Bookmark and Share  
သက်သေခံရာ၌အမျိုးသားနှင့်အမျိုးသမီးကဏ္ဍ

စူလ်တန်ခါမီ    ။    ။ သက်သေခံရာ၌ အမျိုးသမီးဆိုလျှင် အဘယ်ကြောင့် နှစ်ဦးဖြစ်ရပြီး အမျိုးသားဆိုလျှင် တစ်ဦးတည်းနှင့် အဘယ်ကြောင့် လုံလောက်ရပါသနည်း။

ဒေါက်တာဇာကိရ်နိုက်(ခ်)။    ။ ညီအစ်ကိုတော်သည် ကျွန်ုပ်အား အလွန်အရေး ကြီးသော မေးခွန်းကို မေးလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးသက်သေ (၂)ဦးသည် အမျိုးသားသက်သေ(၁)ဦးနှင့် တူရတာလဲ။ အားလုံးသော အမှုကိစ္စအတွက် အမျိုးသမီးသက်သေ(၂)ဦးသည် အမျိုးသားသက်သေ(၁)ဦးနှင့် မတူညီပါ။ အချို့သော အမှုများအတွက်သာ အမျိုးသားသက်သေ(၁)ဦးအတွက် အမျိုးသမီးသက်သေ (၂)ဦးနှင့် တူနိုင်ပါသည်။
`သက်သေ´နှင့် ပတ်သက် ၍ကျမ်းမြတ်ကုရ်အာန်တွင် အနည်းဆုံး (၅)နေရာ၌ ဖော်ပြထားသော်လည်း `သက်သေ´ကို လိင်ခွဲခြားပြီး ဖော်ပြထားခြင်းမရှိချေ။ အမျိုးသမီးသက်သေ(၂)ဦးသည် အမျိုးသားသက်သေတစ်ဦးနှင့်ညီကြောင်း
ဂါဝီကဏ္ဍ၊ ကျမ်းပိုဒ် (၂၈၂)၌ ဖော်ပြထားပါသည်။ ၎င်းသည် ကျမ်းမြတ်ကုရ်အာန်၏ အရှည်ဆုံး အာယသ်တော် (ကျမ်းပိုဒ်)လည်းဖြစ်ပါသည်။
“ထို့ပြင်တ၀ အသင်တို့သည် (ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုကြသည့်ပြင် ခိုင်လုံသည်ထက် ခိုင်လုံ စေခြင်းငှာ) မိမိတို့အနက်မှ ယောက်ျားနှစ်ဦးကို (လည်း) သက်သေထားရှိကြကုန်။  တဖန် အကယ်၍ ထိုသက်သေနှစ်ဦး တို့သည် ယောက်ျား နှစ်ဦးမဖြစ်ကြပါလျှင် အသင်တို့ သဘောတူညီနှစ် သက်ကြလေသောသက်သေများအနက်မှ ယောက်ျားတစ်ဦးနှင့် မိန်းမ နှစ်ဦးတို့သည်ပင်လျှင် လုံလောက်ကြပေသည်။  အကြောင်းသော်ကား ယင်းမိန်းမနှစ်ဦး အနက်မှတယောက်သည် မေ့လျော့ခဲ့ပါမူ ယင်းမိန်းမ နှစ်ယောက်အနက် တစ်ယောက် သည် ကျန်မိန်းမ တစ်ယောက်ကို သတိ ရစေနိုင်ခြင်းကြောင့်တည်း။´´ (၂း၂၈၂)
အထက်ဖော်ပြပါ အာယသ်တော်
(၂း၂၈၂) သည် ငွေရေးကြေးရေးကိစ္စနှင့် ပတ်သက်ပေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သက်သေခံအတွက် ယောက်ျား သက်သေနှစ်ဦး ရှာသင့်ပါသည်။ သင့်အနေနှင့် ယောက်ျားသက်သေနှစ်ဦး မရရှိနိုင်သောအခါမျိုး၌ ယောက်ျားသက်သေတစ်ဦးနှင့် အမျိုးသမီးသက်သေနှစ်ဦး ရှိသင့်ပါသည်ဟု ဆိုလိုပါသည်။
အထက်ပါ ကိစ္စကို ပိုမိုနားလည်စေရန် ရည်ရွယ်၍ ကျွန်ုပ်အား ဥပမာတစ်ခု ပေးခွင့်ပြုပါ။ လူတစ်ယောက်သည် ခွဲစိတ်ကုသမှုခံယူမည်ဟု ဆိုကြပါစို့။ သဘာဝကျသည့်ကိစ္စမှာ သူ့အနေနှင့် ထူးချွန်ပြောင်မြောက်သည့် ခွဲစိတ်ပါရဂူနှစ်ဦး၏ အကြံပေးချက်ကို ရယူလိုမည်ဖြစ်သည်။ အကယ်၍ သူ့အနေနှင့် ခွဲစိတ်ပါရဂူ နှစ်ဦး၏ အကြံဥာဏ်ကို မရနိုင်ပါက ထူးချွန်ပြောင်မြောက်သည့် ခွဲစိတ်ဆရာဝန်တစ်ဦးနှင့် M.B.B.S ဘွဲ့ရ အထွေထွေရောဂါကု ဆရာဝန်နှစ်ဦး၏ အကြံပေးချက်အပေါ်တွင် မူတည်၍ ညှိနှိုင်းဆောင်ရွက်သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ခွဲစိတ်ကုသမှု၌ ခွဲစိတ် သမားတော်သည် M.B.B.S ဘွဲ့ရ ရိုးရိုးဆရာဝန်ထက်ပို၍ တတ်ကျွမ်းသောကြောင့် ဖြစ်သည်။
အထက်ဖြော်ပပါ ဥပမာကဲ့သို့ ငွေရေးကြေးရေးနှင့် ပတ်သက်သော တာဝန်ဝတ္တရားများမှာ ပို၍လေးပင်၊တာဝန် ကြီးသောကြောင့် ထိုတာဝန်ကို ယောက်ျား၏ ပခုံးပေါ်တွင် လွှဲပြောင်းပေးထားခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အစ္စလာမ်တွင် ငွေရေးကြေးရေးတာဝန်မှာ ယောက်ျားသားများ၏ တာဝန်သာဖြစ်သောကြောင့် မိန်းမများထက်ပို၍ ရည်ညွှန်းခြင်းခံရခြင်းဖြစ်သည်။ ထို့ကြောင့်ငွေရေးကြေးရေးနှင့် ပတ်သက်သော ပြဿနာရပ်များအတွက် အမျိုးသား သက်သေနှစ်ဦးသည် အခိုင်မာဆုံးဖြစ်ပြီး၊ သို့မရနိုင်ပါက အမျိုးသားတစ်ဦး၊ အမျိုသမီးနှစ်ဦးကို သက်သေ အဖြစ်ပြု လုပ်သင့်သည်ဟု ဆိုလိုရင်းဖြစ်သည်။ ထပ်မံတင်ပြရမည်ဆိုသော်၊ သင်သည် ကျမ်းမြတ်ကုရ်အာန်၏
ခဲဖွယ်ဘောဇဉ် ကဏ္ဍ၊ ကျမ်းပိုဒ် (၁၀၆)တွင်
“ထိုသူသည် `၀ဆွီယသ်´ မှာတမ်းစကား ပြောကြားလေသောအခါ၊ အသင်တို့အနက်မှ တရားမျှတမှုရှိ သောသူနှစ်ယောက် အား သက်သေအဖြစ် ရှိကြရပေမည်။ ´´ (၅း၁၀၆)
အထက်ဖော်ပြပါအာယသ်တော်အရ အမွေဆက်ခံမှုနှင့်ဆိုင်သော `သေတမ်းစာ´ ရေးလို၊မှာကြားလိုသောအခါမျိုးတွင်လည်း ယောက်ကျားသက်သေ နှစ်ဦးထားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ အချို့သော တရားသူကြီးများက ပြောဆိုကြသည်မှာ လူသတ်မှုတစ်ခုအတွက် သက်သေခံရာတွင်လည်း အမျိုးသမီးများ၏ မိန်းမသဘာဝ လန့်တတ်၊ ကြောက်တတ်ကြသည်မှာ ဓမ္မတာဖြစ်၍ ထိုကြောက်တတ်မှုက သူမတို့အား အမှန်ထွက်ဆိုရန် အဟန့်အတား ဖြစ်စေတတ်သောကြောင့်၊ အမျိုးသမီးသက်သေနှစ်ဦးမှာ အမျိုးသားသက်သေတစ်ဦးနှင့် အတူတူပင်ဖြစ်သည်။
ထို့ကြောင့် အခြေအနေနှစ်ရပ်ဖြစ်သည့် ငွေရေး၊ ကြေးရေးကိစ္စနှင့် လူသတ်မှု ကိစ္စအတွက်သာလျှင် အမျိုးသမီး သက်သေ (၂)ဦးသည် အမျိုးသားသက်သေ တစ်ဦးနှင့် တူသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။ အချို့သော အစ္စလာမ့် ပညာရှင်များက ဆိုကြသည်မှာ-ကျမ်းမြတ်ကုရ်အာန် တွင် မိန်းမသက်သေ (၂)ဦးသည် ယောက်ျားသက်သေ(၁)ဦးနှင့်တူသည်ဟူသော ကဏ္ဍမှာ
ဂါဝီကဏ္ဍ၊ ကျမ်းပိုဒ် (၂၈၂)တစ်ခုတည်း၌သာဖြစ်သည်။ ထို့ကြောင့် ထိုအာယသ်တော်၏ အလိုအရ အားလုံးသော ကိစ္စရပ်များအတွက် သက်သေ ယောက်ျား (၁)ယောက်သည် သက်သေ မိန်းမ(၂) ယောက်နှင့်တူ၏ဟု မယူဆကြချေ။
ကျွန်ုပ်တို့အနေနှင့် ကျမ်းမြတ်ကုရ်အာန်တစ်အုပ်လုံးကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ပါစို့။
ရောင်ခြည်တော်ကဏ္ဍ၊ ကျမ်းပိုဒ် (၆)တွင်-
“ထို့ပြင် မိမိတို့၏ဇနီးကြင်ရာများအား (ကာမေသု မိစ္ဆာစာရမှု ကျူးလွန်ပါသည်ဟု) စွပ်စွဲသောသူတို့သည် ၎င်းင်းတို့၌ မိမိတို့ အပြင် သက်သေများမရှိကြလျှင် ထိုစွပ်စွဲသူတို့အနက် တစ်ဦး သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ မိမိသည် သစ္စာဝါဒီ ဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆို ရမည်။´´    (၂၄း၆)
အကယ်၍ ခင်ပွန်းဖြစ်သူမှဖြစ်စေ၊ ဇနီးဖြစ်သူမှဖြစ်စေ၊ မိမိ၏ ဇနီး၊ ခင်ပွန်းကို စွပ်စွဲလိုပါက သက်သေရှိရန် လိုအပ်သည်။ အကယ်၍ ၎င်းင်းတို့အနေနှင့် သက်သေမရနိုင် ပါကလည်း ၎င်းင်းတို့၏ ခိုင်မာသော အထောက်အထားသည် အမျိုးသမီး(၁)ဦး (၀ါ) အမျိုးသား(၁)ဦးပင်လျှင်  လုံလောက်၏။ ဤအာယသ်တော်၏ အလိုအရ၊ အမျိုးသမီး သက်သေတစ်ဦး နှင့် အမျိုးသားသက်သေတစ်ဦးသည် အတူတူပင် လုံလောက်သော သက်သေဖြစ်ကြောင်းဆိုလိုသည်။

အစ္စလာမ့်ဥပဒေပညာရှင်များက လက်ခံကြသည်မှာ လမြင်သည့်ကိစ္စနှင့် ပတ်သက်သည့် အမျိုးသမီးတစ်ဦးပင် လုံလောက်သောသက်သေဖြစ်သည်။ အချို့သော ဥပဒေပညာရှင်များက လက်ခံကြသည်မှာ ရမ်သွာန်လ၏အစတွင် သက်သေတစ်ယောက်သာလိုအပ်ပြီး ၀ါထွက်သော (ရမ်သွာန်လ၏ အဆုံးတွင်) သက်သေ (၂)ဦး လိုအပ်သည်။ ဤကိစ္စများနှင့် ပတ်သက်၍ အမျိုးသားနှင့် အမျိုးသမီးကွဲပြားခြားနားစေမှု မရှိပါ။ ထို့အတူ အချို့သော အရေးကိစ္စများအတွက် အမျိုးသားသက်သေကို လက်မခံနိုင်သော (အမျိုးသမီး သက်သေကိုသာ လက်ခံသော) အခြေအနေများလည်းရှိသည်။ အမျိုးသမီးသက်သေကိုသာ အလေးထားသည့်ကိစ္စဆိုသည်မှာ မည်သည့်ကိစ္စဖြစ်ကြောင်း အားလုံးမှ စိတ်ဝင်စားစွာ စောင့်ဆိုင်းနေကြမည်ဟု ကျွန်ုပ်ထင်ပါသည်။ မိန်းမတစ်ဦးသေဆုံးသွား၍ မိုင်ယသ်ရေချိုးပေးရန်အတွက် အမျိုးသမီး  သက်သေတစ်ယောက်သာ လုံလောက်ပေသည်။ ချွင်းချက်အနေနှင့် သင်သည် အမျိုးသမီးသက်သေ မရနိုင်သောအခါတွင် သေဆုံးသူ၏ ယောက်ျားသည်သာ လျှင်လုံလောက်သော သက်သေဖြစ်သည်။ ဤကိစ္စအတွက်မှာ အမျိုးသမီးသာလျှင် ပို၍ဖြစ်သင့်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com