်ုပ်တစ်ခါတင်ပြထားပြီးဖြစ်ပါသည်။ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၃) တွင်
“မိမိတို့နှစ်ခြိုက်သော (အခြား) အမျိုးသမီးများအနက် (ယောက်ျား တစ်ဦးလျှင်) မိန်းမနှစ်ယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမ သုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမလေးယောက်စီနှင့်ဖြစ်စေ ထိမ်းမြားကြကုန်။ တဖန် အကယ်၍ အသင်တို့သည် (မိန်းမ တစ်ယောက်ထက်ပို၍ ထိမ်းမြား ရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည်မဟုတ်ဟု စိုးရိမ်မကင်း ဖြစ်ကြပြန် သော် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် (တင်းတိမ်ကြရမည်)။´´ (၄း၃)
ထို့ကြောင့် `တစ်ဦးတည်းကိုသာလက်ထပ်ပါ´ ဟူသော စကားသည် ကျမ်းမြတ်ကုရ်အာန်တစ်အုပ်တည်းတွင်သာ ဖော်ပြထားသော ဖော်ပြချက်ဖြစ်သည်။ အခြားမည်သည့် ဘာသာရေးကျမ်းဂန်တွင်မှ ညွှန်ကြားထားခြင်းမရှိပါ။ အစ္စလာမ်မပေါ်ထွန်းမီ အချိန်ကာလက အာရေးဗီးယားကျွန်းဆွယ်ရှိ အာရဗ်လူမျိုး ယောက်ျားများသည် ဇနီး အများအပြား ယူလေ့ရှိသည်။ အချို့သောသူများတွင် ဇနီးဦးရေ ရာချီ၍ပင် ရှိတတ်သည်။ အစ္စလာမ်မှ ဇနီးများယူခြင်းနှင့် ပတ်သက်၍ အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်သော `(၄) ဦး´ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သင့်အနေနှင့် ဇနီးတစ်ဦးထက်ပိုယူပါက ထိုနှစ်ဦး၊ ထိုသုံးဦး၊ ထိုလေးဦးအကြားတွင် တရားမျှတမှုနှင့် ဆက်စပ်မှုပြုရမည်ဖြစ်သည်။ ထိုသို့မဆက်ဆံနိုင်ပါက တစ်ဦးထဲသာ လက်ထပ်ပါ။ ထို အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၁၂၉)၌ ထပ်၍ ညွှန်ပြထားသည်။
“ထိုမှတပါးတုံ အသင်တို့သည် (မည်မျှပင် တရားမျှတစေရန်) ဆန္ဒထား ရှိကြသော်လည်း (မိမိတို့၏တဦးထက်ပိုသော) ဇနီးမိန်းမတို့၏ စပ်ကြားဝယ်(အဘက်ဘက်မှ) တရားမျှတအောင် အလျင်း ပြုနိုင်ကြမည် မဟုတ်ပေ။´´ (၄း၁၂၉)
ထို့ကြောင့် ဇနီးတစ်ဦးထက်ပို၍ ယူခိုင်းခြင်းကိစ္စမှာ ချွင်းချက်ဖြစ်သည်။ ၎င်းင်းသည် စည်းမျဉ်း ဥပဒေသမဟုတ်။ များစွာသော လူပုဂ္ဂိုလ်များမှ `အစ္စလာမ်မှ ယောက်ျားများကို ဇနီး တစ်ဦးထက်ပိုပြီး ဇနီးလေးဦးထိ မဖြစ်မနေယူရမည်ဟု သတ်မှတ်ထားသည်´ဟု ထင်မြင်နေကြသည်။
အစ္စလာမ်တွင် လုပ်ရန်နှင့် မလုပ်ရန် အမျိုးအစား (၅)မျိုး သတ်မှတ်ထားသည်။
(၁) الواجب “ မလုပ်မနေရတာဝန် ´´
(၂) المستحب “ ထောက်ခံသည်။ အားပေးသည်။´´
(၃) الحلال “ ခွင့်ပြုချက်ရှိသည်။´´
(၄) الكمكروه “မထောက်ခံ အားမပေးပါ။´´
(၅) المحرم “တားမြစ်ပိတ်ပင်သည်။´´ တို့ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်၊ တမန်တော်မြတ်(صلي الله عليه و سلم)၏ ဟဒီးဆ်သြ၀ါဒများ၏ မည်သည့်နေရာတွင်မှ `ဇနီး တစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြားသူသည် ဇနီးတစ်ဦးတည်း လက်ထပ် သူထက်ပို၍ သာလွန်ကောင်းမွန်သော မွတ်စ်လင်ဖြစ်သည်´ဟု ရေးသား ဖော်ပြထားခြင်းမရှိပါ။
ကျွန်ုပ်တို့အနေနှင့် အစ္စလာမ်မှ အဘယ်ကြောင့် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်ပြုရသည်ကို ယုတ္တိဗေဒနည်းကျကျ ဆန်းစစ် ဝေဖန်ကြည့်ကြပါစို့။ သဘာဝတရားအရ ယောက်ျားကလေးများနှင့် မိန်းကလေးများသည် တူညီသော အချိုးအစား နှင့် မွေးဖွားလာခဲ့ကြသည်။ သို့သော် ဆေးသိပ္ပံမှ ပြောကြားသည့်အချက်မှာ သန္ဓေသားအဆင့်တွင်ပင် မိန်းကလေးသန္ဓေသားသည် ယောက်ျားလေးသန္ဓေသားထက်ပို၍ ခံနိုင်ရည်ရှိ၍ ပို၍အားကောင်းသန်မာသည်။ ကလေးများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အထူးပြုလေ့လာထားသော အသိပညာ ဗဟုသုတအရ မိန်းကလေးများသည် ယောက်ျားလေးများထက်ပို၍ ခုခံအားကောင်းပြီး၊ ရောဂါများနှင့် ပိုးမွှားများကို ပို၍ခုခံနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ကလေးအရွယ်တွင်ပင် ယောက်ျားလေး အချိုးသည် မိန်းကလေး အချိုးထက်ပို၍နည်းသည်။ ကလေးအဆင့်တွင်ပင် ယောက်ျားများထက် မိန်းကလေးများ၏ ကျန်းမာရေး အဆင့်အတန်းပို၍ မြင့်မားသည်ကိုတွေ့ရ၏။
စစ်ဖြစ်ပွားသောကာလ၌ဆိုလျှင် ယောက်ျားများသည် မိန်းမများထက်ပို၍ အသတ်အဖြတ်ခံရပါသည်။ ယခု လောလောဆယ် ကမ္ဘာတွင် ဖြစ်ပွားနေသော စစ်ပွဲများ အထူးသဖြင့် အာဖဂန်နစ္စတန်တွင် ဖြစ်ပွားခဲ့သောစစ်ပွဲတွင် လူပေါင်း (၁.၅)သန်းကျော် သေဆုံးခဲ့ရပြီး ၎င်းင်းတို့အနက် အများစုမှာ ယောက်ျားများဖြစ်သည်။ စာရင်းဇယားများအရ မတော်တဆထိခိုက်ဒဏ်ရာရမှုနှင့် စီးကရက်သောက်မှုကြောင့် သေဆုံးသူများတွင် ယောက်ျားဦးရေမှာ မိန်းမဦးရေ ထက်ပိုများသည်ကို တွေ့ရ၏။ ထို့ကြောင့် ကမ္ဘာပေါ်တွင် မိန်းကလေးဦးရေမှာ ယောက်ျားဦးရေထက်ပိုများသည်ကို တွေ့နိုင်သည်။
အာရှနှင့် အာဖရိကနိုင်ငံအချို့အပြင် အိန္ဒိယနိုင်ငံသည်  ယောက်ျားကလေးဦးရေသည်   မိန်းကလေးဦးထက် ပိုများသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးသန္ဓေသား ဖျက်ချမှုမှာ နှစ်စဉ်နှစ်တိုင်း တစ်သန်းကျော် အထက်၌ရှိသည်။ မိန်းကလေးကို ပဋိသန္ဓေဆောင်သည်ဟုသိသည်နှင့် တစ်ပြိုင်နက် သန္ဓေသားဖျက်ချတတ်သော မိစ္ဆာဓလေ့ဆိုးကြီးကြောင့် မိန်းကလေး ဦးရေမှာ တစ်ဖြည်းဖြည်းနည်းပါးလာရပြီး၊ ကျားဦးရေများလာရခြင်းဖြစ်သည်။ (သို့မဟုတ်) မိန်းကလေး သန္ဓေသားကို ဖျက်ချတတ်သည့် ဓလေ့ဆိုးကြီးကို ပယ်ဖျက် ပစ်နိုင်ပါက အခြားနိုင်ငံများမှာကဲ့သို့ပင် ယောက်ျားလေးဦးရေမှာ မိန်းကလေး ဦးရေထက် ပိုနည်းနေဦးမှာဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် မိန်းမဦးရေသည် ယောက်ျားဦးရေထက် (၇.၈)သန်းပိုနေပါသည်။ နယူးယောက်မြို့တစ်မြို့တည်း၌ပင် ယောက်ျားလေး အရေအတွက်နှင့်ယှဉ်လျှင် မိန်းကလေးအရေအတွက်သည် တစ်သန်းကျော် ပိုနေပါသည်။ နယူးယောက်မြို့တွင် နေထိုင်လျှက်ရှိကြသော ယောက်ျားဦးရေ၏ သုံးပုံ တစ်ပုံမှာ မိန်းမလျှာများဖြစ်နေကြသည်။ အမေရိကန်တစ်နိုင်ငံလုံးမှာ လိင်တူ ဆက်ဆံသူဦးရေမှာ နှစ်ဆယ့်ငါးသန်းမက ရှိနေပါသည်။ ဗြိတိန်နိုင်ငံတွင်မူ မိန်းမ ဦးရေသည် ယောက်ျားဦးရေထက် (၄)သန်းကျော်ပိုနေပြီး၊ ဂျာမနီနိုင်ငံတွင်မူ (၅)သန်းကျော်၊ ရုရှားနိုင်ငံအတွက်မူ (၇)သန်းကျော် ပိုများနေသည်ကို တွေ့ရပါသည်။ တစ်ကမ္ဘာလုံး၌ရှိကြသည့် ယောက်ျားနှင့် မိန်းမဦးရေကို နှိုင်းယှဉ်ကြည့်လျှင် မိန်းမဦးရေ သန်းပေါင်းမည်မျှ ပိုများနေမည်ကို အလ္လာဟ်အရှင် တစ်ပါးတည်းသာ သိရှိတော်မူနိုင် မည်ဖြစ်သည်။
အကယ်၍ ကျွန်ုပ်၏ညီမသည် အမေရိကန်ပြည်ထောင်စု၌ရှိသော အပျိုကြီးတွေထဲမှ တစ်ယောက်ဟု ဆိုကြပါစို့။ အကယ်၍ ယောက်ျားတိုင်းမှာ ဇနီးမယားတစ်ဦးကျစီ ရှိနေလျှင်တောင်၊ အမေရိကန်ပြည်တစ်ပြည်တည်းတွင် ယောက်ျားရစရာလမ်းမရှိမည့် မိန်းမသားဦးရေသည် သန်းသုံးဆယ်ကျော်နေပါသည်။ သူမတို့အတွက် ရွေးချယ်စရာလမ်းနှစ်သွယ်သာလျှင် ကျန်ပါတော့သည်။ မိန်းမရှိပြီး သားယောက်ျားတစ်ယောက်နှင့် လက်ထပ်လျှင် လက်ထပ်၊ ဒါမှမဟုတ်လျှင် အများပိုင် ပစ္စည်းလုပ်ချင်လုပ် စသည့် ဤလမ်းနှစ်သွယ်သာလျှင် ရှိပါတော့သည်။ တတိယ ရွေးချယ်စရာ လမ်းကြောင်းမရှိချေ။

ကျွန်ုပ်ကိုယုံပါ။ အထက်ဖော်ပြပါ ပြဿနာကို မွတ်စ်လင်မ်မဟုတ်သူ ယောက်ျားသားများကိုတင်ပြ၍  ၎င်းတို့၏ အပျိုကြီးညီမ၊ အစ်မများအတွက် ဘယ်ကဲ့သို့ ပြုလုပ်ကြမည်နည်းဟု မေးခွန်းမေးကြည့်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမျှ အများပိုင်ပစ္စည်းလုပ်ဖို့ကို လိုလားကြလိမ့်မည်မဟုတ်ချေ။ အချို့တော်သောပုဂ္ဂိုလ်များကတော့ ၎င်းတို့၏ ညီမ၊ အစ်မများကို အပျိုစင် (အပျိုကြီး)အဖြစ် နေစေမည်ဟု ဆိုကြပါသည်။ ကျွန်ုပ်ကိုယုံပါ။ ဆေးသိပ္ပံ၏တွေ့ရှိချက်အရ ယောက်ျားတစ်ယောက် (သို့) မိန်းမတစ်ယောက်သည် သူတို့ရဲ့ ဘ၀တစ်လျှောက်လုံး အပျိုစင်၊ လူပျိုစင်အဖြစ် မနေနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဟော်မုန်းများသည် နေ့စဉ်နဲ့အမျှ လှုံ့ဆော်နေပါသည်။ ယင်းကဲ့သို့ လှုံ့ဆော်မှုကြောင့် တရားမ၀င်သော လိင်ဆက်ဆံမှု (သို့) လိင်ဖောက်ပြန်မှုများ ကျူးလွန်ရန်၊ လိင်နှင့် ဇိမ်ခံမှုပြုလုပ်ကောင်း ပြုလုပ်နိုင်ပါသည်။ တရားကျင့်ရန် ဟိမ၀န္တာတောအတွင်းသို့ ၀င်သွားကြသော သူတော်စင်၊ သူတော်ကောင်း အချို့ကလွဲ၍ ကျန်သောလူများသည် မည်သည့်အရာများကို ပြုကျင့် ကြပါသနည်း။ သင်သည် ဖောက်ပြန်သူ များမှ  အဘယ်သို့ နေထိုင်သွားကြပါသနည်း။ မည်သည့်အရာများ ပြုလုပ်ကြပါသနည်း။  ဆိုသည့်အချက်ကို တွေ့ရှိရ ပေမည်။ အစီရင်ခံစာတစ်ခုအရ အင်္ဂလန်နိုင်ငံရှိ ခရစ်ယာန်အသင်းတော်တစ်ခု၏ လက်အောက် ၌ရှိသော  မယ်သီလရှင်များနှင့် ဘုန်းတော်ကြီးများအတွင်းမှ အများစုသည် တရားမ၀င် လိင်ဆက်ဆံခြင်းနှင့် လိင်တူဆက်ဆံခြင်းဆိုသောလုပ်ရပ်ကို ပြုလုပ်နေကြကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အပျိုကြီး၊ လူပျိုကြီးအဖြစ် နေထိုင်မည်ဆိုသည်ကား မဖြစ်နိုင်ချေ။ (မှတ်ချက်- လူမျိုးနှင့် ယဉ်ကျေးမှုအရ မိမိတို့ကိုယ်ကို အပျိုစင်၊ လူပျိုစင်များအဖြစ် ထိန်းသိမ်းနိုင်ကြသော သူများလည်း ရှိနိုင်ပါသည်။) ထို့ကြောင့် ဖြစ်နိုင်သောလမ်းကြောင်းမှာ သင်သည် ဇနီးရှိပြီးသားယောက်ျားတစ်ဦးကို လက်ထပ်ဖို့သာဖြစ်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com