Bookmark and Share  
အစ္စလာမ်နည်းကျသားကောင်များကိုလှီးဖြတ်နည်းကရက်စက်ကြမ်းကြုတ်မှုမကင်းပုံရ။
အမေး
အသနားမဖက် ရက်စက်တဲ့ပုံစံနဲ့ ညှဉ်းပမ်းပြီး သားကောင်ကို တဖြေးဖြေးချင်း နာနာကျင်ကျင်နဲ့ သေရအောင် သတ်ခြင်းဖြင့် မွတ်စလင်များဟာ တိရစ္ဆာန်တွေကို  ဘာကြောင့် လှီးဖြတ်ပြီးမှ စားနေကြရတာလဲ။
အဖြေ
ဇဗီးဟာဟ်လို့ခေါ်တဲ့ သားကောင်များကို အစ္စလာမ့် တရားတော် အရ လှီးဖြတ်နည်းကို လူ တော်တော်များများကပဲ ဝေဖန် ဆန့်ကျင် ပြောကြားခဲ့ကြပါတယ်။ဇဗီးဟာဟ်နည်းဟာ အကြင်နာတရား ရှိရုံသာ မကပါဘူး၊ သိပ္ပံနည်းကျ ဆိုရရင်လဲ အကောင်းဆုံး ဆိုတာကို သက်သေထူပြနေတဲ့ အောက်ပါ အချက်အလက်များကို စဉ်းစားသုံးသပ် ကြည့်သင့်ပါတယ်။
၁။ အစ္စလာမ့်နည်းကျ သားကောင်ကို လှီးဖြတ်ခြင်း
                ဇါက်ကိုင်းတွမ် ဆိုတဲ့ ကြိယာက ဇကားသ်(စင်ကြယ်သည်) ဆိုတဲ့ ရင်းမြစ် ဝေါဟာရကနေ ဆင်းသက်လာတာပါ။ ဒါရဲ့ အခြေခံပုံစံက တဇ်ကီယဟ် ဖြစ်ပြီး သန့်ပြန့်စင်ကြယ်ခြင်းလို့ ဆိုပါတယ်။ သားကောင် တစ်ကောင်ကို အစ္စလာမ့်နည်းကျ လှီးဖြတ်ဖို့အတွက် အောက်ပါအခြေ အနေများနဲ့ ကိုက်ညီနေဖို့ လိုအပ်ပါတယ်။
(က) သားကောင်ကို ချွန်ထက်သောအရာ (ဓါး)ဖြင့် လှီးဖြတ် သင့်သည်။
                သားကောင်ကို ချွန်ထက်တဲ့အရာ(ဓါး)နဲ့ လှီးဖြတ်ရပါမယ်။ ဒါဟာ  သားကောင်မှာ နာကျင်မှုကို အနည်းဆုံးဖြစ်စေမဲ့ အထိရောက် အမြန်ဆန်ဆုံးနည်းပဲ ဖြစ်တယ်။
(ခ) လေပြွန်၊ လည်မျိုနဲ့ လည်ပင်းသွေကြောများ ပြတ်စေရမည်။
                ဇဗီးဟဟ်ဆိုတဲ့ အရဗီဝေါဟာရက လှီးဖြတ်သည်လို့ အဓိပ္ပါယ် ရပါတယ်။ လှီးဖြတ်ခြင်းကို လည်ပင်း၊ လေပြွန်နဲ့ လည်ပင်းရှိ သွေးကြော တို့ကို လှီးခြင်းဖြင့် ပြုရပါတယ်။ ဒါပေမဲ့ ကျောရိုးမကြီးကိုတော့ ပြတ် တောက် မသွားစေရပါဘူး။
(ဂ) သွေးတို့ကို စစ်ထုတ်စေရမည်။
                ခေါင်းကို မဖြတ်တောက်ခင် အလျင် သွေးကို လုံးဝစစ်ထုတ် ပစ်ရပါမယ်။ ဒါဟာ အနုဇီဝရုပ် ပိုးမွှားတွေ ပေါက်ဖွားဖို့ အင်မတန် ရေခံမြေခံကောင်းလှတဲ့ ကြားခံဖြစ်တဲ့သွေးကို အကောင်းဆုံး စစ်ထုတ်စေ ချင်တဲ့ ရည်ရွယ်ချက်ပါပဲ။ ကျောရိုးနပ်ကြောမကိုတော့ မပြတ်တောက် သွားစေရပါဘူး။ ဒါကလဲ နှလုံးကို ရည်တန့်သွားစေမဲ့ ဖြစ်စဉ် အတောအတွင်းမှာ နှလုံးရဲ့ အာရုံကြောမျှင်တွေ ပျက်စီးသွားမှာ စိုးတာကြောင့်ပါပဲ။ ဒါဆိုရင် သွေးကြောတွေထဲမှာ သွေးတွေအိုင်ထွန်းပြီး ကျန်ခဲ့မှာကြောင့်ပဲ ဖြစ်တယ်။
၂။ သွေးသည် ရောဂါပိုးမွှားများနဲ့ ဘက်တီးရီးယားများအတွက် ကြားခံကောင်း တစ်ခုပင်။
                သွေးဟာ ရောဂါပိုးမွှားတွေ ဘက်တီးရီးယားတွေနဲ့ အဆိပ်အ တောက် စတာတွေအတွက် ကြားခံ ကောင်းတစ်ခုပဲ။ ဒါကြောင့် မွတ်စလင်  နည်းကျ သားကောင်ကို လှီးဖြတ်ခြင်းက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ် စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါပိုးမွှားတွေ အဆိပ်အတောက် တွေနဲ့ ဘက်တီးရီးယားစတာတွေ ပါရှိနေတဲ့ သွေးအများစုကြီးကို ဖယ် ရှားပစ်လိုက်ခြင်းဖြင့် များစွာသော ရောဂါဝေဒနာများကို ကင်းစင်စေခဲ့လို့ပဲ ဖြစ်ပါတယ်။
၃။ အသားက ပိုမိုအချိန်ကြာကြာ လတ်လတ်ဆပ်ဆပ်ရှိနိုင်
                အစ္စလာမ့်နည်းကျ သားကောင်ကို လှီးဖြတ်နည်းမှ ရရှိလာတဲ့ အသားက တခြား သတ်ဖြတ်နည်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အသားထဲမှာ သွေးလျော့နည်းသွားတာကြောင့် ကြာရှည် အထားခံပါတယ်။
၎။ သားကောင်မှာ နာကျင်မှုကို မခံစားရပါ
                လည်ပင်းကြောများကို ခပ်သွက်သွက်ကလေး လှီးဖြတ်လိုက်ခြင်း က နာကျင်မှုမရှိစေတော့သလို ဦးနှောက်က အာရုံကြောဆီကို သွေးလွှတ်မှု ကိုပါ ပြတ်တောက်သွားစေပါတယ်။ ဒီတော့ သားကောင်က နာကျင်မှုကို မခံစားရတော့ပါဘူး။ သေကာနီးမှာ သားကောင်က လှုပ်နေတာ၊ ယက်ကန် ယက်ကန် ဖြစ်နေတာ၊ ထွန့်ထွန့်လူးနေတာ ရုန်းနေတာတွေက နာကျင်တာကြောင့် မဟုတ်ပါဘူး။ သွေးက ခန္ဓာကိုယ်ရဲ့ အပြင်ပကို ယိုစီးကျသွားခဲ့တဲ့အတွက် သွေး မလုံမလောက် ဖြစ်သွားတော့တာကြောင့် ကြွက်သားတွေက ကျုံ့လိုက် ဆန့်လိုက် ဖြစ်ခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com