Bookmark and Share  
မွတ်စလင်များသည်ကအ်ဗာကိုရှိခိုးပူဇော်နေကြတာလား၊
အမေး
အစ္စလာမ်က ရုပ်ပွား ကိုးကွယ်မှုကို ဆန့်ကျင်တယ်ဆိုပြီး ဘာကြောင့်  ကအ်ဗာဘက်ကို ဦးချနေကြရတာလဲ။
အဖြေ
ကအ်ဗာက ကိဗလာ ဖြစ်တယ်။ ဝတ်ပြုတဲ့အချိန်မှာ မွတ် စလင်တွေ မျက်နှာမူရာ ဖြစ်ပါတယ်။ ဝတ်ပြုချိန်မှာ မွတ်စလင်တွေဟာ ကအ်ဗာဖက်ကို မျက်နှာမူသာ မူကြပေမဲ့ သူတို့က ကအ်ဗာကို ဝတ်ပြု ကိုးကွယ်နေကြတာ မဟုတ်ကြောင်းကိုတော့ မှတ်သားထားဖို့ အရေးကြီး ပါတယ်။ မွတ်စလင်တွေဟာ အလ္လာဟ်ကလွဲပြီး ဘာကိုမှ မကိုးကွယ် မဆည်းကပ်ကြပါဘူး။
                စူရာဟ်ဗကရာဟ်မှာ ဖော်ပြထားတာကတော့ ...
“ငါအရှင်သည် အသင်၏ မျက်နှာက ကောင်းကင်ဘုံများဖက်သို့ (လမ်းညွှန်အတွက်) လှည့်လည်ကြည့်နေသည်ကို  မြင်နေတော်မူသည်။ ယခု ငါအရှင်က အသင် နှစ်မျို့မည့် ကိဗလာဟ်  တစ်ခုဖက်သို့ လှည့်စေတော်မူမှာ ဖြစ်သည်။ သို့ဖြစ်ရာ အသင်၏ မျက်နှာကို မတ်စဂျီဒိ ဟရာမ် ဝတ်ကျောင်းတော်ဖက်သို့ လှည့်ပါလေ။အသင်တို့ အဘယ်မှာပဲ ရှိနေ ရှိနေ အသင်တို့၏ မျက်နှာများကို ယင်းဘက်သို့သာ လှည့်ကြလော့။”
[ အလ် ကုရ်အာန်  ၂း ၁၄၄ ]
၁။ အစ္စလာမ်သည် ညီညွတ်ရေး အားပေးမြှင့်တင်မှုကို ယုံကြည်သည်
                ဥပမာပြရရင် မွတ်စလင်တွေ ဆွလားသ်ဝတ်ပြုလိုကြတယ် ဆိုလျှင် တချို့က မြောက်အရပ်သို့ လှည့်ချင်ကြမယ်။ တချို့က တောင်ဖက်ကို လှည့်ချင်ကြမယ်။ တစ်ဆူတည်းသော အရှင်ကို ကိုးကွယ် ဆည်းကပ်မှုမှာ တစ်ညီတစ်ညွတ်တည်း ဖြစ်ရေးအတွက် သူတို့ ဘယ် အရပ်ဒေသမှာပဲရှိရှိ တူညီသော တစ်ခုတည်းသော မျက်နှာမူရာ ကိဗ လာဟ်ဖြစ်တဲ့ ကအ်ဗာဘက်သို့သာလျှင် မျက်နှာမူကြရမယ် ဆိုပြီး မိန့်ဆို ထားတယ်။ တကယ်လို့ တချို့သော မွတ်စလင်များက ကအ်ဗာရဲ့ အနောက်ဖက်မှာ  နေထိုင်နေကြရင် သူတို့က အရှေ့ဖက်ကို မျက်နှာမူကြ ရမယ်။ အလားတူပင် သူတို့က ကအ်ဗာရဲ့ အရှေ့ဖက်မှာ နေနေကြလျှင် တော့ အနောက်ဖက်ကို မျက်နှာမူပြီး ဝတ်ပြုကြရမှာ ဖြစ်ပါတယ်။
၂။ ကအ်ဗာသည် ကမ္ဘာ့မြေပုံတွင် အလယ်ဗဟို၌ ရှိသည်
                မွတ်စလင်များဟာ ကမ္ဘာ့မြေပုံကို ပထမဆုံး ရေးဆွဲခဲ့ကြသူများ ဖြစ်တယ်။ သူတို့ရေးဆွဲတဲ့ မြေပုံမှာ တောင်အရပ်က အထက်ဖက်သို့ မျက်နှာမူနေပြီး မြောက်အရပ်ကတော့ အောက်ဖက်သို့ တူရူပြုနေ ပါတယ်။ ကအ်ဗာက အလည်ဗဟိုမှာ ရှိနေပါတယ်။ အလ်ဟမ်ဒုလိလ္လာဟ်
၃။ တစ်ပါးတည်းသော အလ္လာဟ်ရှင်ကို ရည်ညွှန်းလိုသည့်အတွက် ကအ်ဗာကို တွဝါးဖ်လှည့်ပတ်ရခြင်း ဖြစ်သည်
                မွတ်စလင်များဟာ မက္ကာရွှေမြို့တော်မှာရှိတဲ့ မတ်စဂျိဒေ့ ဟရာမ်ကျောင်းတော်ကြီးသို့ သွားကြချိန်မှာ သူတို့ဟာ ကအ်ဗာကို တွဝါးဖ်ပြု လှည့်ပတ်ကြရပါတယ်။ ဒီအပြုအမူက တစ်ဆူတည်းသော အလ္လာဟ်ရှင်ကို ယုံကြည်ဆည်းကပ်မှုရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စက်ဝိုင်းတိုင်းမှာ ဗဟိုချက်က တစ်ခုတည်းပဲ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်ဆည်းကပ် ထိုက်တဲ့ တစ်ပါးတည်းသော အရှင်ဟာ အလ္လာဟ်ရှင်ပဲ ဖြစ်ပါတယ်။
၎။ ဟဇရတ် အုမရ် (ရသွေ့ )  ၏ အဆိုအမိန့်
                ဟဂျရေ့ အဆဝါဒ် ခေါ် ကျောက်နက်တော်နဲ့ပတ်သက်ပြီး တမန်တော်မြတ်မုဟမ္မဒ် (صلي الله عليه و سلم)ရဲ့ အဆွဟဗ်အဆွေတော်ကြီး တစ်ပါး ဖြစ်တဲ့ ဟဇရတ်အုမရ်(رضي الله تعالي عنه)  ရဲ့ အဆိုအမိန့် တစ်ခု ရှိခဲ့ပါတယ်။
                ဆွဟီဗုခါရီကျမ်း အတွဲ ၂၊ အခန်း ၅၆၊ ဟဂ်ျကဏ္ဍ၊ ဟဒီးဆ် အမှတ် ၆၇ မှာပါ။ ဟဇရတ် အုမရ် (رضي الله تعالي عنه)  က “အချင်းကား ကောင်းကျိုး လဲ မပေးနိုင်သလို ဆိုးကျိုးလဲ မပေးနိုင်တဲ့ ကျောက်တုံး တစ်တုံးဆိုတာကို ကျွန်ုပ် သိထားတယ်။
တမန်တော်မြတ် (صلي الله عليه و سلم)က အချင်းကို ထိခဲ့ နမ်းရှုံ့ ခဲ့တာကိုသာ ကျွန်ုပ် မမြင်ထားခဲ့ရင် ကျွန်ုပ်က အသင့်ကို ထိကိုင်မှာလဲ မဟုတ်သလို နမ်းရှုံ့မှာလဲ မဟုတ်ဘူး” လို့ မိန့်ဆိုခဲ့ပါတယ်။
၅။ လူတို့ ကအ်ဗာပေါ် တက်ပြီး အဇာန် ပေးကြတယ်
တမန်တော်မြတ် (صلي الله عليه و سلم) ခေတ်တုံးက ဆိုရင် လူတွေဟာ ကအ်ဗာ ပေါ်ကို တက်ပြီးတော့တောင် ဝတ်ပြုရန်ဖိတ်ခေါ်မှု အဇာန်ပေးခဲ့ကြတယ်။ မွတ်စလင်တွေဟာ ကအ်ဗာကို ကိုးကွယ်တယ် ဆိုပြီး စွပ်စွဲပြောဆိုတဲ့ သူကို မေးချင်တာကတော့ ဘယ်ရုပ်ပွားဆင်းတု ကိုးကွယ်တဲ့သူကများ သူ ကိုးကွယ်ရာ ရုပ်ပွားဆင်းတုပေါ်တက်ပြီး ရပ်တာကို မြင်ဖူးလဲလို့လေ။                
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com