အမေး
ကုရ်အာန်က ရှိုင်တွာန်ရဲ့ လက်ရာ မဟုတ်တာကို ကျွန်ုပ်တို့ ဘယ်ပုံ ဘယ်နည်းနဲ့ သိနိုင်ပါသလဲ။
အဖြေ
မက္ကာဟ်သား အယူမှားသူတို့ရဲ့ဘက်ကလိုပဲ တမန်တော်မြတ် (صلي الله عليه و سلم) ဟာ ရှိုင်တွာန်ထံကနေ ဗျာဒိတ်တော်တွေကို လက်ခံခဲ့တာဆိုတဲ့ အလားတူစွပ်စွဲချက်ကို ဖြေကြားဖို့အတွက် အောက်ပါ ပါဒတော်တွေ ကို ထုတ်ပြန်ပို့ချလာခဲ့ပါတယ်။
(စူရာဟ် ဝါကီအဟ်၊ အခန်း -၅၆၊ ပါဒ ၇၇-၈၀)
"ဧကန်မလွဲ ယင်းသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။ စင်ကြယ်သန့်ရှင်းသူတို့မှတပါး မည်သူကမျှ ထိတွေ့ကြခြင်းမရှိသည့် မှတ်တမ်းစာအုပ် တစ်ခု၌ ထိန်းသိမ်းစောင့်ရှောက်၍ ထားထားသည်။ ကမ္ဘာခပ်သိမ်းတို့၏ အရှင် သခင်အထံတော်မှ ချပေးတော်မူခြင်း ခံရလေသော ကျမ်းဂန်တည်း။"
ကီတာဗီမ် မကနွန်း ဆိုတာ ကောင်းစွာ စောင့်ထိန်းထားသော သို့မဟုတ် ကာကွယ် စောင့်ရှောက်ထားသောကျမ်းဆိုတဲ့ ကောင်းကင် ဘုံက အလ် လောင်ဟလ်မဟ်ဖူးဇ်ကို ရည်ညွှန်းထားတာ ဖြစ်တယ်။ ဒါကို မုသွာသ် ဟရီးန်တို့ကလွဲပြီး ဘယ်သူကမှ ထိတို့ခွင့်ရှိမှာ မဟုတ် ပါဘူး။
ဆိုလိုတာက ဘယ်သူမဆို မသန့်မပြန့် ဒါမှမဟုတ် မစင်မကြယ် ဒါမှမဟုတ် ဒုစရိုက်ပြစ်မှုမရှိသူမျိုးကို ဆိုလိုတာပါ။ ဒါက ကောင်းကင် တမန်များကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ရှိုင်တွာန်ကိုတော့ လုံးလုံး လျားလျား ပိတ်ပင် တားမြစ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ရှိုင်တွာန်အဖို့ရာ ဒါကို အနားကပ်ဖို့ ထိတွေ့ဖို့ လုံးဝ မဖြစ်နိုင်တာမို့ ထွန်းလင်းတောက်ပတဲ့ ကုရ်အာန်ရဲ့ အာယတ် တော်တွေကို ရေးသားဖို့ဆိုတာ ပေါ်စရာကို မရှိတော့ပါဘူး။
စူရာဟ် ရှုအ်ရာ အခန်း ၂၆၊ ပါဒ ၂၁၀-၂၁၂ မှာ ရှေ့ဆက် ဖော်ပြထားတာကတော့ ...
"စင်စစ် ဤ(ဗျာဒိတ်)ကို ရှိုင်တွာန် မိစ္ဆာကောင်များ ဆောင်ကြဉ်းခဲ့ကြသည်မဟုတ်ပေ။ စင်စစ် ထို(ဗျာဒိတ်)ကိစ္စမှာ ၄င်းတို့နှင့် လားလားမျှ မအပ်စပ်။ ဆောင်ကျဉ်းလာရန်လည်း တတ်စွမ်းနိုင်ကြသည် မဟုတ်ချေ။
ဧကန်အမှန် ထိုမိစ္ဆာကောင်များသည် (ဝဟ်ယ်အမိန့်တော်) ကို ကြားနားခြင်းမှ အမှန်ပင် ပယ်ရှားခြင်းခံခဲ့ကြရပြီး ဖြစ်ကုန်သတည်း။"
[ ကုရ်အာန် ၂း ၂၃၀ ]
လူတော်တော်များများကပဲ ရှိုင်တွာန်နဲ့ ပတ်သက်လို့ မှားယွင်း တဲ့ အယူအဆတစ်ရပ် ရှိနေပါတယ်။ ရှိုင်တွာန်ဟာ အလ္လာဟ်သာလျှင် လုပ်စွမ်းနိုင်တော်မူတဲ့ ကိစ္စအချို့ကလွဲရင် ရှိုင်တွာန်က အရာရာကို လုပ် နိုင်တယ်ဆိုပြီး သူတို့က ထင်နေကြတယ်။ သူတို့ရဲ့အဆိုအရ ရှိုင်တွာန်က အလ္လာဟ်ထက် တန်ခိုးစွမ်းအင် နည်းနည်းလေးပဲလျော့တယ်ပေါ့။ ကုရ် အာန်က အံ့ဖွယ်ပြာဋိဟာတစ်ရပ်ဖြစ်တယ်ဆိုတဲ့အချက်ကို သူတို့က လက် မခံလိုခဲ့ကြပါဘူး။ ဒါဟာ ရှိုင်တွာန်လက်ရာဆိုပြီး သူတို့က ပြောခဲ့ကြပါ တယ်။
ရှိုင်တွာန်ကသာ ကုရ်အာန်ကို ရေးခဲ့တယ်ဆိုရင် အလားတူ ကုရ်အာန်ထဲက စူရာဟ် နဟလ် အခန်း -၁၆၊ ပါဒအမှတ် ၉၈ မှာ အခုလို ဖော်ပြစရာအကြောင်းက မရှိပါဘူး။
"သို့ဖြစ်ပေရာ အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ် ဖတ်သရဇ္ဈာယ်သောအခါ နှင်ထုတ်ခြင်းခံရသော ရှိုင်တွာန်မိစ္ဆာကောင် (၏နှောင့်ယှက်မှု) မှ (လွတ်ကင်းနိုင်ရန်) အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ကို ယူပါလေ။"
သို့ပါလျက်နှင့် အသင်တို့က ရှိုင်တွာန်က ကျမ်းတစ်အုပ် ရေး ခဲ့ပါတယ်ရယ်လို့ ဘယ်လိုများ အတွေးပေါက်ခဲ့ကြတာပါလဲ။ ဒါဆိုရင် သူက ငါ့ကျမ်းကို မဖတ်ခင်အရင် အလ္လာဟ့်ဆီမှာ ငါ့ ပယောဂဘေးကကယ်တင်ဖို့ သူက ဆိုထားပါမလား။
ကုရ်အာန်က ရှိုင်တွာန်ရဲ့ လက်ရာမဟုတ်တဲ့အကြောင်း ခိုင်လုံ တဲ့သက်သေအဖြစ် အာယတ်တော် အများအပြားပဲ ကုရ်အာန်ထဲမှာ ရှိနေပါတယ်။
"အကယ်၍ ရှိုင်တွာန်ထံမှ အကြံပေးချက် တစ်ရပ်က အသင်တို့ စိတ်နှလုံး၌ သက်ရောက်ခဲ့ပါမူ အသင်သည် ချက်ချင်းပင် အလ္လာဟ်အရှင်မြတ်၏ ကာကွယ် စောင့်ရှောက်မှုကို ဆည်းပူးရှာဖွေ ရယူပါလေ။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလုံးစုံကို အကြွင်းမဲ့ ကြားတော်မူ၏။ အကြွင်းမဲ့ သိရှိတော်မူ၏။" [ စူရာဟ် အလ် အအ်ရာဖ် ၇း ၂၀ဝ ]
ဒါဆို ရှိုင်တွာန်က သူ့ရဲ့နောက်လိုက်တွေကို သူ့ဖက်က သူတို့ ကို တစ်ခုခု အဆိုပြုလာခဲ့ရင် ကျိန်စာသင့် ရန်သူဖြစ်တဲ့ သူ့ဘေးက ကင်းဝေးဖို့ သူတို့က ဘာကြောင့် အလ္လာဟ့်ဆီမှာ ခိုလှုံခွင့် တောင်းကြလို့ သူက ဆိုရမှာလဲ။
စူရာဟ် ဗကရာဟ် အခန်း ၂၊ ပါဒ ၁၆၈ မှာ လာရှိပါတယ်။
"အို ... လူသားအပေါင်းတို့၊ အသင်တို့သည် ကမ္ဘာမြေပေါ်ဝယ် ရှိလေသော အရာများအနက်မှ စားသုံးပိုင်ခွင့်ပြုထားသော သန့်စင်သော အရာများကို စားသုံး ကြကုန်လော။ သို့ရာတွင် အသင်တို့သည် ရှိုင်တွာန်၏ခြေရာများကို (ဖဝါးခြေထပ်) မလိုက်ကြကုန်လင့်။ အမှန်စင်စစ် ယင်းရှိုင်တွာန်သည် အသင်တို့၏ ပွင့်လင်း ထင်ရှားလှစွာသော ရန်သူရန်ဘက်ပင် ဖြစ်ချေသည်။"
စူရာဟ် ယာစီးန် အခန်း ၃၆၊ ပါဒ ၆၀ မှာ ဒီလို ဆိုထား ပါတယ်။
"အို ... အာဒမ်၏ သားမြေးတို့၊ ငါအရှင်မြတ်သည် အသင်တို့အား ကြပ်ကြပ် သတိပေးတော်မူခဲ့သည် မဟုတ်လော။ အသင်တို့ သည် ရှိုင်တွာန်မိစ္ဆာကောင်အား ဆည်းကပ် ကိုးကွယ်ခြင်း မပြုကြကုန်လင့်။ ဧကန်မလွဲ ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့၏ ထင်ရှားသော ရန်သူပင် ဖြစ်သည်။"
ရှိုင်တွာန်က ကောက်ကျစ်ယုတ်မာတယ်။ ရှိုင်တွာန်က အနန္တ စွမ်းအားတော်ရှင် အလ္လာဟ်နဲ့ယှဉ်ပြီး ကုရ်အာန်ကို ရေးခဲ့တာဆိုပြီး လူ တွေရဲ့စိတ်ထဲမှာ ထင်မြင်သွားအောင် ဖမ်းစားနိုင်တာကိုဖြင့် အံ့ဩစရာ မရှိပါဘူး။ ရှိုင်တွာန်က ဘာမှ အရေး မပါပါဘူး။ အလ္လာဟ်ကတော့ အနန္တ ဥာဏ်တော်ရှင် ဖြစ်တယ်။ အရှင်က ရှိုင်တွာန်ရဲ့ မကောင်းတဲ့ရည်ရွယ် ချက်ကို သိရှိတော်မူတာကြောင့်ပဲ ကုရ်အာန်ကို ဖတ်ရှုသူများအတွက် ကုရ်အာန်က အလ္လာဟ်ရဲ့ ဗျာဒိတ်တော်ဖြစ်ပြီး ရှိုင်တွာန်ရဲ့ စကားမဟုတ် ဘူးဆိုတာကို ပြသဖို့အတွက် များပြားလှတဲ့ သက်သေ သာဓကတွေ ပေးထားတာကို အံ့ဩစရာ မရှိပါဘူး။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)