Bookmark and Share  
ဘာသာတရားအားလုံးကလူတွေကိုကောင်းတာတွေကိုပဲသင်ကြားထားပါရက်နဲ့ဘာကြောင့်အစ္စလာမ်ဘာသာကိုပဲလိုက်နာကြလို့ ဆိုထားရတာလဲ။
အမေး
                အားလုံးသော ဘာသာတရားတွေဟာ အခြေခံအရ ဆိုင်ရာ ဘာသာဝင်တွေကို ကောင်းရာကို လုပ်ကြဖို့ သွန်သင်ထားကြတာချည်းပါပဲ။ သူ့အနေနဲ့  ဘာသာတရားတွေထဲက ဘယ်တစ်ခုခုကိုပဲ ဖြစ်ဖြစ် လိုက်နာသွားလို့ရော မရနိုင်ဘူးလား။
အဖြေ
၁။ အစ္စလာမ်နဲ့ တခြား ဘာသာတရား အများစုအကြား အဓိက ကွဲပြားခြားနားချက်။
                အားလုံးသော ဘာသာတရားတွေက အခြေခံအရ လူသားတွေ ကို ကောင်းရာကို ပြုကျင့်ပြီး မကောင်းရာကို ရှောင်ကျဉ်ကြဖို့ပဲ တိုက်တွန်း နှိုးဆော်ခဲ့ကြတာချည်းပါပဲ။ ကျွန်ုပ်တို့ တစ်ဦးချင်းမှာရော လူ့အသိုင်း အဝိုင်းတွင်းမှာပါ လက်တွေ့ကျကျ ကောင်းရာကို ပြုကျင့်သွားဖို့နဲ့ မကောင်းတာကို ရှောင်ကြဉ်ကြဖို့ကို လမ်းညွှန် ပေးနေကြပါတယ်။ အစ္စလာမ်က လူ့သဘာဝကိုရော လူ့အဖွဲ့အစည်းများရဲ့ ထွေထွေပြားပြား အဖြစ်ကိုပါ အသိအမှတ်ပြုထားပါတယ်။ အစ္စလာမ်က ဖန်ဆင်းရှင် ကိုယ်တော်တိုင်ဆီကလာတဲ့ လမ်းညွှန် ဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ်ကို ဒီးနူလ်ဖိတရဟ် (လူသားရဲ့ သဘာဝဘာသာတရား) ရယ်လို့လည်း  ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
၂။ ဥဒါဟရုဏ်၊ အစ္စလာမ်က ခိုးဝှက်တိုက်ခိုက် လုယက်မှုကို တားမြစ် ထားသလိုပဲ ခိုးဝှက်တိုက်ခိုက်မှုကို ပပျောက်စေမဲ့ နည်းလမ်းကိုလဲပဲ  ညွှန်ကြား ပြသထားပါတယ်။
(က) အစ္စလာမ်က ခိုးဝှက်လုယက်မှုကို ပပျောက်စေမဲ့ နည်းလမ်းကို ပြဋ္ဌာန်းပေးထားသည်။

                အားလုံးသော အဓိက ဘာသာတရားကြီးတွေမှာလဲပဲ ခိုးဝှက်မှုကိုမကောင်းမှုဆိုပြီးတော့ သွန်သင်ထားကြပါရဲ့။ ဒါဆို အစ္စလာမ်နဲ့ တခြား ဘာသာတရားတွေရဲ့ကြားမှာ ဘာကွာခြားလဲ။ အစ္စလာမ်က ခိုးဝှက်မှုဆို တာ မကောင်းဘူးလို့ သွန်သင်ထားသလို တစ်ဆက်တည်းမှာပဲ လူတွေ ခိုးဝှက်မှု ပြုကြမှာမဟုတ်တဲ့ လူမှုအဆောက်အအုံ တစ်ရပ်ကို လက်တွေ့ ကျကျ ဖန်တီးနိုင်မဲ့ နည်းလမ်းတစ်ရပ်ကိုပါ ပြသပေးထားတာကပဲ အဓိက ခြားနားချက်ကြီး ဖြစ်နေရတာပါ။
(ခ) အစ္စလာမ်က ဇကားသ်ကို ပြဋ္ဌာန်းထားသည်
                အစ္စလာမ်က ဇကားသ်ဆိုတဲ့ (နှစ်စဉ် အလှူပြုရန် တာဝန်) ကို ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်။ အစ္စလာမ့်ဥပဒေသက လူတိုင်းဟာ နီဆဗ် အဆင့်ထက်ကျော်ပြီး စုဆောင်းမိပြီဆိုတာနဲ့ ဆိုလိုတာက ရွှေဆိုရင် ၈၅ ဂရမ်ထက် ပိုရှိခဲ့ရင် အဲဒီစုဆောင်းမိတာရဲ့ ၂ .၅ ရာခိုင်နှုန်းကို နှစ်စဉ်အလှူအဖြစ်နဲ့ ပေးကမ်းကြရပါမယ်။ ကမ္ဘာမှာရှိတဲ့ ချမ်းသာသူတိုင်းကသာ ရိုးသားမှုအတိနဲ့ ဇကားသ်ကို ပေးသွားကြမယ် ဆိုရင် ဒီကမ္ဘာကြီးကနေ ဆင်းရဲမွဲတေမှုကို အမြစ်ပြတ် သုတ်သင်ပစ် နိုင်ပါတယ်။ ဘယ်သူမှ ငတ်ပြီး သေရတယ်ဆိုတာ ရှိတော့မှာ မဟုတ် ပါဘူး။
(ဂ) ခိုးမှုအတွက် ပြစ်ဒဏ်က သူခိုးရဲ့လက်ကို ဖြတ်ပစ်တာဆိုရင်
                ခိုးမှုကျူးလွန်သူရဲ့ လက်ကို ဖြတ်ပစ်ရမယ်လို့ အစ္စလာမ်က သတ်မှတ်ထားပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် မာအိဒဟ်မှာ အခုလို လာရှိထားပါတယ်။
"ခိုးသူသည် ယောကျာ်းပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် သူတို့၏ ပြစ်မှုအတွက်အလ္လာဟ့်ထံမှ စံပြ အပြစ်ပေးနည်းအဖြစ် ၄င်းတို့၏ လက်များကို ဖြတ်တောက်ပစ် ရမည်။ အလ္လာဟ်သည်  အချုပ်အချာ ဩဇာအာဏာတော်ရှင်တည်း။ ဥာဏ်တော် အနန္တရှင်တည်း။" [ အလ် ကုရ်အာန်  ၅း ၃၈ ]
                မွတ်စလင်မဟုတ်သူတွေ ဘက်ကတော့ ဒီ ၂၀ ရာစုခေတ်ကြီး ထဲမှာ လက်ကို ဖြတ်ပစ်စေတာဟာဖြင့် အင်မတန် ရက်စက်ကြမ်းကြုတ် တဲ့ အရိုင်းအစိုင်းသာသနာ ဖြစ်နေလို့ပဲလို့ ဆိုကြမှာပါပဲ။
(ဃ) အစ္စလာမ့်ဥပဒေကို တကယ် အကောင်အထည်ဖော်ခဲ့ချိန်တွင် ရရှိခဲ့သည့် အကျိုးရလဒ်များ
                ကမ္ဘာမှာ အမေရိကန်နိုင်ငံဟာ အတိုးတက်ဆုံးသော နိုင်ငံတွေ ထဲက တစ်ခုပါပဲ။ ကံမကောင်းတဲ့ အချက်ကတော့ ရာဇဝတ်မှု၊ ခိုးမှု၊ ဓါးပြမှု၊ လုယက်မှု အမြင့်မားဆုံးသော နိုင်ငံကြီးတစ်ခု ဖြစ်နေတာပါပဲ။ အမေရိကန်နိုင်ငံမှာ အစ္စလာမ့်ရှရီအသ်ကိုသာ လက်တွေ့ကျင့်သုံးသွား မယ်ဆိုပါစို့။ ချမ်းသာတဲ့လူတိုင်းက နှစ်စဉ် လပြက္ခဒိန်နှစ်မှာ ရွှေသား ၈၅ ဂရမ်ထက် ပိုနေသမျှထဲက သူစုဆောင်းထားချက်ရဲ့ ၂ .၅ ရာခိုင် နှုန်းကို ဇကားသ်အဖြစ် ပေးခဲ့ကြပြီ ဆိုပါစို့။ သူခိုးဓါးပြကိုမိရင်လဲ ပြစ်ဒဏ် အဖြစ် လက်ဖြတ်ပစ်တယ်ဆိုပါစို့။ ဒါဆိုရင် အမေရိကမှာ ခိုးဝှက် တိုက်ခိုက်မှု နှုန်းထားက တိုးလာဦးမှာလား၊ လျော့ကျသွားမှာလား။ ဒီအတိုင်း တန့်ပြီးပဲ နေနေမှာလား။ သဘာဝကျကျ ဆိုရရင်ဖြင့် လျော့ကျ သွားရမှာပါ။ ဒါတင်မက ဒီလိုမျိုး တင်းကြပ်တဲ့ ဥပဒေ ပြစ်ဒဏ်ကိုသာ ပေးသွားခဲ့ရင် ဘယ်ကလာ ခိုးရဲတိုက်ရဲတော့မှာလဲ။
                ဒီကနေ့ ကမ္ဘာမှာ ခိုးမှုလုယက်မှု ဖြစ်ပွားနှုန်းက ကြောက်ခမန်း လိလိ ကြီးထွားနေတာကို ကျွန်တော်သဘောတူပါတယ်။ ဒါကြောင့် သူခိုး အားလုံးကိုသာ လက်ဖြတ်ခဲ့မယ်ဆိုရင် လက်ပြတ်နေတဲ့သူတွေ ထောင် သောင်းချီပြီး ရှိနေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကအချက်ကတော့ ဒီဥပဒေကို ကျင့်သုံးသွားသရွေ့ ခိုးမှုနှုန်းထားက ချက်ချင်းဆိုသလို ထိုး ကျသွားလိမ့်မယ် ဆိုတာပါပဲ။ ဘယ်သူခိုးပဲမဆို ခိုးလို့မိသွားရင် ငါတော့ လက်ဖြတ်ခံရမှာ ဒုက္ခိတအဖြစ် အရှက်တကွဲ အကျိုးနည်း ဖြစ်ရချီသေးရဲ့ ဆိုတာကို မခိုးခင်အရင် အလေးအနက်ထား တွေးမိမှာဖြစ်ပါတယ်။ ပြစ်ဒဏ်အပေါ် ဒီလိုအတွေးဝင်မိတာနဲ့တင်ပဲ သူခိုးအများစုကြီးဟာ ခိုးဖို့ဝှက်ဖို့ကို စိတ်ဓါတ်ကျသွားကြမှာ ဖြစ်ပါတယ်။ သူခိုးသူဝှက်ရှိခဲ့ရင် တောင်မှ အနည်းအကျဉ်းလောက်ပဲ ရှိတော့မှာပါ။ ဒါဆို လူနည်းစုကလေး ကို လက်ဖြတ်လိုက်ရတာနဲ့တင် လူသန်းပေါင်းများစွာဟာ သူခိုးသူဝှက် ဘေးကလည်း ကင်းရမယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့လဲ နေထိုင်သွား လာနိုင်ပါမယ်။
                ဒါကြောင့် အစ္စလာမ့်ရှရီအသ်က လက်တွေ့လဲကျသလို လက်ငင်း အကျိုးရလဒ်များလဲပဲ ရှိနေပါတယ်။
၃။ ဥပမာအစ္စလာမ်က မုဒိမ်းမှုနှင့် အမျိုးသမီးအပေါ် စော်ကား မော်ကား ပြုမှုတို့ကို တားမြစ်ပိတ်ပင်ထားသည်။ ဟိဂျာဗ်ကို ပြဋ္ဌာန်းထားပြီး မုဒိမ်းမှုအတွက်  ကြီးလေးသော ပြစ်ဒဏ်ကို ချမှတ်ထားသည်။
(က) အစ္စလာမ်က မုဒိမ်းမှုနှင့် စော်ကားမော်ကား ဗလက္ကာရမှုတို့ကို အမြစ်ပြတ် သုတ်သင်နိုင်မည့် နည်းကို ပြဋ္ဌာန်းပေးထားသည်။

                အဓိက ဘာသာတရားအားလုံးက မိန်းမသားအပေါ် ဗလက္ကာရပြုမှုနဲ့ မတော်မတရား ကျင့်ကြံမှုတို့ကို ကြီးလေးသောပြစ်မှုတွေဆိုပြီး ကြွေးကျော်ထားပါတယ်။ ဒါဆိုရင် တခြား ဘာသာတရားတွေနဲ့ အစ္စလာမ်နဲ့ ဘာကွာခြားပါသလဲ။ ကွာခြားချက်ကျတော့ အစ္စလာမ်က အမျိုးသမီးတွေကို လေးစားကြဖို့ ဗလက္ကာရ ပြုမှုကို စက်ဆုတ်ဖွယ်ရာနဲ့ မုဒိမ်းမှုကို ကြီးလေးသော ပြစ်မှုဆိုပြီး ဖော်ပြထား၊ သွန်သင်ထားရုံ သက်သက်နဲ့ မပြီးဘဲ လူ့အဖွဲ့အစည်းအနေနဲ့ ဒီလိုမျိုး ရာဇဝတ်မှုတွေကို ဘယ်ပုံ ဘယ်နည်း အမြစ်ပြတ်ကင်းစင်အောင် လုပ်သွားရမယ်ဆိုပြီးလဲ ရှင်းလင်းတဲ့ လမ်းညွှန်ကိုပါ ချမှတ်ပေးထားချက်ပဲ ဖြစ်ပါတယ်။
(ခ) ယောကျာ်းများအတွက် ဟီဂျာဗ်
                အစ္စလာမ်မှာ ဟိဂျာဗ်စနစ် ရှိပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် မှာ ဦးစွာ ယောကျာ်းများအတွက် ဟိဂျာဗ်ကို ဆိုထားပြီးမှနောက် ရှေ့ဆက်  ပြီး မိန်းမများအတွက်ကို ဆိုထားတာပါ။ ယောကျာ်းများအတွက် ဟိဂျာဗ် ကိုတော့ အောက်ပါအာယတ်မှာ ဖော်ပြထားပါတယ်။
"ယုံကြည်သူ အမျိုးသားတို့ကို မျက်လွှာချထားကြရန်နှင့် မိမိတို့၏ အရှက်အိနြေ္ဒကို ထိန်းသိမ်းကြဟုဆိုလော့။ ဤသည် ၄င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်သည်။ ဧကန် အလ္လာဟ်ရှင်သည် ၄င်းတို့ပြုသမျှကို ကောင်းစွာ သိရှိတော်မူ၏။"[ ကုရ်အာန်  ၂၄း ၃၀ ] 
                ယောကျာ်းတစ်ဦးက မိန်းမသားတစ်ဦးကို စပြီး ကြည့်မိလိုက် တာနဲ့ သူ့စိတ်ထဲမှာ မရိုးမသား အတွေးဆိုးတွေ မဝင်ခင်အရင် သူ့ မျက်လွှာကို ချပစ်လိုက်သင့်ပါတယ်။
(ဂ) အမျိုးသမီးများအတွက် ဟိဂျာဗ်
                အမျိုးသမီးများအတွက် ဟိဂျာဗ်ကို အောက်ပါအာယတ်မှာ ဖော်ပြထားပါတယ်။
"ယုံကြည်သူအမျိုးသမီးတို့အား မျက်လွှာကို ချကြ၊ အရှက် အိနြေ္ဒကို ထိန်းသိမ်းကြ၊ ပေါ်၍ နေတတ်သော မိမိတို့၏ အလှမှ တပါး ကျန်အလှအပတို့ကို မဖော်ပြစေရ။ ရင်ဘတ်ပေါ်ဝယ် ခြုံလွှာကို ဆွဲချထားကြ။ မိမိတို့၏ ခင်ပွန်းများ၊ ဖခင်များ၊ သားများ . . . ရှေ့မှတပါး မိမိတို့၏ အလှကို မပြကြရဟု ဆိုလေ။"[ ကုရ်အာန်   ၂၄း ၃၁ ]
                အမျိုးသမီး တစ်ဦးအဖို့ ဟိဂျာဗ်ရဲ့အတိုင်းအတာကတော့ ခန္ဓာ ကိုယ်တစ်ခုလုံး လုံးဝ လုံခြုံနေဖို့ပါပဲ။ ပေါ်နေမဲ့အပိုင်းကတော့ မျက်နှာနဲ့  လက်ကောက်ဝတ်အထိ လက်ဖဝါးအပိုင်းပဲ ဖြစ်ပါတယ်။ သူတို့မှာ ဆန္ဒ ရှိခဲ့ရင်တော့ ခန္ဓာကိုယ်ရဲ့ ဒီအပိုင်းတွေကိုပါ ဖုံးချင်ရင် ဖုံးထားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစ္စလာမ့်ပညာရှိ တချို့ကဆိုရင် မျက်နှာကိုတောင် ဖုံးအုပ် ထားသင့်တယ်လို့ ဆိုထားကြတာ ရှိပါတယ်။ (ဒါကတော့ ကုရ်အာန်နဲ့ ဆန့်ကျင်ပြီးဆိုရာ ရောက်နေပါတယ်။ (စာရေးသူ)
(ဃ) ဟိဂျာဗ်က ဗလက္ကာရ အမှုကို ဟန့်တား ကာကွယ်ပေးသည်
                မိန်းမသားများအတွက် ဟိဂျာဗ်ကို ဘာကြောင့် ပြဋ္ဌာန်းထားရ တယ် ဆိုတဲ့ အကြောင်းရင်းကို ကျမ်းမြတ်ကုရ်အာန်လာ စူရာဟ် အလ် အဟ်ဇဗ်မှ အောက်ပါ အာယတ်မှာ ပေးထားပါတယ်။
"အို ... တမန်တော်၊ သင်၏ဇနီးများ၊ သမီးများနှင့် ယုံကြည်သူ အမျိုးသမီးများအား (အပြင်သို့ သွားလာကြရာမှာ) အပေါ်ရုံကို သူတို့၏ ရင်ဘတ်ပေါ်ဝယ် အနည်းငယ် ချထားကြဟု ပြောကြားပါလေ။ ဤသည် ပိုပြီးသိသာရန် အဆင်ပြေစေ၏။အလ္လာဟ်ရှင်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အရှင်၊ အလွန်သနား ကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်၏။" [ ကုရ်အာန်  ၃၃း ၅၉ ] 
                ကုရ်အာန်မှာ အမျိုးသမီးများအတွက် ဟိဂျာဗ်ကို  သတ်မှတ် ပေးထားတယ်။ ဒါမှ ဒီနည်းနဲ့ပဲ သူတို့တတွေကို အရှက်အိနြေ္ဒ အကြီးကဲ ဆုံးသူတွေ ဆိုတာကို သိသွားစေမှာ ဖြစ်ပြီး ဗလက္ကာရ ပြုခံရမဲ့ ဘေးကပါ ဟန့်တား ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
(င) အမွှာညီမများ  ဥပမာ
                အလှအပချင်း တူကြတဲ့ အမွှာညီအစ်မ နှစ်ဦးက လမ်းလျှောက် ထွက်ကြတယ်ဆိုပါစို့။ တစ်ယောက်က မျက်နှာရယ် လက်ကို လက် ကောက်ဝတ်အထိရယ်က လွဲရင် တစ်ကိုယ်လုံးကို လုံလုံခြုံခြုံ ဖုံးအုပ် ထားတယ်။ နောက်အမွှာညီအစ်မက ကျတော့ မီနီစကတ် ပေါင်လယ် ဂါဝန်နဲ့ မလုံမလဲ ဝတ်ထားတယ်ဆိုပါစို့။ လမ်းထောင်မှာလဲ အခွင့်အရေး ရရင် မိန်းကလေးတွေကို စကြနောက်ကြမဲ့ လမ်းသရဲ တစ်စုကလည်း ရှိနေတယ်ထား။ ကဲ ဘယ်လို မိန်းကလေးမျိုးက အစခံရမှာလဲ။ အစ္စလာမ့်နည်းကျ ဟိဂျာဗ် ဝတ်ထားတဲ့ မိန်းကလေးကိုလား ဒါမှမဟုတ် မီနီစကတ် ဝတ်ထားတဲ့ မိန်းကလေးကိုလား။ ဖုံးဖုံးဖိဖိ ရှိရမှာတွေကို လိုတာထက်ပိုပြီး ပေါ်လွင်စေမဲ့ အဝတ်အထည်က ဆန့်ကျင်ဖက်လိင်ကို သွယ်ဝိုက်တဲ့ နည်းနဲ့ ရာဂစိတ်ကို နှိုးဆွပေးရာ ရောက်ပါတယ်။ ဗလက္ကာရ ပြုချင်တဲ့စိတ်၊ သားမယားပြုကျင့် ချင်တဲ့စိတ်ကို ပိုပြီးပေါ်စေပါတယ်။ ကုရ်အာန်က ဟိဂျာဗ်က ဗလက္ကာရမှုကို ဟန့်တား ကာကွယ်ပေးတယ် ဆိုပြီး အမှန်ကို ပြောထားတာ ဖြစ်ပါတယ်။
(စ) မုဒိမ်းကောင်များ အတွက် ကြီးလေးသော ပြစ်ဒဏ်
                အစ္စလာမ့်ရှရီအတ်က မုဒိမ်းမှုကို ကျူးလွန်တဲ့သူအတွက် ကြီး လေးတဲ့ပြစ်ဒဏ်ကို ပြဋ္ဌာန်းထားပါတယ်။ မွတ်စလင် မဟုတ်သူတွေ ကတော့ ဒီခေတ်ကြီးမှာ ဒီလိုမျိုး တင်းတင်းကြပ်ကြပ်ကြီး ပြစ်ဒဏ်ခတ် တာကို ကျောချမ်းခဲ့ကြပါတယ်။ ကျွန်တော်က မွတ်စလင်မဟုတ်တဲ့ ယောကျာ်း အတော်များများကို ရိုးရိုးလေးပဲ မေးခွန်းထုတ်ကြည့်ခဲ့ဖူး ပါတယ်။ အလ္လာဟ်ရှင် ဖယ်ရှားပါစေသား။ လူကြီးမင်းရဲ့ ဇနီး ဒါမှမဟုတ် မိခင် ဒါမှမဟုတ်  နှမကို မုဒိမ်းကျင့်ခံရတယ် ဆိုပါစို့။ လူကြီးမင်းကိုပဲ ဒီအမှုမှာ တရားသူကြီးအဖြစ် စီရင်စေမယ်ဆိုပါစို့။ မုဒိမ်းကောင်ကို ခင်ဗျားရဲ့ရှေ့ကို ခေါ်လာပြီး ခင်ဗျား သူ့ကို ဘယ်လို ပြစ်ဒဏ်မျိုး ပေးမလဲပေါ့လို့ မေးလိုက်ရုံရှိသေး အားလုံးက "ဒီလို ကောင်မျိုးကို သေဒဏ်သာ စီရင်မှာဗျ"လို့ ဖြေကြတယ်။ တချို့ကဆိုရင် ခံပြင်းပြင်းနဲ့ မသေမချင်း အမျိုးမျိုး ညှင်းဆဲဒုက္ခပေးပြီးမှ သေစေမယ်တဲ့။           အဲ ...ခင်ဗျားတို့ရဲ့ မိခင်တို့ မယားတို့ကို မုဒိမ်းကျင့်တဲ့ သူကိုကျတော့ ခင်ဗျားတို့က သေဒဏ်ပေးချင်ကြတယ်။ ဒါပေမဲ့ တခြားလူတစ်ဦး ဦးရဲ့ မိခင် ဒါမှမဟုတ် မိန်းမကို သားမယား ပြုကျင့်ခံရတာကိုကျတော့ ကြီးလေးတဲ့ ပြစ်ဒဏ်ကိုပေးရင် ရိုင်းစိုင်းတယ်၊ ကြမ်းကြုတ်တယ်ဆိုပြီး ပြောနေကြတယ်။ ဘာကြောင့်များ နှစ်မျိုးနှစ်ခွ ဖြစ်နေကြရတာတုံးဗျ။
(ဆ) အမေရိကန် ပြည်ထောင်စုသည် မုဒိမ်းမှုနှုန်း အမြင့်မားဆုံး သော နိုင်ငံတစ်ခု ဖြစ်သည်။
                အမေရိကန်ပြည်ထောင်စုကြီးကို ကမ္ဘာမှာ အတိုးတက်ဆုံးသောနိုင်ငံများထဲက တစ်ခုဆိုပြီး ဆိုကြပါတယ်။ ၁၉၉၀ ပြည့်နှစ် အက်ဖ်ဘီ အိုင် အစီရင်ခံစာအရဆိုရင် မုဒိမ်းမှုပေါင်း ၁၀၂၅၅၅ မှု ဖြစ်ခဲ့သတဲ့။ ရှေ့ဆက်ဆိုထားတာက မုဒိမ်းမှု ဖြစ်ပျက်သမျှထဲက ဒါဟာ ၁၆ ရာခိုင်နှုန်း ကိုပဲ တိုင်ချက် ဖွင့်ခဲ့ကြတာတဲ့။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ်မှာ တကယ် ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှု စုစုပေါင်းက အခုန အရည်အတွက်ကို ၆ .၂၅ နဲ့ ထပ်ပြီး မြှောက်ကြည့်ရပါမယ်။ ဒါဆိုရင် ၁၉၉၀ ပြည့်နှစ်တွင်းမှာ ဖြစ် ပွားခဲ့တဲ့ မုဒိမ်းမှု အရေအတွက်က ၆၄၀ ၉၆၈ မှု ဖြစ်ပါတယ်။ ဒီစုစုပေါင်း အရည်အတွက်ကို တစ်နှစ်မှာ ရှိတဲ့ ရက်ပေါင်း ၃၆၅ ရက်နဲ့ စားကြည့်ရင် နေ့စဉ် မုဒိမ်းမှုပေါင်း ၁၇၅၆ မှုရှိနေတာကို တွေ့ကြရ ပါမယ်။
                ဒီထက် နောက်ပိုင်းကျတဲ့ နောက်ထပ် အစီရင်ခံစာ တစ်ခုမှာ ကျတော့ အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ် မုဒိမ်းမှုပေါင်း ၁၉၀ဝ ထိ ဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။ အမေရိကန်ပြည်ထောင်စု တရားရေး ဌာန (အမျိုးသား ရာဇဝတ်အမှုအခင်း ဆန်းစစ်လေ့လာချက် ဗြူရိုရဲ့ တရားရေး စာရင်းဇယား) အဆိုအရ ၁၉၉၆ ခုနှစ် တစ်နှစ်တည်းမှာပင် မုဒိမ်းမှုပေါင်း (၃၀၇၀၀၀) ဖြစ်ခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ ဒါဟာလဲ ဖြစ်ခဲ့သမျှ တကယ်ဖြစ်တဲ့ မုဒိမ်းမှုတွေရဲ့ ၃၁ ရာခိုင်နှုန်းကိုပဲ အစီရင်ခံ ထားတာဖြစ်ပါသတဲ့။ ဒါကြောင့် ၁၉၉၆ ခုနှစ်မှာ တကယ် ဖြစ်ခဲ့တဲ့ မုဒိမ်းမှုပေါင်းက ၃၀၇ ဝ၀ဝ x ၃ .၂၆၆= ၉၉၀ ၃၂၂ မှု ရှိခဲ့ပါတယ်။ အမေရိကန်မှာ ၁၉၉၆ ခုနှစ်တုံးက နေ့စဉ်မုဒိမ်းမှုပေါင်း ၂၇၁၃ မှု ရှိခဲ့ပါတယ်။ အမေရိကန်မှာ တစ်စက္ကန့် တစ်စက္ကန့်တိုင်းမှာ မုဒိမ်းမှုတစ်မှုနှုန်း ဖြစ်ခဲ့ပါတယ်။ အမေရိကန်မှာ မုဒိမ်းသမားတွေက ရှေ့ဆက်လို့ ပိုပိုပြီး အတင့်ရဲလာ စရာသာ ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ် အက်ဖ်ဘီအိုင် အစီရင်ခံစာအရ သိရတာကလဲ မုဒိမ်းသမားတွေထဲက ၁၀ ရာခိုင်နှုန်းကို သာ အရေးယူနိုင်ခဲ့ တယ်ဆိုတဲ့ သဘောပါပဲ။ အရေးယူခံရတဲ့အမှုထဲမှာလဲ ၅၀ ရာခိုင်နှုန်းက ရုံးတင် မစစ်ဆေးခင်ကတည်းက အမှုကနေ လွတ်သွား တယ်လို့ ဆိုပါတယ်။ ဒါကလဲ မုဒိမ်းသမားတွေထဲက ဝ .၈ ရာခိုင်နှုန်း ကိုသာ ရုံးတင်စစ်ဆေးနိုင်ခဲ့တဲ့သဘောပါပဲ။ တစ်နည်းပြောရရင် လူတစ်ဦး က မုဒိမ်းမှုကို ၁၂၅ ကြိမ် ကျူးလွန်ခဲ့ဦး၊ သူ့အနေနဲ့ တစ်ကြိမ်သာ အပြစ်ခံရကိန်း ရှိတယ်ဆိုတာကို ပြနေပါတယ်။ ဒီတော့ ဒါကို လူတိုင်းက လက်တည့်စမ်းချင်စရာ ဖြစ်နေရတာပေါ့။ အမေရိကန်ဥပဒေမှာ မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် ခုနစ်နှစ် အပြစ်ပေးရမယ်လို့ ဆိုထားပေမဲ့လဲ ဒီစီရင်ချက် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းဟာ ထောင်ဒဏ်တစ်နှစ်တောင် မကျခဲ့ကြရဖူးတဲ့။ မုဒိမ်းသမား တစ်ဦးအဖို့ တရားဥပဒေက သူ့အတွက် ပထမဆုံး သက်ညှာစွာ ဖေးဖေးမမနဲ့ လျှောက်လဲပေးမဲ့ စီရင်ချက်ကြီးလို ဖြစ်နေပါသေးတယ်။ ကဲ စဉ်းစားကြည့်စမ်းပါ။ လူတစ်ဦးက မုဒိမ်းမှုပေါင်း ၁၂၅ ကြိမ် ကျူးလွန်တယ်။ ရုံးတင်ပြီး စီရင်ချက်ချခံရတာက တစ်ကြိမ် တည်း။ ရုံးတင်ခံရသူ ၅၀ ရာခိုင်နှုန်းကို တရားသူကြီးက သက်သက်ညှာ ညှာနဲ့ ထောင်ဒဏ် တစ်နှစ်အောက်ပဲ ချဦးမှာဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ ဘယ်လောက်ထိ ချောင်သလဲ။ အတင့်ရဲစရာလဲဆိုတာ ကိုလေ။
(ဇ) အစ္စလာမ့်ဥပဒေကို အကောင်အထည်ဖော်ခဲ့ပါက ရရှိမဲ့ရလာဒ်
                အမေရိကန် ပြည်ထောင်စုမှာ အစ္စလာမ့်ဥပဒေကို ကျင့်သုံးခဲ့ပြီ ဆိုပါစို့။ သူတစ်ဦးက အမျိုးသမီးတစ်ဦးကို ကြည့်မိတိုင်း ကြည့်မိတိုင်းမှာ ရှက်ဖွယ်ရာ မတော်မတရား စိတ်ဆိုးတွေ ဝင်လာခဲ့ရင် သူ့မျက်လွှာကို သူချလိုက်မယ်။ မိန်းမသားတွေကလဲ ဟိဂျာဗ်ကို ဝတ်ဆင်ထားကြမယ်။ မျက်နှာနဲ့ လက်ကို လက်ကောက်ဝတ်အထိသာ ဖော်ထားပြီး တစ်ကိုယ်လုံး လုံလုံခြုံခြုံ ဝတ်စားထားမယ်။ အဲဒီအနေအထားထဲကတောင် အမျိုးသား တစ်ဦးက မုဒိမ်းမှုကို ကျူးလွန်ခဲ့မယ်ဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတာ ကို ခံရမယ်။ မေးရမဲ့မေးခွန်းက ဒါဆိုရင် အမေရိကမှာ မုဒိမ်းမှုနှုန်းထားက တိုးလာမှာလား၊ တန့်နေမှာလား၊ ဒီထက် ထိုးကျဆင်းသွားမှာလား၊ သဘာဝကျကျပြောရရင် ကျဆင်းသွားမှာသာ ဖြစ်ပါတယ်။ ဒါဟာ ရှရီအသ်ရဲ့ လက်ငင်းအကျိုး ကျေးဇူးပါပဲ။
(ဈ) လူ့ပြဿနာများအတွက် အစ္စလာမ်မှာ လက်တွေ့ကျတဲ့ အဖြေ များ ရှိနေသည်
                အစ္စလာမ်က အကောင်းဆုံးသော ဘဝလမ်းစဉ်ပါ။ ဘာကြောင့် လဲဆိုတော့ သွန်သင်ချက်တွေက သဘောတရားသက်သက် မဟုတ်လို့ လေလုံးထွားချက် သက်သက် မဟုတ်လို့ပါပဲ။ လူ့ဘဝပြဿနာ ခပ်သိမ်း အတွက် လက်တွေ့ကျတဲ့အဖြေတွေ ဖြစ်နေလို့ပါပဲ။ လူတစ်ဦးချင်း အတွက်ရော လူ့အစုအဝေးအတွက်ပါ အစ္စလာမ်က အကျိုးတရားများကို အောင်မြင် ဖြစ်ထွန်းစေနိုင်ပါတယ်။ အစ္စလာမ်က အကောင်းဆုံးသော ဘဝလမ်းစဉ်ပါ။ ဘာကြောင့်လဲဆိုရင် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ အတွက်ဆိုပြီး ဘောင်မကန့်ထားတဲ့ လက်တွေ့ကျလှတဲ့ ကမ္ဘာ့ဘာသာတရားတစ်ခု ဖြစ်နေလို့ပါပဲ။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com